၂၁ ရာစု ပင်လုံညီလာခံကို တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်အပေါ် အခြေခံ၍ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း နိုင်ငံတောင်၏အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ပြောကြား

Printer-friendly versionSend by email

နေပြည်တော် မေ ၂၇

၂၁ ရာစု ပင်လုံညီလာခံကို တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘော တူစာချုပ် (NCA) အပေါ် အခြေခံ၍ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲ ကော်မတီ (UPDJC) ၏ အခန်းကဏ္ဍသည် ဆက်လက် ရှင်သန်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ပြောကြားလိုက်သည်။

 

ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ Horizon Lake View Resort ၌ ကျင်းပရာ UPDJC ၏ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

 

အစည်းအဝေးတွင် ပထမဦးစွာ တက်ရောက်လာကြသူများက တစ်ဦးချင်း အပြန်အလှန် မိတ်ဆက်ကြပြီး နိုင်ငံတော်၏ အတိုင်းပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က နှုတ်ခွန်းဆက် စကား ပြောကြားသည်။

 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသော နှုတ်ခွန်းဆက်စကားမှာ အောက်ပါအတိုင်း ဖြစ်သည် -

 

“UPDJC ဖွဲ့စည်းပုံကိုတော့ ပြောင်းလဲရပါလိမ့်မယ်။ ဒါတွေကိုလည်း ဆက်ပြီး တော့ ဒီနေ့အစည်းအဝေးနဲ့ မနက်ဖြန် အစည်းအဝေးတွေမှာ ဆွေးနွေး သွားမှာဖြစ်ပါ တယ်။ အပြောင်းအလဲ ဆိုတာကလည်း နိုင်ငံရေး အပြောင်းအလဲတွေနဲ့ ကိုက်ညီအောင် နောက်ပြီး နောင်အနာဂတ်မှာ ကျွန်မတို့ လိုအပ်ချက်တွေနဲ့လည်း ကိုက်ညီအောင် ပြောင်းလဲ သင့်တဲ့နေရာမှာ ပြောင်းလဲ သွားမှာဖြစ်ပါတယ်။ ဒီလိုပြောင်းလဲခြင်းအားဖြင့် ကျွန်မတို့ရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ပိုပြီး အထောက်အကူပြုနိုင်မယ်လို့ ယုံကြည်လို့ ပြောင်းလဲရတာ ဖြစ်ပါတယ်။”

 

“အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ကိုယ်စားပြုတက်တာ မဟုတ်ပေမယ့်လည်း တောက်လျှောက် ငြိမ်းချမ်းရေး ဖြစ်စဉ်နဲ့ ဆက်သွယ်တဲ့အခါမှာ၊ ငြိမ်းချမ်းရေးဖြစ်စဉ်ထဲမှာပါတဲ့ ပုဂ္ဂိုလ်တွေနဲ့ ညှိနှိုင်း ဆွေးနွေးတဲ့ အခါမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ အနေနဲ့ ညှိနှိုင်းဆွေးနွေးခဲ့တာ အများကြီး ရှိပါတယ်။ အဲဒီအချိန်က ရပ်တည်ခဲ့တဲ့ မူဝါဒတွေအတိုင်း ဆက်လက်ပြီး ရပ်တည် သွားမှာပါ။ ဘာဖြစ်လို့ ပြောရသလဲဆိုတော့ အခု ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီကို ဖွဲ့စည်းတဲ့ကိစ္စတွေ၊ တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘော တူစာချုပ်ကနေ ခွင့်ပြုထားတဲ့ ပြုပြင် ပြောင်းလဲနိုင်တဲ့ နေရာတွေမှာ ပြုပြင်ပြောင်းလဲမယ့်ကိစ္စတွေဟာ တစိုက်မတ်မတ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တင်ပြတဲ့မူတွေအရ လုပ်သွားမှာပါ။ အခုမှ ပြောင်းလဲပြီး လုပ်သွားမှာ မဟုတ်ပါဘူး။”

 

