ပညာရေးဝန်ထမ်းများအနေဖြင့် စေတနာ၊ ဝါသနာ၊ အနစ်နာစိတ်ဓာတ်စွမ်းအား အပြည့်ဖြင့် အခြေခံညာကို ခိုင်မာ၍ လေးစားတန်ဖိုးထားထိုက်အောင် ဆောင်ရွက်ရန် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်မှာကြား

Printer-friendly versionSend by email

နေပြည်တော် ဇူလိုင် ၂၁

အခြေခံပညာသင် ဆရာ ဆရာမများအနေဖြင့် ပညာရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် စေတနာ၊ ဝါသနာ၊ အနစ်နာဖြင့် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ အနစ်နာဆိုသည်မှာ စေတနာနှင့် ဝါသနာအပေါ် အခြေခံရမည်ဖြစ်ကြောင်း၊ စေတနာ၊ ဝါသနာမှန်ပါက အနစ်နာခံနိုင်သည့် စိတ်၊ အနစ်နာခံချင်သည့် စိတ်၊ အနစ်နာခံနိုင်သည့် စွမ်းအားများရှိလာမည်ဖြစ်ကြောင်း၊ အခြေခံပညာကို ခိုင်မာအောင်လုပ်ရန် အရေးကြီးကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

 

နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ အားကစားကျေးရွာ (Gold Camp, Gold Medal Hall) ၌ ယနေ့ နံနက် ၉ နာရီတွင် ကျင်းပသည့် ပညာရေးဝန်ကြီးဌာန ၂ဝ၁၆ ခုနှစ် ပညာရေး မြှင့်တင်မှု အကောင် အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲ (အခြေခံပညာကဏ္ဍ) ဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ထိုသို့ ပြောကြား ခြင်းဖြစ်သည်။

 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က မိဘများသည် သားသမီးများကို အကောင်းဆုံးဖြစ်စေချင်သဖြင့် ကိုယ့်ထက်ပိုပြီးတတ်သော၊ ကိုယ့်ထက်ပိုပြီးကျွမ်းကျင်သော သူများလက်ထဲကိုထည့်၍ သားသမီး များအား ပြုစုပျိုးထောင်လိုသောစိတ်ဓာတ်ဖြင့် ကျောင်းသို့ပို့ခြင်းဖြစ်ကြောင်း၊ မိဘများက ကျောင်း များကို အားကိုးပြီး လေးစား တန်ဖိုးထားကြကြောင်း၊ ကျောင်းများသည် အမှန်တကယ် အားကိုး ထိုက်အောင်၊ လေးစား ထိုက်အောင်၊ တန်ဖိုးထား ထိုက်အောင် ရှိရဲ့လားဆိုသည်ကို ပညာရေးနှင့် ပတ်သက် ပါဝင်သည့် ပုဂ္ဂိုလ်များအားလုံး စဉ်းစားရမည့် ကိစ္စဖြစ်ကြောင်း၊ ထို့ပြင် ကလေးများဘဝကို ရင်ဆိုင်နိုင်မည့် အခြေအနေကိုပေးနိုင်မည့် ခိုင်မာသော အုတ်မြစ်များချပေးနိုင်သည့် ပညာရေးစနစ် တစ်ခု ဖြစ်ရဲ့လား ဆိုသည်ကိုလည်း စဉ်းစားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ဆက်လက်၍ မူလတန်းပညာကို လွန်စွာအလေးထားပါကြောင်း၊ မူလတန်း သင်ရသည့်အလုပ်သည် အခက်ခဲဆုံးနှင့် အရေးအပါဆုံးဆိုသည်ကို လက်ခံထား၍ဖြစ်ပါကြောင်း၊ အစကောင်းမှ အနှောင်း သေချာမည် ဖြစ်သည့်အတွက် အစကောင်းအောင် လုပ်ပေးရသည့် မူလတန်းအဆင့် ဆရာ ဆရာမများနှင့် မူလတန်းပညာသည် အရေးကြီးသည့်အတွက် အခြေခံ၏အခြေခံဟု ပြော၍ရ ပါကြောင်း၊ သင်ကြားရေး လုပ်ငန်း ဆောင်ရွက်နေကြသည့် ဆရာ ဆရာမများအနေဖြင့် မိမိလုပ်ငန်းကို မွန်မြတ်သည့် လုပ်ငန်း၊ နောင်မျိုးဆက်များကို ပြုစုပျိုးထောင်ပေးနေသည့် လုပ်ငန်းဆိုသည့် ယုံကြည်မှု အပေါ် အခြေခံပြီးမှသာလျှင် စေတနာနှင့် သင်ကြားပေးနိုင်မည်ဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်က ပြောကြား သည်။

