နိုင်ငံတော်သမ္မတ ဦးထင်ကျော်က (၆၅) နှစ်မြောက် ကယားပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ

Printer-friendly versionSend by email

 

၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်

ချစ်ခင်လေးစားအပ်ပါသော ကယားပြည်နယ်အတွင်းရှိ တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံး မင်္ဂလာပါခင်ဗျား-

ယနေ့ ဇန်နဝါရီလ ၁၅ ရက်နေ့မှာ ကျရောက်တဲ့ (၆၅) နှစ်မြောက် ကယားပြည်နယ်နေ့အခမ်းအနားကို ဂုဏ်ပြု သဝဏ်လွှာ ပေးပို့ခွင့်ရတဲ့အတွက် များစွာ ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ ယနေ့ချိန်ခါဟာ ကယား ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသားညီအစ်ကိုမောင်နှမများရဲ့ နေ့ထူးနေ့မြတ် အဖြစ် အသိအမှတ်ပြုထားတဲ့ ကျက်သရေမင်္ဂလာအပေါင်းနဲ့ပြည့်စုံတဲ့ ကယားပြည်နယ်နေ့ ဖြစ်ပါတယ်။ ကယားပြည်နယ်အတွင်း နေထိုင်ကြတဲ့ ကယားတိုင်းရင်းသားများ၊ နိုင်ငံတစ်ဝန်းလုံးမှာ ပျံ့နှံ့နေထိုင်လျက် ရှိကြတဲ့ ကယားတိုင်းရင်းသားများနှင့်တကွ ပြည်ထောင်စုဖွား တိုင်းရင်းသားများ အားလုံး ကောင်းကျိုး ချမ်းသာ မင်္ဂလာအဖြာဖြာနှင့် ပြည့်စုံပါစေကြောင်း နေ့ထူးနေ့မြတ်ဖြစ်တဲ့ ကယားပြည်နယ်နေ့မှာ ဆုမွန်ကောင်းနဲ့ နှုတ်ခွန်းဆက်သအပ်ပါတယ်။

 

မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက် ပြည်နယ်နှင့် တိုင်းများ ဖွဲ့စည်းတည်ထောင်ရာမှာ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပုဒ်မ ၁၈၀၊ ပုဒ်မခွဲ (၁) အရ ကရင်နီပြည်နယ်ကို ကရင်ပြည်နယ် အတွင်း ထည့်သွင်းပြဋ္ဌာန်းခဲ့ပြီး ၁၉၅၁ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ပြင်ဆင်ချက်အက်ဥပဒေ (၁၉၅၁ ခုနှစ် အက်ဥပဒေအမှတ် ၆၂) ပုဒ်မ ၈ အရ ပြည်ထောင်စုမြန်မာနိုင်ငံတော် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေမှာ “ကရင်နီပြည်နယ်”ဆိုတဲ့ စကားရပ်ပါရှိတဲ့ နေရာတိုင်းမှာ အဲဒီစကားရပ်အစား “ကယားပြည်နယ်” ဆိုတဲ့ စကားရပ်ကို ထည့်သွင်းရမယ်လို့ ပြဋ္ဌာန်းခဲ့ပါတယ်။

 

ဒီလို ကရင်နီပြည်နယ်မှ ကယားပြည်နယ်သို့ ပြောင်းလဲခေါ်တွင်တဲ့ ပထမဦးဆုံးသော “ကယား ပြည်နယ်နေ့” အခမ်းအနားကို ၁၉၅၂ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်နေ့မှာ စတင်ကျင်းပခဲ့တဲ့အတွက် ဒီနှစ်ဆိုရင် (၆၅) နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။

 

ချစ်ခင်လေးစားအပ်ပါသော ကယားပြည်နယ်အတွင်းရှိ တိုင်းရင်းသားညီအစ်ကိုမောင်နှမများခင်ဗျား-

သမိုင်းကြောင်းကို ပြန်ကြည့်မယ်ဆိုရင် ကယားပြည်နယ်မှာ ကယားမျိုးနွယ်စုဝင် (၉)မျိုးအပြင် အခြား တိုင်းရင်းသားများလည်း ရှေးပဝေသဏီကတည်းက ချင်ခင်ရင်းနှီးစွာ နေထိုင်ခဲ့ကြပါတယ်။ လွတ်လပ်ရေး ရပြီး နောက်ပိုင်းမှာ တိုင်းရင်းသားညီအစ်ကိုမောင်နှမအကြား သံသယများကြောင့် ပဋိပက္ခများ ဆယ်စု နှစ်ပေါင်း များစွာ ဖြစ်ပေါ်ခဲ့တဲ့ အတွက် မြန်မာနိုင်ငံဟာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အဘက်ဘက်မှာ အိမ်နီးချင်းနိုင်ငံများထက် နောက်ကျခဲ့ရပါတယ်။ ဒါကြောင့် မိမိတို့ အစိုးရသစ်အနေနဲ့ တိုင်းရင်းသား ပြည်သူများ နှစ်ပေါင်းကြာရှည်မျှော်လင့်တောင့်တခဲ့ရတဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးကို ဆောင်ကြဉ်းပေးနိုင်ရေးအတွက် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံကို စတင်အကောင်အထည်ဖော် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါတယ်။

 

