ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ၂ဝ၁၇ ခုနှစ် (၆၉) နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာ

Printer-friendly versionSend by email

ချစ်ကြည်လေးစားအပ်ပါသော တိုင်းရင်းသားညီအစ်ကိုမောင်နှမ ပြည်ထောင်စုသား အပေါင်းတို့ ခင်ဗျား-

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၆၉) နှစ်မြောက် လွတ်လပ်ရေးနေ့ဖြစ်သော ဤနေ့ထူး နေ့မြတ်အခါသမယတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသား ညီအစ်ကို မောင်နှမ ပြည်ထောင်စုသားအားလုံး ကောင်းကျိုးချမ်းသာ မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် နှုတ်ခွန်းဆက်သ အပ်ပါသည်။

 

တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ သွေးစည်းချစ်ကြည်စွာ စုပေါင်းနေထိုင်ကြသော သမိုင်းကြောင်း အစဉ်အလာကောင်းများရှိသည့် ကျွန်ုပ်တို့ မြန်မာနိုင်ငံတော်သည် ရှေးပဝေသဏီ ကပင် ကိုယ့်ထီး ကိုယ့်နန်းဖြင့် ကမ္ဘာ့အလယ်တွင် ဝင့်ထည်စွာရပ်တည်ခဲ့သော နိုင်ငံဖြစ်သည်။ ကမ္ဘာတစ်ဝန်း ကိုလိုနီစနစ် လွှမ်းမိုးလာသည့် ၁၉ ရာစုနှောင်းပိုင်းကာလတွင် မြန်မာနိုင်ငံ သည်လည်း ကိုလိုနီနိုင်ငံ ဘဝသို့ သက်ဆင်းကျရောက်ခဲ့ရသည်။ နိုင်ငံတော်၏ အချုပ်အခြာ အာဏာနှင့် လွတ်လပ်ရေး ဆုံးရှုံးနေချိန်တွင် မျိုးချစ်စိတ်ထက်သန်သော ပြည်ထောင်စုဖွား တိုင်းရင်းသား အပေါင်းတို့သည် ခိုင်မာသော ပြည်ထောင်စုစိတ်ဓာတ်၊ ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုး အတွက် စွန့်လွှတ်စွန့်စား လိုသော အမျိုးသားရေး စိတ်ဓာတ်တို့ဖြင့် နယ်ချဲ့တို့ကို စုစည်းညီညွတ်စွာ တွန်းလှန်ခဲ့ကြရာ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် လွတ်လပ်ရေးကို ပြန်လည် ရယူနိုင်ခဲ့ကြပေသည်။ ယနေ့ဆိုလျှင် မြန်မာနိုင်ငံတော်၏ လွတ်လပ်ရေးရရှိခဲ့သည်မှာ (၆၉)နှစ် ပြည့်မြောက်ခဲ့ပေပြီ။

 

လွတ်လပ်ရေးရရှိပြီးနောက် အတိတ်သမိုင်းတွင် မိမိတို့တိုင်းရင်းသား ညီရင်းအစ်ကို မောင်ရင်းနှမများအကြား အကြောင်းအမျိုးမျိုးကြောင့် သံသယများ၊ ပဋိပက္ခများ ပေါ်ပေါက် ခဲ့ရသည့်အတွက် နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတားဖြစ်စေခဲ့ရသည်။ လွတ်လပ်ပင် လွတ်လပ် ခဲ့သော်ငြားလည်း လက်နက်ကိုင် ပဋိပက္ခများကြောင့် တိုင်းရင်းသား ဒေသနေရာအချို့တွင် လွတ်လပ်ရေး၏ အသီးအပွင့်ကို တင်းပြည့်ကျပ်ပြည့် ခံစားနိုင်ခြင်းမရှိဘဲ အနာဂတ်များပျောက်ဆုံးကာ အမှောင်ဖုံးခဲ့ရသည်မှာ စိတ်မကောင်းဖွယ်ရာပင်ဖြစ်ပါသည်။ ယနေ့အချိန်အခါတွင် သံသယနှင့် ပဋိပက္ခများ ကင်းစင်ပပျောက်ပြီး ရေရှည်တည်တံ့သည့် စစ်မှန်သောထာဝရငြိမ်းချမ်းရေးရရှိရန်နှင့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရန် တိုင်းရင်းသားညီအစ်ကို မောင်နှမအားလုံးက နည်းလမ်းပေါင်းစုံ ဖြင့် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါသည်။ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်ထောင်စုငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို နိုင်ငံတော်အစိုးရက ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံကျင်းပခြင်းဖြင့် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါသည်။ လက်နက်ကိုင်နည်းလမ်းသည် ခေတ်အဆက်ဆက် နိုင်ငံရေး ပြဿနာများကို ဖြေရှင်းနိုင်ခြင်း အလျဉ်းမရှိဘဲ လက်နက်ကိုင် ပဋိပက္ခကို ရှည်ကြာစေခဲ့ပြီး လက်နက်ကိုင်ပဋိပက္ခနှင့်ဆက်စပ်လျက် ဖွံ့ဖြိုးမှုများလည်း နောက်ကျ ကျန်ရစ်ခဲ့ရသည်ကို ဆယ်စုနှစ်များစွာ အထင်အရှားတွေ့မြင်ခဲ့ကြရပြီး ဖြစ်ပါသည်။ ထို့ကြောင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးအတွက် စုပေါင်းတွေ့ဆုံ၊ စုပေါင်း ဆွေးနွေး၊ စုပေါင်းအဖြေရှာမည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံကို တိုင်းရင်းသား ပြည်သူအားလုံးက မျက်မှောက်ပြုကြရန် အထူးအရေးကြီးလှ ပေသည်။

