နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အမျိုးသားပြတိုက် (နေပြည်တော်) အား ကြည့်ရှုစစ်ဆေး

Printer-friendly versionSend by email

နေပြည်တော် မေ ၃၁

မြန်မာ့ယဉ်ကျေးမှုအမွေအနှစ် ပစ္စည်းများနှင့် သမိုင်းကြောင်းဆိုင်ရာပစ္စည်းများကို ခင်းကျင်းပြသ ရာတွင် အထောက်အထား ခိုင်ခိုင်မာမာဖြင့် ပြသရန်နှင့် ပြတိုက်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပြည်ပ အဖွဲ့အစည်းများနှင့် ဆက်သွယ်ညှိနှိုင်းဆောင်ရွက်ရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နေပြည်တော် ဥတ္တရသီရိမြို့နယ် အမျိုးသားပြတိုက် (နေပြည်တော်) တွင် ကြည့်ရှုစစ်ဆေးစဉ် ပြောကြားခဲ့သည်။

 

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ နံနက်ပိုင်းက အမျိုးသားပြတိုက် (နေပြည်တော်) သို့ ရောက်ရှိပြီး ပရိုင်းမိတ် နှင့် ကျောက်ဖြစ်ရုပ်ကြွင်းပြခန်း၊ သမိုင်းမတင်မီခေတ် (ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်) ပြခန်း၊ သမိုင်းတင်ခေတ်ဦး (ဘီစီ ၂ ရာစုမှ အေဒီ ၉ ရာစု) ပြခန်း၊ သမိုင်းတင်ခေတ် (အေဒီ ၁၁-၁၄ ရာစု) ပြခန်းများကို လှည့်လည် ကြည့်ရှုရာ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ သမိုင်းသုတေသနနှင့် အမျိုးသား စာကြည့်တိုက် ဦးစီးဌာန တာဝန်ခံညွှန်ကြားရေးမှူးချုပ်၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာဒေါ်နန္ဒာမွှန်း နှင့် တာဝန်ရှိသူ များက ရှင်းလင်းပြသကြသည်။

 

အမျိုးသားပြတိုက်(နေပြည်တော်)သည် နေပြည်တော်ဥတ္တရသီရိမြို့နယ် ရာဇသင်္ဂဟလမ်းမကြီး ပေါ်တွင် တည်ရှိပြီး အမျိုးဂုဏ်၊ ဇာတိဂုဏ် ဖော်ထုတ် ပြသရန်၊ ကြွယ်ဝပြီး အဆင့်အတန်းမြင့်သည့် မိမိတို့လူမျိုး၏ အဆင့်ဆင့် တိုးတက်ပြောင်းလဲလာသော ယဉ်ကျေးမှုအမွေအနှစ်များကို ဖော်ထုတ်ပြသ ရန်၊ မိမိတို့လူမျိုး၏ Soft power စွမ်းဆောင်ချက်များကို ပြသရန်၊ မိမိနိုင်ငံ၊ လူမျိုး၏ ဂုဏ်ဒြပ်နှင့် ညီသော၊ နိုင်ငံတော်အဆင့်နှင့်ညီသော ပြတိုက်ဖြစ်အောင် တည်ဆောက်ရန်နှင့် ခေတ်မီ၊ ဆွဲဆောင်မှု ရှိပြီး အဆင့်အတန်းမြင့်မား၍ ထိန်းသိမ်းမှုစနစ်မှန်ကန်သော ပြတိုက်အဖြစ် တည်ဆောက်ရန် ဟူသော ရည်ရွယ်ချက်များဖြင့် တည်ဆောက်ထားခြင်းဖြစ်ပြီး ၂ဝ၁၅ ခုနှစ် ဇူလိုင် ၅ ရက်မှစတင်၍ ပြည်သူများ ကြည့်ရှုလေ့လာနိုင်ရန် ဖွင့်လှစ်ပြသလျက် ရှိသည်။