အာဆီယံ-ရုရှား ထိပ်သီးအစည်းအဝေးတွင် ဆိုချီကြေညာချက်တစ်စောင် ထုတ်ပြန်

Printer-friendly versionSend by email

မော်စကို မေ ၂၁

နှစ် (၂၀) ပြည့် အာဆီယံ-ရုရှား ဆွေးနွေးဖက်ဆက်ဆံရေး အထိမ်းအမှတ် ထိပ်သီး အစည်းအဝေးတွင် ဆိုချီ ကြေညာချက်တစ်စောင်နှင့် အကောင်အထည်ဖော်ဆောင်ရွက် ရေးလုပ်ငန်းစဉ် Comprehensive Plan Of Action (2016-2020) က်ို ထုတ်ပြန်ခဲ့သည်။

 

ဆိုချီကြေညာချက်တွင် မိတ်ဖက်ဆက်ဆံရေး တိုးတက်အောင် ဆက်လက်ဆောင်ရွက်ရန် ကိစ္စနှင့် ပတ်သက်၍ လက်ရှိပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ လုပ်ငန်းစဉ်များဖြစ်သည့် အရှေ့အာရှ ထိပ်သီး ညီလာခံ၊ အာဆီယံဒေသတွင်း ဖိုရမ်၊ အာဆီယံ ကာကွယ်ရေး ဝန်ကြီးများအစည်းအဝေးစသည့် အာဆီယံ ဦးဆောင်သော လုပ်ငန်းစဉ်များအပေါ် ထိတွေ့ ဆောင်ရွက်မှုတိုးမြှင့်သွားရန်တို့ ပါဝင်သည်။

 

နိုင်ငံရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စတွင် အရှေ့တောင် အာရှချစ်ကြည်ရင်းနှီးမှု၊ ပူးပေါင်းဆောင်ရွက်ရေး စာချုပ်၊ ကုလသမဂ္ဂ ပဋိဉာဉ် စာတမ်းတွင် ဖော်ပြထားသော နိုင်ငံတကာ ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများအပေါ် လက်ခံလိုက်နာမှုအတွက် ကတိကဝတ်ပြုကြောင်း၊ အာဆီယံ ၂၀၁၅ ရည်မှန်းချက် အကောင်အထည်ဖော်မှုဆိုင်ရာ အပါအဝင် ဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု များကို ထောက်ခံသွားရန်၊ အာရှပစိဖိတ်ဒေသတွင်းငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် တည်ငြိမ်မှုများ အတွက် ရုရှားနိုင်ငံ၏ အခန်းကဏ္ဍကို ကြိုဆိုကြောင်း၊ အရှေ့တောင်အာရှဒေသ နျူကလီးယား လက်နက် ကင်းဝေးစေရေးအတွက် လက်ရှိဆောင်ရွက်လျက်ရှိသော အားထုတ်မှုများ ဆက်လက် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ သမားရိုးကျနှင့် သမာရိုးကျ မဟုတ်သော လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှု များကို ကျော်လွှားနိုင်ရေးအတွက် ပူးပေါင်း ဆောင်ရွက်ရေး၊ အကြမ်းဖက်မှုနှင့် အစွန်းရောက်အကြမ်း ဖက်ဆောင်ရွက်မှုများ တိုက်ဖျက်ရေး အတွက် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရန်၊ ဆိုက်ဘာ ရာဇဝတ်၊ နိုင်ငံတကာငွေကြေး ရာဇဝတ်မှု၊ ငွေကြေးခဝါချခြင်း၊ လက်နက် မှောင်ခိုခြင်း၊ ပင်လယ် ဓါးပြ ကိစ္စရပ်များ၊ တရားမဝင်ပြောင်းရွှေ့ခြင်းများ၊ လူကုန်ကူးမှု ကိစ္စရပ်များ အပါအဝင် နယ်စပ် ဖြတ်ကျော် ရာဇဝတ်မှုများအား တိုက်ဖျက်ရေးတွင် ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရန်တို့ပါဝင်သည်။

 