 

နိုင်ငံတော်တစ်ဝန်းလုံးတွင် တည်ငြိမ်အေးချမ်းလာသည်နှင့်အမျှ ပြည်ထောင်စု၏ နယ်မြေဒေသ အားလုံးတွင် တစ်ချိန်တည်းတစ်ပြိုင်တည်းဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုင်းရင်းသားပြည်သူ တစ်ရပ်လုံး၏ စားဝတ်နေမှုပြည့်စုံလုံခြုံရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာစေရေးတို့အတွက် ကြိုးပမ်း အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိရာ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး အနေဖြင့်လည်း တောင်ပေါ် မြေပြန့်၊ ပြည်နယ် ပြည်မမခွဲခြားဘဲ မိမိကျရာအခန်းကဏ္ဍမှ ပြည်ထောင်စုအစိုးရနှင့်အတူ လက်တွဲ ပူးပေါင်း ဆောင်ရွက်သွားကြရန် လိုအပ်လှပေသည်။

 

တိုင်းရင်းသားပြည်သူတစ်ရပ်လုံး မျှော်လင့်တောင့်တလျက်ရှိသည့် အမျိုးသားရေးရည်မှန်းချက် ပန်းတိုင်ဖြစ်သည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီးတည်ဆောက်ရေး မလွဲမသွေ အောင်မြင် ရမည် ဟူသော ယုံကြည်မှု သန္နိဋ္ဌာန်ဖြင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံတွင် တွေ့ဆုံညှိနှိုင်းမှုများမှ ရရှိလာမည့် ဆုံးဖြတ်ချက်များနှင့်အညီ ဘုံသဘောတူညီချက်တစ်ခုဖြင့် အနာဂတ်တွင် စစ်မှန်သည့် ပြည်ထောင်စုကြီး တည်ဆောက်သွားနိုင်ရေး၊ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲ ရေးတို့အတွက် တိုင်းရင်းသားအားလုံး စုစည်း ထိန်းသိမ်းကာကွယ်ရေး၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်ရေးအတွက် ဒီမိုကရေစီစံချိန်စံညွှန်းများနှင့်အညီ နိုင်ငံတော်နှင့် သင့်လျော်သည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေတစ်ရပ်ပေါ်ပေါက်ရန် ကြိုးပမ်းဆောင်ရွက်ရေး၊ နိုင်ငံတော်၏စီးပွားရေး မူဝါဒ မျှော်မှန်းချက်များနှင့်အညီ တိုင်းဒေသကြီးနှင့်ပြည်နယ်များအကြား ဘက်ညီမျှတစွာ ဖွံ့ဖြိုး တိုးတက်လာစေမည့် စီးပွားရေးအခြေအနေကောင်းများရရှိရန် ကြိုးပမ်းဆောင်ရွက်ရေး ဟူသော (၆၉) နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေး ဦးတည်ချက်များကို အလေးအနက် ခံယူပြီး တိုင်းရင်းသား အားလုံး ဥမကွဲသိုက်မပျက် သွေးစည်းညီညွတ်စွာ အကောင်အထည်ဖော် ဆောင်ရွက်ကြပါရန် နေ့ထူးနေ့မြတ်ဖြစ်သော လွတ်လပ်ရေးနေ့ အခါသမယတွင် ချစ်ကြည် လေးစားစွာ တိုက်တွန်း နှိုးဆော် အပ်ပါသည်။