အမှတ်(၁) ရဲလေ့ကျင့်ရေးကျောင်း (ရမည်းသင်း) အား စံပြရဲသင်တန်းကျောင်း ဖြစ်လာစေရေး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်မျှော်မှန်း

Printer-friendly versionSend by email

နေပြည်တော် ဇွန် ၈

ရဲသင်တန်းသားများ၏ လိုအပ်ချက်များ၊ မျှော်လင့်ချက်များကို ဖြည့်ဆည်း မပေးနိုင်လျှင် အဖိုးတန် ရဲများ မွေးထုတ်ပေးရာတွင် ပြဿနာရှိနိုင်ကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ အမှတ် (၁) ရဲလေ့ကျင့်ရေး ကျောင်းကို ရဲတပ်ဖွဲ့ သင်တန်းကျောင်းများ၏ စံပြသင်တန်းကျောင်း အဖြစ် အဆင့်မြှင့်တင် ဖွင့်လှစ် နိုင်ရန် ရည်ရွယ်ထားပြီး လိုအပ်သည့် အခြေခံ လိုအပ်ချက်များကို ကော်မတီဖွဲ့စည်းကာ ညှိနှိုင်း ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့ရှိ အမှတ် (၁) ရဲလေ့ကျင့်ရေးကျောင်းတွင် ယနေ့ ကျင်းပသည့် အကြမ်းဖက် တိုက်ဖျက်ရေး အနီးကပ် တိုက်ခိုက်နည်းနှင့် လေ့ကျင့်ရေး သင်တန်းသူ များ၏ လက်တွေ့အသုံးချ ဖမ်းဆီးထိန်းသိမ်းနည်း သရုပ်ပြပွဲ အခမ်းအနားအပြီးတွင် ပြောကြားသည်။

 

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲချုပ် ရဲချုပ်ဇော်ဝင်းတို့ပါဝင်သည့် တာဝန်ရှိသူများနှင့်အဖွဲ့သည် ယနေ့ နံနက် ၉ နာရီခွဲက မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ်ရှိ အမှတ် (၁) ရဲလေ့ကျင့်ရေးကျောင်းသို့ သွားရောက်ကာ သရုပ်ပြပွဲ အခမ်းအနားကို တက်ရောက်ခဲ့ကြပြီး သင်တန်းကျောင်းမှ တာဝန်ရှိသူများ၊ သင်တန်းသူများနှင့် တွေ့ဆုံခဲ့သည်။

 

ပထမဦးစွာ သတင်းရဲတပ်ဖွဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေးဌာနမှ အမျိုးသမီး တပ်ဖွဲ့ဝင်များ၏ အနီးကပ် တိုက်ခိုက်နည်း သရုပ်ပြခြင်း ဆိုင်ရာများဖြစ်သည့် တစ်ဦးချင်းနှင့် အနီးကပ်တိုက်ခိုက်သည့် “ခတ္တာပြကွက်” အပါအဝင် အနီးကပ် တိုက်ခိုက်ခြင်း ပြကွက် (၁၀) ခုအားပြသမှုကို ကြည့်ရှု အားပေးသည်။

 

ထို့နောက် အမှတ် (၁) ရဲလေ့ကျင့်ရေးကျောင်းမှ သင်တန်းသူများက မသင်္ကာသူ တစ်ဦးအား ရှာဖွေခွင့် တောင်းခံပြီး ရှာဖွေခြင်း၊ ခန္ဓာကိုယ်အား အသေးစိတ် ရှာဖွေခြင်း၊ တရားခံအား ထိန်းချုပ်ခြင်း၊ ရန်ပြုလာသူအား ဖမ်းဆီးထိန်းချုပ်ကာ ရဲစခန်းသို့ ထိန်းသိမ်း ခေါ်ဆောင်သွားခြင်းဆိုင်ရာ သရုပ်ပြကွက်စသည့် လက်တွေ့အသုံးချ ဖမ်းဆီး ထိန်းသိမ်းနည်းများကို သရုပ်ပြသကြသည်။

 

သရုပ်ပြ အခမ်းအနားအပြီးတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တာဝန်ရှိသူ များအား အမှတ်(၁) ရဲလေ့ကျင့်ကျောင်းမှ တာဝန်ရှိသူများက သင်တန်းကျောင်း၏ သမိုင်းအကျဉ်းနှင့် လက်ရှိ အခြေအနေ များကို လည်းကောင်း၊ အဆင့်မြင့် သင်တန်းသား ဦးရေ ၁၀၈၆၇ ဦးနှင့် အခြေခံရဲတပ်သား ၅၅၃၈၄ ဦးအထိ ဖွင့်လှစ်နိုင်ခဲ့မှု အခြေအနေများကို လည်းကောင်း၊ လက်ရှိတွင် အမျိုးသမီး (ရဲတပ်သားသစ်) လေ့ကျင့်ရေးကျောင်းအဖြစ် ပြောင်းလဲဖွင့်လှစ်ခဲ့မှုနှင့် တပ်ဖွဲ့ဝင်အင်အားများကို လည်းကောင်း၊ လေ့ကျင့်ရေးလုပ်ငန်းများအတွက် လိုအပ်ချက်များကို လည်းကောင်း ရှင်းလင်း တင်ပြကြသည်။

