ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံမှ ၂၀၁၇ ခုနှစ်၊ နှစ် (၇၀) မြောက် ပြည်ထောင်စုနေ့အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာ

Printer-friendly versionSend by email

 ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံမှ

၂၀၁၇ ခုနှစ်၊ နှစ် (၇၀) မြောက် ပြည်ထောင်စုနေ့အခမ်းအနားသို့

ပေးပို့သော သဝဏ်လွှာ

ချစ်ကြည်လေးစားအပ်တဲ့ တိုင်းရင်းသားညီအစ်ကို မောင်နှမများခင်ဗျား-         

ယနေ့အချိန်အခါသည် ကျက်သရေမင်္ဂလာအပေါင်းနဲ့ ပြည့်စုံတဲ့ နှစ် (၇၀) ပြည့်ပြည်ထောင်စုနေ့ ဖြစ်ပါတယ်။ ဒီ နေ့ထူးနေ့မြတ်အခါသမယမှာ ပြည်ထောင်စုအတွင်း ချစ်ကြည်ရင်းနှီးစွာ အတူတကွ လက်တွဲနေထိုင်လျက်ရှိကြတဲ့ တိုင်းရင်းသားသွေးချင်း ညီအစ်ကိုမောင်နှမတွေအားလုံး ကောင်းမြတ် တဲ့ ကျက်သရေမင်္ဂလာအဖြာဖြာနဲ့ ပြည့်စုံပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်း ဆက်သ အပ်ပါတယ်။

အတိတ်သမိုင်းမှာ မြန်မာမင်းအဆက်ဆက်တို့ဟာ အမျိုးသားစည်းလုံးညီညွတ်ရေးကို ကြိုးပမ်းပြီး စုစည်းခိုင်မာတဲ့ ပြည်ထောင်စုကြီးကို တည်ဆောက်ခဲ့ကြပါတယ်။ အမျိုးသားစည်းလုံး ညီညွတ်မှု ခိုင်မာအောင်တည်ဆောက်နိုင်တဲ့ မင်းများလက်ထက်မှာ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာဟာ ကျယ်ကျယ်ပြန့်ပြန့် သက်ရောက်ခဲ့ပါတယ်။ ကုန်းဘောင်ခေတ်နှောင်းပိုင်းမှာ မြန်မာနိုင်ငံတိုင်းတစ်ပါး လက်အောက်ကို ကျရောက်ပြီး အမျိုးသား စည်းလုံးညီညွတ်မှုပြိုကွဲကာ တိုင်းရင်းသား ညီအစ်ကို မောင်နှမ အချင်းချင်း စိတ်ဝမ်းကွဲပြားခဲ့ကြရပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်တဲ့ မြန်မာ့တပ်မတော်ကို ဖွဲ့စည်းပြီး ဂျပန်တို့ရဲ့ အကူအညီ ရယူကာ နယ်ချဲ့တွေကို တွန်းလှန်မောင်းထုတ်နိုင်ခဲ့ပေမယ့်လည်း ဖက်ဆစ်ဝါဒရဲ့အနိဋ္ဌာရုံကို တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး ခါးစည်းခံခဲ့ကြရပြန်ပါတယ်။ ထို့အတူ ဒုတိယကမ္ဘာစစ်မီးတောက်လောင်ချိန်မှာ မဟာမိတ်တို့နဲ့ ပူးပေါင်းပြီး ဖက်ဆစ်တို့ကို တော်လှန်နိုင်ခဲ့ပေမယ့် ပြန်လည်ဝင်ရောက်လာတဲ့ နယ်ချဲ့တို့က မြန်မာနိုင်ငံကို လွတ်လပ်ရေးပေးရန် ဝန်လေးခဲ့ကြပါတယ်။ နယ်ချဲ့တို့ဟာ ပြည်မကိုသာ လွတ်လပ်ရေး ပေးလိုပြီး တောင်ပေါ်ဒေသတွေကို ချန်ထားလိုတဲ့အတွက် ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် တိုင်းရင်းသား ခေါင်းဆောင်များဟာ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ (၁၂) ရက်နေ့မှာ ပင်လုံညီလာခံကြီးကို ကျင်းပခဲ့ကြပြီး တိုင်းရင်းသားအားလုံး တစ်ညီတစ်ညွတ်တည်း လွတ်လပ်ရေး တောင်းဆိုဖို့ ကတိပြုလက်မှတ်ရေးထိုး ခဲ့ကြပါတယ်။ ပင်လုံညီလာခံရဲ့အနှစ်သာရကတော့ တိုင်းရင်းသားအားလုံး တစ်စည်းတစ်လုံးတည်း အတူတကွ လွတ်လပ်ရေးရရှိရေးပဲ ဖြစ်ပါတယ်။ တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေရဲ့ သွေးစည်း ညီညွတ်မှုကို အခိုင်အမာဖော်ကျူးပြသနိုင်ခဲ့တဲ့ ဒီနေ့ဒီရက်ကို ပြည်ထောင်စုနေ့အဖြစ် သတ်မှတ်ခဲ့တာ ဒီနေ့ဆိုရင် နှစ်ပေါင်း (၇၀) ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။

