(၁၇)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံသို့ နိုင်ငံတော်သမ္မတ ဦးထင်ကျော် ပေးပို့သည့် ဂုဏ်ပြုသဝဏ်လွှာ

Printer-friendly versionSend by email

၂ဝ၁၇ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်

ဒီနေ့ ကျင်းပတဲ့ (၁၇) ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေး သမားတော်များ ညီလာခံကို မြန်မာနိုင်ငံ တစ်ဝန်းလုံးက တက်ရောက်လာကြတဲ့ မြန်မာ့ တိုင်းရင်းဆေးသမားတော်ကြီးများနဲ့ တိုင်းရင်းဆေး ပညာရှင်အပေါင်းတို့ကို ဝမ်းမြောက် ဂုဏ်ယူစွာ နှုတ်ခွန်းဆက်သပါကြောင်းနဲ့ ကိုယ်စိတ်နှစ်ပါး ကြည်လင်ချမ်းမြေ့ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါတယ်။

အမျိုးသားယဉ်ကျေးမှု အမွေအနှစ် ဂုဏ်ဒြပ်တစ်ရပ်ဖြစ်တဲ့ မြန်မာ့တိုင်းရင်းဆေးလောက ဘက်စုံအဆင့်အတန်း မြင့်မားရေး၊ မြန်မာ့တိုင်းရင်းဆေးပညာ ဖွံ့ဖြိုးတိုးတက်ရေး၊ မြန်မာ့တိုင်းရင်းဆေးဆရာတို့ရဲ့ ကျင့်ဝတ်သိက္ခာ မြင့်မားရေးနဲ့ မြန်မာ့တိုင်းရင်းဆေးဝါးများ ပိုမိုကောင်းမွန်လာစေရေးစတဲ့ မွန်မြတ်တဲ့ရည်ရွယ်ချက်များနဲ့ နှစ်စဉ် မပျက် ကျင်းပလျက်ရှိတဲ့ မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံကို ခရစ်သက္ကရာဇ် ၂ဝဝဝ ပြည့်နှစ် က စတင်ပြီး နှစ်စဉ်မပျက်မကွက် ကျင်းပလာခဲ့တာ အခုဆိုရင် (၁၇) ကြိမ် မြောက်ခဲ့ပြီ ဖြစ်ပါတယ်။

ညီလာခံအဆက်ဆက်မှာ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန တိုင်းရင်းဆေးပညာဦးစီးဌာနက တိုင်းရင်းဆေးနဲ့ သက်ဆိုင်တဲ့ ကိစ္စအဝဝကို ဆောင်ရွက်ပေးရတဲ့ ဌာနဆိုင်ရာ ကိုယ်စားလှယ်များ၊ တိုင်းရင်းဆေး ကောင်စီဝင် ကိုယ်စားလှယ်ကြီးများ၊ မြန်မာနိုင်ငံ တိုင်းရင်းဆေးဆရာအသင်းမှ ကိုယ်စားလှယ်များ၊ အနယ်နယ်အရပ်ရပ်က တိုင်းရင်းဆေးပညာရှင် ကိုယ်စားလှယ်များနှင့် တိုင်းရင်းဆေးနှင့် နှီးနွှယ်တဲ့ပညာရှင်ကိုယ်စားလှယ်များ တွေ့ဆုံ ညှိနှိုင်း ဆွေးနွေးဖလှယ်ကြပြီး မြန်မာ့တိုင်းရင်းဆေးလောက တိုးတက် ဖွံ့ဖြိုးမှုများကို အောင်မြင်စွာ ဖော်ဆောင် နိုင်ခဲ့ကြမှာလည်း မလွဲဧကန်ဖြစ်မယ်လို့ ယုံကြည်ပါတယ်။