“ယခုအစည်းအဝေးရဲ့ အဓိကရည်ရွယ်ချက်က ငြိမ်းချမ်းရေးဖြစ်စဉ် ဆက်လက်ပြီး ချောချောမွေ့မွေ့ ဖြစ်စေဖို့ဖြစ်ပါတယ်။ MPC ကို ပြန်လည်ဖွဲ့စည်းရေးလည်းဖြစ် ပါတယ်။ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ အတွက် ပြင်ဆင်ရေးဖြစ်ပါတယ်။ တချို့က ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံနဲ့ ၂၁ ရာစု ပင်လုံ ညီလာခံကို တစ်ခုစီဖြစ်မှာလား လို့ မေးကြပါတယ်။ တစ်ခုတည်းပါ။ နာမည် တစ်ခုတည်းမဟုတ်ဘဲ နာမည် နှစ်ခုသုံး တယ်ဆိုတာက ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံဆိုတာကလည်း အင်မတန်မှ တင့် တယ်ပြီး အများကနှစ်သက်တဲ့ နာမည်တစ်ခု ဖြစ်သလို ၂၁ ရာစု ပင်လုံဆိုတာကလည်း အများ နှစ်သက်တဲ့ဟာ ဖြစ်ပါတယ်။ နှစ်ခုစလုံးက အတူတူပါပဲ။”

 

“အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အရင်နှစ် နိုဝင်ဘာလက ရွေးကောက်ပွဲအောင် ပြီးတော့မှ တစ်မျိုး စိတ်ပြောင်းပြီးမှ လုပ်တာတွေဘာမှမပါပါဘူး။ တစိုက်မတ်မတ်မူအရ ငြိမ်းချမ်းရေးအတွက် လိုအပ်တယ် ထင်ပြီး တင်ပြခဲ့တဲ့ အချက်အလက်တွေနဲ့ ကိုက်ညီစွာ ပြုပြင်ပြောင်းလဲဖို့သင့်တယ်လို့ ထင်တဲ့နေရာမှာတွေ ပြုပြင်ပြောင်းလဲသွား မှာဖြစ်ပါတယ်။ ဒီမှာတက်လာတဲ့ UPDJC အဖွဲ့ဝင်တွေထဲမှာ ဆိုရင် တိုင်းရင်းသားတွေ ဘက်ကလည်း ပါပါတယ်။ နိုင်ငံရေးအဖွဲ့အစည်းတွေဘက်ကလည်း ပါပါတယ်။ အရပ် ဖက်အဖွဲ့ အစည်းတွေဘက်ကလည်းပါပါတယ်။ အစိုးရ ဘက်ကလည်း ပါပါတယ်။ ဒီလို အဖက်ဖက်က ပါလာတဲ့နေရာမှာ အစိုးရဘက်ဆိုရင်တော့ ပုဂ္ဂိုလ်တွေကပြောင်းသွားပါ ပြီ။ ထမ်းဆောင်တဲ့တာဝန်အရ ဆက်ပြီးပါတဲ့ ပုဂ္ဂိုလ်တွေရှိပါတယ်။ အခု ဝန်ကြီးတွေက အရင်ကဝန်ကြီးတွေ မဟုတ်ပေမယ့် အရင်ကပါဝင်လာခဲ့တဲ့ ဝန်ကြီးဌာနတွေကို ကိုယ် စားပြုပါတယ်။”

 

“အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပါဝင်တဲ့ ၃ ယောက်ကတော့ အရင်ကတည်း က ပါဝင်ခဲ့တာပါ။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအဖွဲ့ဝင်တွေကလည်း အရင်က တည်းက ပါဝင်ခဲ့တာဖြစ် ပါတယ်။ အခြားနိုင်ငံရေးပါတီများက ပါဝင်ခဲ့တဲ့အဖွဲ့အစည်း တွေကလည်း အခုဒီအချိန် ဒီအစည်းဝေးမှာတော့ ပါဝင်နေပါတယ်။ ဒါတွေက အပြောင်း အလဲရှိမယ်ဆိုတာ ကျွန်မပြောလိုပါတယ်။ အပြောင်းအလဲရှိမယ်ဆိုတာ ရွေးကောက်ပွဲ ရလဒ်အရတင်မဟုတ်ပါဘူး။ ကျွန်မတို့အနေနဲ့ မူအရလည်း ပြောင်းလဲသင့်တယ်လို့ ထင်တဲ့နေရာတွေမှာ ပြောင်းလဲမှာဖြစ်ပါတယ်။ နိုင်ငံရေး အဖွဲ့အစည်းများနဲ့ ပတ်သက် လို့ရှိရင် မြန်မာနိုင်ငံမှာ လက်ရှိနိုင်ငံရေးအဖွဲ့အစည်း ၉၀ ကျော်ရှိပါတယ်။ ၉၀ ကျော် တဲ့ အဖွဲ့အစည်းများအားလုံးကို ငြိမ်းချမ်းရေးညီလာခံထဲမှာ ကိုယ်စားပြုရေး၊ မပြုရေး ဆိုတာ တစ်ယောက်နဲ့ တစ်ယောက် သဘောထားတူညီမှုတွေ မရှိပါဘူး။”

