နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် စင်ကာပူသမ္မတနိုင်ငံဝန်ကြီးချုပ် မစ္စတာ လီရှန်လုံးတို့ တွေ့ဆုံဆွေးနွေး

Printer-friendly versionSend by email

နေပြည်တော် ဇွန် ၇

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် စင်ကာပူသမ္မတ နိုင်ငံဝန်ကြီးချုပ် မစ္စတာ လီရှန်လုံးနှင့် ယနေ့မွန်းလွဲပိုင်းတွင် နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင်ဧည့်ခန်းမ၌ တွေ့ဆုံသည်။

 

တွေ့ဆုံစဉ် ၁၉၉၉ ခုနှစ်က ချုပ်ဆိုခဲ့သော နှစ်နိုင်ငံအကြား အခွန်နှစ်ထပ် မဖြစ်စေရေး သဘောတူ စာချုပ်ကို ခေတ်အခြေအနေနှင့်အညီ ပြန်လည် သုံးသပ်၍ ပြင်ဆင် ချုပ်ဆိုနိုင်ရေး၊ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ နှစ်နိုင်ငံ သဘောတူစာချုပ် ချုပ်ဆိုနိုင်ရေး၊ စင်ကာပူ လေကြောင်းလိုင်းများ မြန်မာနိုင်ငံ မြို့ကြီးများသို့ တိုက်ရိုက် ပျံသန်း ပို့ဆောင်ပေးသည့် သီးသန့်ခရီးစဉ် ပြေးဆွဲရေး အပါအဝင် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာ-စင်ကာပူ သက်မွေး ပညာ သင်တန်းကျောင်း၌ ဝန်ဆောင်မှုနှင့် အသက်မွေးဝမ်းကြောင်းဆိုင်ရာ သင်တန်းများ တိုးမြှင့်ဖွင့်လှစ်သင်ကြားရေး တို့ကို ဆွေးနွေးကြသည်။

 

ထို့အပြင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် နိုင်ငံတကာ မျက်နှာစာများ၊ နိုင်ငံတကာကိစ္စရပ်များတွင် အာဆီယံကိုယ်စား တက်ကြွစွာ ဦးဆောင်မှုပေးရေး ကိုလည်း ဆွေးနွေးခဲ့ကြသည်။

 

တွေ့ဆုံပွဲအပြီးတွင် နှစ်နိုင်ငံအကြား သာမန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများ ရက် (၃၀) ဗီဇာ ကင်းလွတ်ခွင့်ဖြင့် အပြန်အလှန် သွားရောက်နိုင်ရေး သဘောတူညီချက်ကို ဒုတိယဝန်ကြီး ဦးကျော်တင်နှင့် မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူသံအမတ်ကြီး မစ္စတာ ရောဘတ်ချွာတို့က  လဲလှယ် ခဲ့ကြသည်။

 

အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ဦးသန့်စင်မောင်၊ ဒေါက်တာမျိုးသိမ်းကြီး၊ ဦးအုန်းမောင်၊ ဒုတိယဝန်ကြီး ဦးကျော်တင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။