နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် မွန်ဂိုလီးယားနိုင်ငံသမ္မတတို့ တွေ့ဆုံဆွေးနွေး

Printer-friendly versionSend by email

 

နေပြည်တော် ဇွန် ၁၅

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် မွန်ဂိုလီးယားနိုင်ငံ သမ္မတ H. E. Mr. ELBEGDORJ Tsakhia နှင့် ယနေ့ မွန်းလွဲ ၂ နာရီခွဲတွင် နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ တွေ့ဆုံသည်။

 

တွေ့ဆုံစဉ် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနှင့် တရားဥပဒေစိုးမိုရေး လုပ်ငန်းများ၊ မြန်မာနိုင်ငံ၏ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဆောင်ရွက်နေမှုလုပ်ငန်းစဉ်များ၊ သယံဇာတနှင့် သဘာ၀ အရင်းအမြစ်များ ထိန်းသိမ်းရေးကဏ္ဍ၊ သတ္တုကဏ္ဍ၊ ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေးကဏ္ဍ၊ လျှပ်စစ်စွမ်းအင်ကဏ္ဍ၊ ဒီမိုကရေစီ အစဉ်အလာကောင်းနှင့် တာဝန်သိ တာဝန် ကျေပွန်သော မီဒီယာများ၏ အခန်းကဏ္ဍတို့နှင့် စပ်လျဉ်း၍ အမြင်ချင်း ဖလှယ်ကာ ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်နိုင်ရေးအတွက် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

 

ထို့ပြင် မွန်ဂိုလီးယားသမ္မတကလည်း မွန်ဂိုလီးယားနိုင်ငံ၏ ဧည့်သည်တော်အဖြစ် လာရောက်ခဲ့ပြီး နောက် ရွေးကောက်ပွဲ အောင်မြင်ပြီးသည့် လက်ရှိအချိန်တွင် နိုင်ငံတော်၏အတိုင်ပင်ခံအဖြစ် မွန်ဂို လီးယားနိုင်ငံသို့ ချစ်ကြည်ရေးခရီး လာရောက်လည်ပတ်နိုင်ပါရန်နှင့် မွန်ဂိုလီးယားနိုင်ငံတွင် ကျင်းပမည့် (၁၁) ကြိမ်မြောက် အာရှ-ဥရောပ အစည်းအဝေးသို့ တက်ရောက်နိုင်ရန် ထပ်မံ ဖိတ်ကြားခဲ့သည်။

 

အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ဒေါက်တာဖေမြင့်၊ သူရ ဦးအောင်ကို၊ ဦးအုန်းဝင်း၊ ဦးကျော်ဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး မွန်ဂိုလီးယားနိုင်ငံသမ္မတ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ မွန်ဂိုလီးယားနိုင်ငံ သံအမတ်ကြီး လည်း တက်ရောက်သည်။