 

“ကျွန်မတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ အရင်တုန်းကလည်း ပြောခဲ့ပါတယ်။ အခုလည်း အဲဒီမူအတိုင်း ဆက်လက်ရပ်တည်သွားမှာပါ။ နိုင်ငံရေးအဖွဲ့အစည်းများရဲ့ ပါဝင်မှု ဟာ နိုင်ငံရေး အဖွဲ့အစည်းများက ပြည်သူလူထုကို လွှတ်တော်အသီးသီး မှာ ကိုယ်စားပြုမှုအပေါ်မှာ အခြေခံပြီးတော့ ဆောင်ရွက်ရမယ်လို့ ယုံကြည်ပါတယ်။ ပြောချင်တာက ၉၀ ကျော်သော နိုင်ငံရေးပါတီအားလုံးမဟုတ်ဘဲနဲ့ လွှတ်တော်တစ်ခု သို့မဟုတ် တစ်ခုမှာ အနည်းဆုံး ကိုယ်စားလှယ်တစ်ဦး ပါဝင်တဲ့ နိုင်ငံရေးပါတီများ ကိုသာ ငြိမ်းချမ်းရေးညီလာခံထဲမှာ ကိုယ်စားလှယ် အဖြစ်နဲ့ ထည့်ဖို့ဆိုတာကို ကိုင်စွဲထား ပါတယ်။ ဒီလိုပြောခြင်းအားဖြင့် ကျန်တဲ့နိုင်ငံရေးပါတီတွေဟာ ငြိမ်းချမ်းရေးညီလာခံနဲ့ ဆက်စပ်မှုမရှိတော့ဘူးလား ဆိုပြီးတော့ မေးခွန်း ထုတ်နိုင်ပါတယ်။ ဆက်စပ်မှုရှိပါတယ်။ ဘာလို့လည်းဆိုတော့ လူမှုအဖွဲ့အစည်း CSO တွေပေါ့။ CSO ရဲ့ကဏ္ဍနဲ့ပတ်သက်လို့ လည်း တချို့ကမေးပါတယ်။ CSO ကဏ္ဍဆိုတာ ငြိမ်းချမ်းရေး ဖြစ်စဉ်ထဲမှာ သမိုင်းအရ ကျွန်မတို့ ကမ္ဘာကြီးရဲ့ ခေတ်သစ်သမိုင်းရ အမျိုးမျိုးပုံစံတွေနဲ့ ပါဝင်ခဲ့ကြပါတယ်။ တစ်ချို့နိုင်ငံတွေမှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲထဲမှာ ထည့်ပြီးတော့ လုပ်ဆောင်တာတွေ လည်း ရှိတယ်။ တစ်ချို့ကျတော့ မျဉ်းပြိုင်အနေနဲ့ ဖိုရမ်တစ်ခုအနေနဲ့ CSO တွေက ပါဝင်ပြီးတော့ ဆောင်ရွက်တာတွေလည်း ရှိပါတယ်။ ကျွန်မတို့အနေနဲ့ ဒုတိယ နည်းလမ်းကို သွားမယ်ဆိုပြီးတော့ စဉ်းစားထားပြီး ဖြစ်ပါတယ်။”

 