 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ဆက်လက်ပြောကြားရာတွင် ဝါသနာဆိုသည်မှာလည်း အတိုင်း အတာ တစ်ခုအထိ အရေးကြီးကြောင်း၊ ကလေးတစ်ယောက်အား ဘာသာစကား တစ်ခု သင်ပေးမည် ဆိုပါက ပထမ အလိုအပ်ဆုံးကိစ္စသည် အဆိုပါကလေးအကြောင်း သိရန်အရေးကြီး သကဲ့သို့ သင်ပေးသည့် ဘာသာရပ်အကြောင်းကိုလည်း သိဖို့အရေးကြီးပါကြောင်း၊ မိမိသင်သည့် ကလေး အကြောင်း သိမှသာလျှင် ဘာသာရပ်ကို ပိုင်ပိုင်နိုင်နိုင် ဖြစ်အောင် သင်ပေးနိုင်မည်ဖြစ်ကြောင်း၊ မိမိ ကိုယ်ကို သိဖို့လည်း အရေးကြီးပါကြောင်း၊ မိမိသင်နေသည့် တပည့်များအကြောင်း သိရုံသာမက ကိုယ့်အကြောင်းကိုသိပြီး မိမိ ကိုယ်ကိုလည်း တစ်ချိန်လုံးပြုပြင်လိုသည့်စိတ်ရှိရမည် ဖြစ်ကြောင်း၊ ကျောင်းမှပြဋ္ဌာန်းသည့် စာအုပ်များ ကိုသာ သိရုံ၊ လေ့လာထားရုံနှင့် မလုံလောက်ဘဲ မိမိ၏ ဗဟုသုတ အမြင် ကြွယ်ဝကျယ်ပြန့်မှသာ မိမိ တပည့်များ၏ ဗဟုသုတအမြင် ကြွယ်ဝအောင် လုပ်ပေးနိုင်မည် ဖြစ်ပြီး စာသင်ချင်အောင် ဆွဲဆောင် နိုင်မည် ဖြစ်ကြောင်း၊ ဆရာ ဆရာမများ အနေဖြင့် စေတနာနှင့် ဝါသနာရှိပါက အနစ်နာခံခြင်း ဆိုသည်မှာ အလိုလိုဖြစ်ပေါ်လာမည်ဖြစ်ကြောင်း၊ ဆရာ ဆရာမများ ကိုယ်တိုင် မိမိ၏အလုပ်ကို ကျေနပ်မှုအပြည့် ရှိပြီဆိုပါက အခြေခံပညာရေးစနစ်သည် စေတနာ၊ ဝါသနာ၊ အနစ်နာအပေါ် အခြေခံသည့်စနစ်ဖြစ်ပြီး မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ကျေနပ်နိုင်မည့် ကျေးဇူးတရားနှင့် ဂုဏ်ယူနိုင်၊ လေ့လာနိုင်မည့် ပညာရေးစနစ်ဖြစ်ပေါ်လာ မည်ဖြစ်ပါကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။

 

ထို့နောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အခြေခံပညာ ကဏ္ဍတွင် အခြေခံ ပညာကျောင်းပေါင်း ၄၅၄၆၁ ကျောင်း၊ ဆရာ ဆရာမ များအပါအဝင် ပညာရေး ဝန်ထမ်းပေါင်း ၄၃၁၄၄၄ ဦးနှင့် ကျောင်းသား ကျောင်းသူ စုစုပေါင်း ၉ ဒသမ၂ သန်းခန့် ပညာ သင်ယူလျက်ရှိကြောင်း၊ ပညာရေးဝန်ကြီးဌာန၏ ရက် (၁ဝဝ) လုပ်ငန်းစဉ်များဆောင်ရွက်ရာတွင် ဆရာ ဆရာမများ၊ မိဘပြည်သူ များအားလုံး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်လျက်ရှိသည့်နည်းတူ ပညာရေးဆိုင်ရာ လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်အောင်မြင်စေရန်အတွက် ပြည်သူလူထုတစ်ရပ်လုံးက ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြ စေလို ကြောင်း ပြောကြားပြီး ၂ဝ၁၆ ခုနှစ် ပညာရေး မြှင့်တင်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲ (အခြေခံပညာကဏ္ဍ) ဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်း လိုက်သည်။

 

ယင်းနောက် နှီးနှောဖလှယ်ပွဲကို စတင်ကျင်းပရာ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်သန်းမြင့်က ''သင်ယူတတ်မြောက်မှု စစ်ဆေးခြင်းဆိုင်ရာ လေ့လာသုံးသပ်ချက်'' စာတမ်းကို လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ဒေါ်ခင်မာဆွေက ''ဆရာများ၊ ကျောင်းအုပ် များ၊ ကျောင်းများ၏ စွမ်းဆောင်ရည်အပေါ် အကဲဖြတ်နည်းလမ်းများနှင့် အညွှန်းကိန်းများ ဆိုင်ရာ လေ့လာသုံးသပ်ချက်'' စာတမ်းကို လည်းကောင်း၊ အခြေခံ ပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးတိုးဝင်းက ''အခြေခံပညာ ဆရာ ဆရာမများ ခန့်ထားရေးဆိုင်ရာ သုံးသပ်လေ့လာတင်ပြချက်'' စာတမ်းကိုလည်းကောင်း ဖတ်ကြား တင်ပြကြသည်။

 

ထို့နောက် ဖတ်ကြားတင်ပြကြသည့် စာတမ်းများကို အဖွဲ့ငယ်များဖွဲ့၍ ဆွေးနွေးအကြံပြုကြပြီး ပြန်လည် တင်ပြ၍ ဆွေးနွေးညှိနှိုင်းကြသည်။

 

အဆိုပါဆွေးနွေးပွဲကို ဇူလိုင် ၂၁ ရက်မှ ၂၃ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ဆွေးနွေးပွဲရက်များတွင် စာတမ်းရှင် အသီးသီးက စာတမ်းများဖတ်ကြားတင်ပြကြပြီး တင်ပြသည့်စာတမ်းများအပေါ် အဖွဲ့ငယ် အလိုက် ဆွေးနွေးအကြံပြုခြင်း၊ စုစည်းခြင်း၊ မှတ်တမ်းတင်ခြင်းများ ပြုလုပ်မည်ဖြစ်ကြောင်း သတင်း ရရှိသည်။