ထို့ပြင် အဆိုပါကြေညာချက်၌ ကုန်သွယ်မှုဆိုင်ရာအတွက် လေကြောင်းနှင့် ရေကြောင်းဆိုင်ရာ လွတ်လပ်စွာ သွားလာခွင့်၊ ရေကြောင်းလုံခြုံရေးနှင့် ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် ဆောင်ရွက် မည် ဖြစ်ကြောင်း၊ တူညီဆန္ဒအပေါ် အခြေခံ၍ တောင်တရုတ်ပင်လယ်ဆိုင်ရာ လုပ်ထုံး လုပ်နည်းများ ဆောလျင်စွာ ပြီးစီးရေးနှင့် DOC အား အပြည့်အဝနှင့် ထိရောက်စွာ အကောင် အထည်ဖော်နိုင်ရေး ဆောင်ရွက်မည်ဖြစ်ကြောင်း၊ အရှေ့အာရှထိပ်သီးညီလာခံ၏ အခန်းကဏ္ဍ ပိုမိုတိုးတက်စေရေး၊ G 20, AWEM, APEC, UN စသည် အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေးတို့လည်း ပါဝင်သည်။

 

ထို့အတူ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွင် အာဆီယံ စီးပွားရေးအသိုက် အဝန်းနှင့် AEC လမ်းပြ မြေပုံ ၂၀၂၅ အပေါ် ထောက်ခံမှုပြုခြင်း၊ ရှန်ဟိုင်းပူးပေါင်း ဆောင်ရွက်မှုအဖွဲ့အစည်း SCO နှင့် EAEU၊ အာဆီယံတို့အကြား အပြန်အလှန် အကျိုးရှိစေမည့် ဖြစ်နိုင်ခြေရှိသော ပူးပေါင်း ဆောင်ရွက်မှု များ ရှာဖွေခြင်း၊ ဒေသတွင်း ငွေကြေးနှင့် စီးပွားရေးဆိုင်ရာ အခက်အခဲများကို တုံ့ပြန်နိုင်ရန်အတွက် စီးပွားရေးဆိုင်ရာ စီမံခန့်ခွဲမှုစနစ်တစ်ရပ် တည်ထောင်ခြင်း၊ နိုင်ငံတကာ ငွေကြေးစနစ် ပြုပြင် ပြောင်းလဲမှုများ အားပေးခြင်း၊ နိုင်ငံတကာ ကုန်သွယ်မှုစည်းမျဉ်းဥပဒေများ သတ်မှတ်ဖြစ်ပေါ်ရေး အတွက် အားပေးခြင်း၊ ပုံမှန်ညှိနှိုင်းဆွေးနွေးမှုများမှတစ်ဆင့် ဒေသဆိုင်ရာ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုများ မြှင့်တင်ခြင်း၊ အာဆီယံနိုင်ငံများနှင့် ရုရှားနိုင်ငံအကြား ကုန်သွယ်မှုပမာဏ တိုးမြှင့်စေရေး ဆောင်ရွက်ခြင်း၊ အာဆီယံနှင့် EAEU အကြား လွတ်လပ်သော ကုန်သွယ်ရေးဒေသ ဖော်ဆောင်နိုင်မည့် အလားအလာအတွက် ရုရှားနိုင်ငံမှ အဆိုပြုချက်တစ်ရပ် တင်ပြရန်ရှိခြင်း၊ ရေကြောင်း၊ ရထားပို့ဆောင်ရေး၊ ကုန်းလမ်း ပို့ဆောင်ရေးနှင့် ရေကြောင်းဆိုင်ရာ ပို့ဆောင်ရေး ကဏ္ဍများတွင် ပူးပေါင်း ဆောင်ရွက်မှုတိုးမြှင့်ခြင်း၊ အပြန်အလှန် ကုန်သွယ်မှုနှင့် စီးပွားရေးအတွက် Electronic Commerce ပူးပေါင်းဆောင်ရွက်ရေး အလားအလာများလေ့လာခြင်း၊ စွမ်းအင်ဆိုင်ရာ ဖူလုံခြင်း ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ခြင်း၊ ပြန်လည် ပြည့်ဖြိုးမြဲလောင်စာ၊ နျူကလီးယား စွမ်းအင်၊ လျှပ်စစ် စွမ်းအင်၊ လောင်စာနှင့် သဘာဝဓာတ်ငွေ့များတွင် ပူးပေါင်း ဆောင်ရွက်သွားရန်၊ သန့်ရှင်း၍ ကျန်းမာရေးနှင့်ညီညွတ်သော စားသောက်ကုန်ပစ္စည်းများ ထုတ်လုပ်ရေးအတွက် စိုက်ပျိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်သွားရန်၊ တရားမဝင် သတင်းဖော်ပြခြင်း မရှိသည့် ပုံမှန်မဟုတ်သော ငါးဖမ်းသည့် ကိစ္စ ရပ်များအပေါ် ဖြေရှင်းသွားရန်၊ ရေကြောင်းဆိုင်ရာ စီးပွားရေး (Maritime Economy) ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကူအညီများ ပေးသွားရန်၊ တက္ကသိုလ်များ၊ သုတေသန ဆိုင်ရာ စင်တာများအကြား အပြန်အလှန် ထိတွေ့မှုများ တိုးမြှင့်ခြင်းကို အားပေးသွားရန်၊ အာကာသပညာနှင့် ဆေးပညာတို့တွင် နည်းပညာနှင့် သိပ္ပံပညာဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်ရန်၊ ပူးတွဲသုတေသနနှင့် နည်းပညာလွှဲပြောင်းခြင်းဆိုင်ရာ တို့တွင် ပူးပေါင်း ဆောင်ရွက်နိုင်သည့် နည်းလမ်းများ ရှာဖွေသွားရန် Public-Private-Partnership (PPP) မှ တစ်ဆင့် အစိုးရနှင့် ပုဂ္ဂလိလုပ်ငန်းရှင်များအကြား ပူးပေါင်းဆက်သွယ်မှုကို အားပေးသွားရန်၊ အာဆီယံ-ရုရှား စီးပွားရေးကောင်စီမှတစ်ဆင့် နှစ်ဖက် စီးပွားရေး လုပ်ငန်းရှင်များ ထိတွေ့မှုမြှင့်တင်သွားရန်၊ ကုန်သွယ်ရေး ဆိုင်ရာ ဖြေလျှော့မှုများနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်းများမှ တစ်ဆင့် စီးပွားရေး လုပ်ငန်းများ မြှင့်တင်ရန်၊ အများပြည်သူအနေဖြင့် ငွေကြေးဆိုင်ရာ သိရှိနားလည်မှုများ အသိပညာ မြှင့်တင်ပေးရန်၊ အာဆီယံနှင့် ရုရှားအကြား အခြေခံအဆောက်အဦများ တည်ဆောက်ရေးတွင် ငွေကြေးဆိုင်ရာ ထောက်ပံ့ခြင်းအတွက် ဖြစ်နိုင်သည့်နည်းလမ်းများ ရှာဖွေသွားရန်တို့ကို အစည်းအဝေး တက်ရောက်သူ များက သဘောတူခဲ့ကြသည်။