အခု ညီလာခံကြီးမှာလည်း ညီလာခံကိုယ်စားလှယ် တိုင်းရင်းဆေး သမားတော်များနဲ့ နှီးနွှယ်ပညာရှင်အပေါင်း တို့ဟာ ညီညွတ်ချစ်ခင်စွာ ဆုံဆည်းကြရင်း တိုင်းရင်းဆေးပညာ အဆင့်အတန်း မြင့်မားတိုးတက်စေရေးနဲ့ မြန်မာ့တိုင်းရင်းဆေးပညာနဲ့ ပြည်သူလူထုရဲ့ ကျန်းမာရေးကို ပိုမိုထိရောက်ကျယ်ပြန့်စွာ စောင့်ရှောက်မှုပေးနိုင်ဖို့ ရည်မှန်းပြီး မိမိတို့ရဲ့ အတွေ့အကြုံ၊ အတွေးအခေါ်နဲ့ စေတနာမှန်စွာ အပြုသဘောဆောင်တဲ့ အမြင်များကို ဆွေးနွေး တိုင်ပင်ကြရင်း မြန်မာ့တိုင်းရင်း ဆေးပညာလောက အတွက်သာမက နိုင်ငံတော်နဲ့ ပြည်သူများအတွက်ပါ ထူးခြားကောင်းမွန်တဲ့ အကျိုးရလဒ်ကောင်းများ ဖြစ်ပေါ်စေမှာ ဖြစ်ပါတယ်။

မြန်မာ့တိုင်းရင်း ဆေးပညာဟာ မြန်မာ့ရေမြေသဘာဝ၊ ရာသီဥတု၊ မြန်မာ့ရိုးရာအတွေးအခေါ် အယူအဆ၊ မြန်မာ့လူနေမှုစနစ်တို့နဲ့ အပြန် အလှန် အကျိုးပြု ယှဉ်တွဲဖြစ်ထွန်းလာခဲ့တဲ့ မြန်မာ့ရိုးရာ အမွေအနှစ် ပညာရပ်စစ်စစ် တစ်ရပ်လည်းဖြစ်ပါတယ်။ ဒါကြောင့်မို့ နိုင်ငံတော်အစိုးရဟာ မြန်မာ့တိုင်းရင်းဆေးပညာကို ရိုးရာယဉ်ကျေးမှု အမွေအနှစ်တစ်ရပ်အဖြစ်နဲ့သော်လည်းကောင်း၊ တိုင်းရင်းသား ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင် တဲ့ ဆေးပညာရပ်တစ်ခု အဖြစ်နဲ့သော်လည်းကောင်း အဓွန့်ရှည်တည်တံ့ ခိုင်မြဲပြီး နည်းလမ်းတကျ ဆက်လက် တိုးတက် ထွန်းကားစေဖို့ အလေးထား အားပေး စောင့်ရှောက်နေခြင်း ဖြစ်ပါတယ်။

''အာရောဂျံ ပရမံ လာဘံ'' ကျန်းမာခြင်းသည် လာဘ်တစ်ပါး ဖြစ်တာနဲ့အညီ ကျန်းမာကြံ့ခိုင်တဲ့ ပြည်သူတို့က သာလျှင် နိုင်ငံအကျိုးစီးပွားကို ထိရောက်စွာ ဖော်ဆောင် မြှင့်တင်ပေးနိုင်မှာ ဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရ အနေနဲ့လည်း တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနဲ့ ပညာရည်မြင့်မားရေးကို အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပါတယ်။ အဲဒီလို ဆောင်ရွက်ရာမှာလည်း တိုင်းရင်းဆေးပညာ အဆင့်အတန်းမြှင့်တင်ရေးနဲ့ မြန်မာ့ တိုင်းရင်းဆေးပညာနဲ့ ပြည်သူတို့ကို ကျန်းမာရေး စောင့်ရှောက်မှု တိုးမြှင့်လွှမ်းခြုံပေးနိုင်ရေးတို့ကို အမျိုးသား ကျန်းမာရေးဆိုင်ရာ မူဝါဒတစ်ရပ်အဖြစ် ထည့်သွင်း သတ်မှတ် ဆောင်ရွက်လျက် ရှိပါတယ်။