“ကျွန်မတို့ နိုင်ငံမှာ လူမှုအဖွဲ့အစည်း (CSO) တွေလည်း များလာပါပြီ။ CSO တွေကိုပါ ငြိမ်းချမ်း ရေး ညီလာခံထဲမှာ ထည့်လိုက်မယ်ဆိုရင် အင်မတန်မှ ဖောင်းပွသွားနိုင်ပါတယ်။ ညီလာခံရဲ့အဓိက လိုအပ်ချက်တော့ ထိထိမိမိနဲ့ နိုင်ငံရေးဖြစ်စဉ်တွေကို အကောင်အထည် ဖော်ပေးနိုင်ဖို့ဖြစ်ပါတယ်။ ဒါကြောင့် CSO ဖိုရမ်တစ်ခု ထူထောင်မယ်လို့ မူအရ စဉ်းစားထားပြီး လုပ်သွားမှာဖြစ်ပါတယ်။ ဒီနေ့ အဓိကကတော့ UPDJC ကို ပြန်လည် ဖွဲ့စည်းရေးပဲဖြစ်ပါတယ်။ UPDJC ပြန်လည်ဖွဲ့စည်းတဲ့ကိစ္စတွေမှာ အခုလက်ရှိ UPDJC ထဲမှာ ပါနေတဲ့ အဖွဲ့ဝင်များ အားလုံးရဲ့ သဘောထားအမြင်တွေကို သိချင်ပါတယ်။ အသစ် ပါဝင်လာတဲ့ အဖွဲ့ဝင်တွေရဲ့ သဘောထား အမြင်တွေကိုလည်း တင်ပြမှာ ဖြစ်ပါတယ်။

 

ဒီလိုအမြင်ချင်းဖလှယ်ပြီးတော့ နောက်ဆုံး ဆုံးဖြတ်ချက်ကိုချမှာပါ။ သိပ်ပြီးတော့ အချိန်ဆွဲလို့လည်း မရပါဘူး။ UPDJC ပြန်လည်ဖွဲ့စည်းရေးကို အမြန်ဆုံးပြီးအောင် လုပ်ရမယ်ဆိုတာဟာ ဒါကို ဖွဲ့စည်းပြီးမှ ငြိမ်းချမ်းရေးညီလာခံ အထူးပြင်ဆင်မှုတွေကို ဆက်လက်ပြီးတော့ လုပ်ကိုင်သွားနိုင်မှာ ဖြစ်ပါတယ်။”

 

ယင်းနောက် UPDJC ဒုတိယဥက္ကဋ္ဌများဖြစ်သည့် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ပဒိုစောကွယ်ထူးဝင်းနှင့် ဦးသုဝေတို့က နှုတ်ခွန်းဆက်စကားများ ဆက်လက် ပြောကြားသည်။

 

ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြည်ထောင်စုငြိမ်းချမ်း ရေးဆွေးနွေးမှု ပူးတွဲကော်မတီ ပြန်လည်ဖွဲ့စည်းမှုနှင့် ရှေ့လုပ်ငန်းစဉ်များအား ရှင်းလင်း ပြောကြားရာ တက်ရောက် လာကြသူများက ဆွေးနွေး အကြံပြုတင်ပြခဲ့ကြသည်။ ဆွေးနွေးတင်ပြချက်များကို ဒေါ်အောင်ဆန်းစုကြည်က ပြန်လည် ရှင်းလင်း ပြောကြားသည်။

 

ယင်းနောက် အစည်းအဝေးကို ခေတ္တရပ်နားပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဟိုတယ်မှ ပြန်လည် ထွက်ခွါသည်။

 

၎င်းနောက် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီအစည်းအဝေး ကို ဆက်လက် ကျင်းပပြီး ညနေ ၅ နာရီတွင် ရပ်နားခဲ့သည်။

 

ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ ပြင်ဆင်ဖွဲ့စည်းမှု၊ ရှေ့လုပ်ငန်းစဉ်များ ပြန်လည် သတ်မှတ်မှုဆိုင်ရာ အစည်းအဝေးကို မေလ၂၈ ရက် နံနက်ပိုင်းတွင် ယင်းဟိုတယ်၌ပင် ဆက်လက် ကျင်းပသွားမည် ဖြစ်သည်။