 

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က သင်တန်းကျောင်းအတွင်း အခြေခံလိုအပ်ချက်များ ဖြစ်သည့် ရဲဝတ်စုံ လုံလောက်မှု ရှိမရှိ၊ လျှပ်စစ်မီး၊ သောက်သုံးရေ ဖူလုံစေရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှု များ၊ အဆောက်အအုံ လိုအပ်ချက်များကို ထောက်ပြ ဆွေးနွေးခဲ့ပြီး အဆိုပါသင်တန်းကျောင်းသည် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ဖွင့်လှစ်သည့် ရဲလေ့ကျင့်ရေးကျောင်းများအနက် စံပြသင်တန်းကျောင်းအဖြစ် အမြန်ဆုံး အကောင် အထည်ဖော်နိုင်ရန် လိုအပ်သည့် အခြေခံ လိုအပ်ချက်များကို ဦးစွာ ဖြည့်ဆည်း ဆောင်ရွက်ပေးရန် ကော်မတီဖွဲ့စည်းပေးမည်ဖြစ်သည့်အပြင် နိုင်ငံတကာ ရဲသင်တန်း ကျောင်းများနှင့် ကိုက်ညီသည့် စံပြသင်တန်းကျောင်းတစ်ခုအဖြစ် ကြိုးပမ်းပေးသွားမည် ဖြစ်ကြောင်း လမ်းညွှန် မှာကြားခဲ့သည်။

 

ထို့နောက် ရဲတပ်ဖွဲ့ဆိုင်ရာ စာတွေ့သင်ကြားနေမှုများကို လိုက်လံကြည့်ရှုခဲ့ပြီး သင်တန်းသူ တစ်ဦးချင်းအလိုက် လိုအပ်ချက်များနှင့် သင်တန်းတက်ရောက်စဉ် ကြုံတွေ့ရသည့် အခက်အခဲများ၊ စိန်ခေါ်မှုများကို မေးမြန်းဆွေးနွေးခဲ့သည်။ ထို့ပြင် သင်တန်းမှ မျှော်လင့်ထားသည့် အရည်အသွေး များနှင့် ရဲတပ်ဖွဲ့ဝင် ရဲမေတစ်ဦး အနေဖြင့် လိုအပ်သည့် စိတ်ဓာတ် အရည်အသွေးဆိုင်ရာများကို ရှင်းလင်း ဆွေးနွေး ခဲ့သည်။

 

“ရဲသင်တန်းသားတွေရဲ့ လိုအပ်ချက်တွေ၊ မျှော်လင့်ချက်တွေကို မဖြည့်ဆည်းပေးနိုင်ရင် အဖိုးတန်တဲ့ ရဲတွေ မွေးထုတ်ပေးတဲ့နေရာမှာ ပြဿနာရှိနိုင်ပါတယ်။ ရဲသင်တန်းကို အကောင်းဆုံးဖြစ်အောင် မြှင့်တင်ပေးချင်ပါတယ်။ နေ့ချင်းညချင်း ဖြစ်နိုင်ဖို့ ဆိုတာတော့ မလွယ်ပါဘူး။ ကိုယ့်နိုင်ငံရဲ့ ဘဏ္ဍာရေး အခြေအနေအရ လုပ်ပေးရမှာပါ။ သင်တန်းသားတွေ အနေနဲ့လည်း ဆရာတွေနဲ့ ဆွေးနွေးတင်ပြပြီး အတ္တမပါဘဲ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကြီး တစ်ခုလုံး အဆင့်မြင့်မားလာဖို့ အကြံပြုသင့်တယ်” ဟု သင်တန်းသူ ရဲမေများနှင့် သင်ကြားရေး တာဝန်ခံများအား ဒေါ်အောင်ဆန်းစုကြည်က မှာကြားခဲ့ သည်။

 

ထို့နောက် သင်တန်းကျောင်းအတွင်းရှိ တပ်ခွဲများ၊ သင်တန်း အိပ်ဆောင်များနှင့် သင်တန်းကျောင်းမှ အိမ်ရာများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ရဲတပ်ဖွဲ့ဝင်များ၏ မိသားစုများ နှင့် ရင်းရင်းနှီးနှီး တွေ့ဆုံကာ နေထိုင်မှု၊ ကျန်းမာရေး စောင့်ရှောက်မှုနှင့် တာဝန်ချထားမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။