တိုင်းရင်းဆေးသမားတော် ညီလာခံကိုယ်စားလှယ်ကြီးများ ခင်ဗျား

မြန်မာ့တိုင်းရင်းဆေးပညာဟာ အခြေခံဆေးပညာရပ် အမျိုးမျိုး၊ ဆေးကျမ်းအဖုံဖုံ၊ ကုထုံးကုနည်း အသွယ်သွယ်၊ အာနိသင်ထက်မြက်တဲ့ ဆေးဝါးအရပ်ရပ်တို့နဲ့ ပြည့်စုံကုံလုံပြီး ကျယ်ဝန်းနက်ရှိုင်းသိမ်မွေ့နက်နဲလှတဲ့ ပညာရပ် တစ်ခုဖြစ်တဲ့အတွက် စနစ်တကျ ထိန်းသိမ်းစောင့်ရှောက် မြှင့်တင်ပေးနိုင်မှသာ မတိမ်းပါး မပျက်ယွင်းဘဲ အရှည်တည်တံ့ ထွန်းကားပြန့်ပွား နိုင်မှာဖြစ်ပါတယ်။ ဒီလို ပြည့်စုံ ကြွယ်ဝလှတဲ့ မြန်မာ့တိုင်းရင်း ဆေးပညာရပ် များနဲ့ အနှစ်သာရ အထွေထွေကို စုစည်းပေါင်းစပ်ပြီး ခေတ်မီ နည်းပညာရပ်များနဲ့ စံချိန်စံညွှန်းများ ဖော်ထုတ်ကာ ပြီးပြည့်စုံတဲ့ အမျိုးသားတိုင်းရင်း ဆေးပညာရပ်တစ်ခုအဖြစ် မြှင့်တင်ပေးနိုင်ရေးကို ဝိုင်းဝန်း အားထုတ်ကြရန် လိုအပ်ပါတယ်။

မြန်မာတို့ရဲ့ ရိုးရာအမွေအနှစ် စစ်စစ်ဖြစ်ပြီး မူပိုင်ခွင့်ရရှိသင့်တဲ့ တိုင်းရင်းဆေးပညာ၊ တိုင်းရင်းဆေးဝါးများ၊ တိုင်းရင်းဆေးကုထုံးများ၊ ဆေးဖက်ဝင်အပင်များနဲ့ ပတ်သက်ပြီး Intellectual Property Rights Law ရေးဆွဲနိုင်ရေးအတွက် တိုင်းရင်းဆေးပညာရှင်များ၊ သိပ္ပံပညာရှင်များ၊ ဥပဒေပညာရှင်များ ပူးပေါင်းရေးဆွဲ ဆောင်ရွက်နိုင်ဖို့၊ အခြားနိုင်ငံတွေမှာ ကျင့်သုံးနေတဲ့ ဥပဒေနဲ့ Intellectual Property Rights ဆက်နွှယ်ပုံ တွေကိုလေ့လာပြီး မြန်မာနိုင်ငံနဲ့ သင့်လျော်မယ့်ဥပဒေနဲ့ Intellectual Property Rights Law ရေးဆွဲရာမှာ မြန်မာ့တိုင်းရင်းဆေးပညာ၊ ဆေးပင်များ၊ ကုထုံးများနဲ့ ပတ်သက်ပြီး ထည့်သွင်း ရေးဆွဲနိုင်စေရေးဟာလည်း ခေတ်ကာလ အခြေအနေအရ လိုအပ်လာတဲ့အချက်တစ်ခုဖြစ်ပါတယ်။

တိုင်းရင်းဆေး သမားတော်ညီလာခံ ကိုယ်စားလှယ်ကြီးများခင်ဗျား

ဒီနေ့ခေတ်မှာ ခေတ်မီဆေးသိပ္ပံ နည်းစနစ်စွမ်းပကားနဲ့ လူသားတို့မှာ ဖြစ်ပေါ်နိုင်တဲ့ ရောဂါဝေဒနာ အမျိုးမျိုးကို ရှာဖွေ၊ သိရှိ၊ ကုစားနိုင်တဲ့ အနောက်တိုင်း ဆေးပညာရပ်ကို အားကိုးအားထားပြုကြသလို တခြားတစ်ဖက် မှာလည်း သမုဋ္ဌာန် (၄)ပါးလို့ခေါ်ဆိုတဲ့ ကံ၊ စိတ်၊ ဥတု၊ အာဟာရ ညီညွတ်မျှတအောင် နေထိုင်ကျင့်ကြံ စားသောက်ကြရတဲ့ သဘော၊ ရာသီဥတု သဘာဝ ပတ်ဝန်းကျင်နဲ့ လိုက်လျော ညီထွေအောင်နေထိုင်၊ စားသောက်ကြရတဲ့သဘောတို့ကို လမ်းညွှန်ပြဆိုထားတဲ့ မြန်မာ့တိုင်းရင်းဆေး အနှစ်သာရများကလည်း ရောဂါဘယ မဖြစ်ပွားစေဘဲ ကျန်းမာ သက်ရှည်ရေးအတွက် မဖောက်မပြန် မှန်ကန်ပြီး အားကိုးထိုက်တဲ့ ပညာရပ် သဘောတရားများပဲ ဖြစ်ပါတယ်။ ဒီနေ့ခေတ်ကာလမှာ မြန်မာတို့သာမက ကမ္ဘာ့လူမျိုး အသီးသီးတို့မှာလည်း သဘာဝ ဆေးပညာနဲ့ သဘာဝ အစားအစာ ဆေးဝါးတွေကို ပိုမိုအားကိုး လာကြတာကို သတိပြုတွေ့မြင်ရပါတယ်။ ဒါကြောင့်မို့ သဘာဝဆေးများနဲ့ ဖော်စပ်ထားတဲ့ တိုင်းရင်းဆေးဝါးများနဲ့တကွ မြန်မာ့တိုင်းရင်းဆေး သမားတော်ကြီးများ တတ်မြောက်ထားတဲ့ မြန်မာ့တိုင်းရင်း ဆေးပညာရဲ့ အခန်းကဏ္ဍဟာလည်း တစ်စထက်တစ်စ ပိုမိုကြီးမား ကျယ်ပြန့်လာနေတယ်လို့ဆိုရမှာ ဖြစ်ပါတယ်။