 

ထို့ပြင် လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွင် ၂၀၁၆ ခုနှစ်ကို အာဆီယံ-ရုရှား ယဉ်ကျေးမှုနှစ်အဖြစ် သတ်မှတ်အကောင်အထည်ဖော်သွားရန်၊ အပြန် အလှန် နားလည်မှုနှင့် ချစ်ကြည် ရင်းနှီးမှုများဖြင့် ပြည်သူအချင်းချင်း ပညာရေးဆိုင်ရာ မြှင့်တင်မှုများဆောင်ရွက်ခြင်း၊ ယဉ်ကျေးမှု ဆိုင်ရာ ပြပွဲများ၊ ပွဲတော်များ၊ အပြန်အလှန် ခရီးစဉ်မှ တစ်ဆင့် ကွဲပြားခြားနားသော ယဉ်ကျေးမှု ဆိုင်ရာ အစဉ်အလာ၊ သမိုင်း ကြောင်း၊ အမွေအနှစ်များအပေါ် သိရှိနားလည်ပြီး တန်ဖိုးထားသည့် အစဉ်အလာကို မြှင့်တင်ခြင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းမှု ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရန် UN Convention on Climate Change အောက်တွင်ရှိသော ပဲရစ် သဘောတူညီချက်အား အတည်ပြုခြင်းကို ကြိုဆိုခြင်း၊ သက်ဆိုင်ရာနိုင်ငံနှင့် ဒေသတွင်း စီမံခန့်ခွဲမှုစင်တာ များမှတစ်ဆင့် သဘာ၀ဘေးအန္တရာယ် စီမံခန့်ခွဲမှုများတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ခြင်း၊ ရွှေ့ပြောင်း လုပ်သားများ၊ မသန်မစွမ်းပုဂ္ဂိုလ်များ၊ သက်ကြီး ရွယ်အိုများ၊ ကလေးသူငယ်များနှင့် အမျိုးသမီး များ၏ အခွင့်အရေးများကို မြှင့်တင်ခြင်းနှင့် ကာကွယ် စောင့်ရှောက်ခြင်းဖြင့် လူသားဘ၀ သာယာ စိုပြေရေးမြှင့်တင်ပေးသွားခြင်း၊ မော်စကိုမြို့ နိုင်ငံတကာ ဆက်ဆံရေး တက္ကသိုလ်တွင် အာဆီယံစင်တာ ဖွင့်လှစ်၍ နှစ်ဖက်ပြည်သူများအကြား ထိတွေ့ဆက်ဆံမှု တိုးမြှင့်ခြင်း၊ ယဉ်ကျေးမှုနှင့် ပညာရေး ဆိုင်ရာ အပြန်အလှန် ခရီးစဉ်များ တိုးမြှင့်ခြင်းတို့ ပါဝင်သည်။

 

ဖွံ့ဖြိုးတိုးတက်မှု ကွာဟမှုနည်းပါးစေရေးနှင့် ပေါင်းစည်းဆက်သွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တွင် ဖွံ့ဖြိုးတိုးတက်မှု ကာကွယ်မှုနည်းပါးစေရေးနှင့် ပေါင်းစည်း ဆက်သွယ်ရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုနှင့် စပ်လျဉ်း၍ (IAI -Initative for ASEAN Integration) အပါအဝင် အာဆီယံမှ အကောင်အထည်ဖော်လျက်ရှိသော အစီအစဉ်များအပေါ် ရုရှားနိုင်ငံ၏ ကူညီအားပေးမှုကို ကြိုဆိုခြင်း၊ အာဆီယံ ဆက်သွယ်မှုဆိုင်ရာ မဟာစီမံကိန်းနှင့်အညီ အာဆီယံပေါင်းစည်းဆက်သွယ်ရေး ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်ခြင်း၊ အကောင်အထည်ဖော်ရေးအပိုင်းတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများ နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သက်ဆိုင်ရာ အဖွဲ့အစည်းများသို့ သတ်မှတ်တာဝန်ပေးသွားရန် အကောင် အထည်ဖော် ဆောင်ရွက်ချက်မျာကို နှစ်စဉ်ပြန်လည်သုံးသပ်ခြင်း၊ အာဆီယံ-ရုရှား CPA အတည်ပြုခြင်းကို ကြိုဆိုခြင်းနှင့် သင့်လျော်သည့် လုပ်ငန်းစဉ်မှတစ်ဆင့် အကောင်အထည်ဖော်ခြင်း များကို ဝန်ကြီးဌာနများမှ ကြီးကြပ်နိုင်ရန်အတွက် တာဝန်သတ်မှတ်ခြင်း၊ အာဆီယံ-ရုရှား မိတ်ဖက် ဆက်ဆံရေး ရန်ပုံငွေလုံ လောက်စွာဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည့် အစီအစဉ်များ သတ်မှတ်ဆောင် ရွက်သွားရန်တို့ ပါဝင်သည်။

 

အကောင်အထည်ဖော်ဆောင်ရွက်ရေးလုပ်ငန်းစဉ် (Comprehensive Plan Of Action-2016-2020) တွင် ငါးနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းများနှင့် အကောင်အထည်ဖော်ရန် နည်းလမ်းများ ပါဝင်ကြောင်း သိရှိရသည်။