ကယားပြည်နယ်ရှိ လောပိတရေအားလျှပ်စစ်စက်ရုံများဟာ နိုင်ငံအတွက် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရာမှာ အဓိကကျတဲ့စက်ရုံများအဖြစ် နှစ်ပေါင်းများစွာရပ်တည်ခဲ့ပြီး သဘာဝလျှိုမြောင်၊ တောတောင်၊ ရေတံခွန် စိမ့်စမ်းတွေနဲ့ သာယာလှပတဲ့ပြည်နယ်ဖြစ်တဲ့အတွက် သဘာဝ အခြေခံ ခရီးသွားလုပ်ငန်းမြှင့်တင်ပေးနိုင်ဖို့ အလားအလာကောင်းတဲ့ ပြည်နယ်တစ်ခုလည်းဖြစ်ပါတယ်။

 

ချစ်ခင်လေးစားအပ်ပါသော ကယားပြည်နယ်အတွင်းရှိ တိုင်းရင်းသားညီအစ်ကိုမောင်နှမများခင်ဗျား-

ကယားပြည်နယ်အတွင်းရှိ တိုင်းရင်းသားညီအစ်ကိုမောင်နှမများဟာ ခက်ခဲကြမ်းတမ်းတဲ့ ခရီးလမ်းကို ကာလ ကြာရှည်စွာဖြတ်သန်းခဲ့ကြရပါတယ်။ တိုင်းရင်းသားညီအစ်ကိုမောင်နှမအချင်းချင်း ယုံကြည်မှု အားနည်းခဲ့ကြပြီး လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပေါ်ခဲ့တဲ့နေရာမှာ တိုင်းရင်းသားအများစု နေထိုင်ရာ ဒေသတွေဟာ ထိခိုက်မှုအခံခဲ့ရဆုံးဖြစ်ပါတယ်။ နှစ်ပေါင်းများစွာအတွင်း မျိုးဆက်အလိုက် လူငယ် များရဲ့ အနာဂတ်တွေ ဆုံးရှုံးခဲ့ရပါတယ်။ ဒါပေမယ့် ဒီနေ့ဒီချိန်ခါမှာ ကယားပြည်နယ်အတွင်း သေနတ်သံ၊ ဗုံးသံတွေ တိတ်သလောက်ဖြစ်နေပါပြီ။ ကယားပြည်နယ်အတွင်းရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးလုပ်ငန်းစဉ်များမှာ ပူးပေါင်းပါဝင် ဆောင်ရွက်လာခြင်းကြောင့် ပြည်နယ်သူ၊ ပြည်နယ်သားတွေအနေနဲ့ ငြိမ်းချမ်းရေးရဲ့အရသာကို စတင်ခံစားကြရပြီ ဖြစ်သလို ဖွံ့ဖြိုး တိုးတက်မှုအခွင့်အလမ်းသစ်များလည်း ရရှိနေပြီဖြစ်ပါတယ်။ အခုလို သေနတ်သံတွေရပ်နိုင်ရာက ရေရှည် တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးဖြစ်ဖို့အတွက် တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအားလုံး လက်တွဲပါဝင်ဖို့ လိုပါတယ်။

 

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကို အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုအဖြစ် တည်ဆောက်ရာမှာ တိုင်းရင်းသားအားလုံး တန်းတူရည်တူ ပါဝင် ဖော်ဆောင်နိုင်ရေးဟာ အထူးအရေးကြီးလှပါတယ်။ ပြည်ထောင်စုရဲ့ နိုင်ငံရေးပြဿနာများကို ငြိမ်းချမ်းစွာ ဆွေးနွေးညှိနှိုင်းအဖြေရှာတဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေကတစ်ဆင့် မိမိတို့အားလုံး မျှော်မှန်းတဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် အခြေခံမူဝါဒများ ထွက်ပေါ်လာမယ်လို့ အခိုင်အမာ ယုံကြည်ထားပါတယ်။ မြန်မာနိုင်ငံ လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းမှာ တက်ကြွစွာပါဝင်ခဲ့သလို ငြိမ်းချမ်းရေးခရီးလမ်းကို သတ္တိရှိရှိ၊ အမြော်အမြင် ပြည့်ပြည့်၀ဝနဲ့ လျှောက်လှမ်းခဲ့ကြတဲ့ ကယား တိုင်းရင်းသား ညီအစ်ကို မောင်နှမများအားလုံးအနေနဲ့ ရှေ့ဆက်ပြီး အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပြည်ထောင်စုငြိမ်းချမ်းရေးနဲ့ ခေတ်မီ ဖွံ့ဖြိုး တိုးတက်ရေး တို့မှာ စုစည်းညီညွတ်တဲ့ စွမ်းပကားနဲ့ ဝိုင်းဝန်း ပူးပေါင်း ပါဝင်ဆောင်ရွက်သွားကြပါ၊ မိမိတို့ ခေတ်အတွက်သာမက အနာဂတ်မှာပါ ပြည်နယ် ခေတ်မီ တိုးတက် သာယာလှပစေရေး အတွက်ပါ ကြိုးပမ်းတည်ဆောက်သွားကြပါလို့ တိုက်တွန်းနှိုးဆော်ရင်း သဝဏ်လွှာပေးပို့လိုက်ပါတယ်။

(ပုံ) ထင်ကျော်                                     

နိုင်ငံတော်သမ္မတ