ဒီလိုအခြေအနေ အချိန်အခါကောင်းကို ကောင်းစွာသိမြင်ပြီး မြန်မာ့တိုင်းရင်း ဆေးပညာ အဆင့်အတန်း ပိုမိုမြင့်မားလာဖို့၊ တိုင်းရင်းသား ပြည်သူတွေက မြန်မာ့တိုင်းရင်း ဆေးပညာအပေါ် ပိုမိုယုံကြည်အားထားကိုး စားလာဖို့၊ မြန်မာ့တိုင်းရင်းဆေး ပညာရပ်များ ရေရှည်တည်တံ့တိုးတက် ထွန်းကားပြန့်ပွားရန်၊ နိုင်ငံတကာ အဆင့်မီ သိပ္ပံနည်းကျ ဖွံ့ဖြိုးတိုးတက်လာရန်၊ တိကျမှန်ကန်တဲ့ တိုင်းရင်းဆေး သုတေသနလုပ်ငန်းများ ပေါ်ထွန်း လာရန်၊ မြန်မာ့တိုင်းရင်း ဆေးဆရာအသင်းကြီး ပိုမိုကျစ်လျစ်သိပ်သည်း ခိုင်မာလာရန်၊ တိုင်းရင်းဆေးဝါး ထုတ်လုပ်ရေးလုပ်ငန်းများ ပို၍ ခေတ်မီအောင်မြင် ဖြစ်ထွန်းပြီး အမှန်တကယ် အကျိုးအာနိသင် ထက်မြက်တဲ့ ဆေးဝါးများ ဖော်ထုတ်နိုင်ရန်၊ တိုင်းရင်းဆေးတက္ကသိုလ်မှ ပိုမိုအရည်အသွေးပြည့်ဝတဲ့ မြန်မာ့တိုင်းရင်းဆေး ပညာရှင်တွေ မွေးထုတ်နိုင်ရန်တို့ကို အခု မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံကြီးကတစ်ဆင့် မြန်မာ့ တိုင်းရင်းဆေး သမားတော်ကြီးများ တစ်စိတ်တစ်ဝမ်းတည်း စည်းလုံးညီညွတ်စွာ လက်တွဲ ကြိုးပမ်း ဆောင်ရွက် သွားနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။

ဒါကြောင့်မို့ (၁၇)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေး သမားတော်များ ညီလာခံကြီး ရည်မှန်းချက်များနဲ့အညီ ပြည့်ဝစွာ ပြီးမြောက် အောင်မြင်ပါစေ၊ မြန်မာ့တိုင်းရင်းဆေးပညာ အဆင့်အတန်း ဂုဏ်ရှိန်မြင့်မားစွာ တိုးတက်ဖြစ် ထွန်းပါစေ၊ မြန်မာ့တိုင်းရင်းဆေးပညာနဲ့ ပြည်သူတို့ရဲ့ ကျန်းမာရေးကို တိုးမြှင့် စောင့်ရှောက် ပေးနိုင်ပါစေ၊ ပြည်သူလူထု အားလုံးလည်း ကျန်းမာသုခ ပြည့်စုံကြပါစေလို့ ဆုတောင်း မေတ္တာပို့သရင်း ဂုဏ်ပြု သဝဏ်လွှာပေးပို့ အပ်ပါတယ်။