ချစ်ကြည်လေးစားအပ်တဲ့ တိုင်းရင်းသားညီအစ်ကိုမောင်နှမများခင်​ဗျား-

လွတ်လပ်ရေးရပြီးတဲ့နောက်ပိုင်းမှာလည်း အကြောင်းအမျိုးမျိုးကြောင့် ပြည်တွင်းငြိမ်းချမ်း ရေးခိုင်မာအောင် တည်ဆောက်နိုင်ခြင်းမရှိသေးဘဲ လက်နက်ကိုင် ပဋိပက္ခများကြောင့် တိုင်းရင်းသား ပြည်သူတို့ရဲ့ လူမှုဘဝတွေဟာ များစွာ နိမ့်ကျခဲ့ရပါတယ်။ နှစ်ပေါင်းများစွာ ဖြစ်ပွားခဲ့တဲ့ အဲဒီ လက်နက်ကိုင် ပဋိပက္ခများကြောင့် ဒေသတွင်းနိုင်ငံများနဲ့ နှိုင်းယှဉ်လျှင် တိုးတက်ဖွံ့ဖြိုးမှုများစွာ နောက်ကျကျန်ခဲ့ပြီ ဖြစ်ပါတယ်။

 ပြည်သူတစ်ရပ်လုံး လိုလားတောင့်တလျက်ရှိတဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို ခိုင်မာအောင် ပြန်လည်တည်ဆောက်နိုင်ပါက မြန်မာနိုင်ငံကို ကမ္ဘာ့အလယ်မှာ ဝင့်ထည်လာအောင် ဆောင်ကြဉ်း ပေးနိုင်မှာ ဖြစ်ပါတယ်။

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံရေးနဲ့ စီးပွားရေးဟာ ဒွန်တွဲလျက်ရှိပြီး စီးပွားရေး မူဝါဒကို အခြေခံတဲ့အုတ်မြစ်များထဲက အရေးကြီးဆုံးအချက်တစ်ချက်ကတော့ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးပဲ ဖြစ်ပါတယ်။ အနာဂတ်ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကို ပုံဖော်နိုင်ဖို့အတွက် (၂၁) ရာစုပင်လုံညီလာခံကိုလည်း ကျင်းပနေပြီဖြစ်ပါတယ်။ (၂၁) ရာစု ပင်လုံညီလာခံရဲ့ အနှစ်သာရကတော့ တစ်စုတစ်စည်းတည်းဖြစ်တဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး ပေါ်ထွန်းလာရေးပဲ ဖြစ်ပါတယ်။ နှစ်ပေါင်းများစွာ သက်တမ်းရှည်ကြာခဲ့တဲ့ လက်နက်ကိုင်ပဋိပက္ခတွေ ချုပ်ငြိမ်းပြီး အမျိုးသားပြန်လည်သင့်မြတ်စည်းလုံးနိုင်ရေးအတွက် ဖြေရှင်းချက်က “ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရေး” ပဲ ဖြစ်ပါတယ်။

 

ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ရေးရဲ့ အရင်းခံဟာ ပြည်ထောင်စု စိတ်ဓာတ်ဖြစ်ပါတယ်။ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး ညီညီညွတ်ညွတ်နဲ့ အချင်းချင်း အပြန်အလှန် ညှိနှိုင်းတိုင်ပင်ကာ ပြည်ထောင်စုကြီးတစ်ရပ် တည်ဆောက်မယ်ဆိုတဲ့ ခိုင်မာတဲ့သန္နိဋ္ဌာန်ဟာ ပြည်ထောင်စု စိတ်ဓာတ်ပဲ ဖြစ်ပါတယ်။

 

 ပြည်ထောင်စုစိတ်ဓာတ် ခိုင်မာမှုမရှိဘဲ၊ ပြည်ထောင်စုစိတ်ဓာတ် နိုးကြား ရှင်သန်မှုမရှိဘဲ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်နိုင်မှာ မဟုတ်ပါ။

 

မြန်မာနိုင်ငံဟာ တိုင်းရင်းသားလူမျိုးပေါင်းစုံ၊ ဘာသာစကားပေါင်းစုံ၊ ယဉ်ကျေးမှုဓလေ့ ပေါင်းစုံ၊ ကိုးကွယ်ယုံကြည်မှု ပေါင်းစုံတို့နဲ့ ဖွဲ့စည်းတည်ရှိတဲ့ ပြည်ထောင်စုနိုင်ငံတစ်ခု ဖြစ်ပါ တယ်။ ကွဲပြားခြားနားတဲ့ ပထဝီဝင်ဒေသအသီးသီးမှာရှိကြတဲ့ တိုင်းရင်းသားအသီးသီးဟာ မိမိတို့ရဲ့ ဘာသာဓလေ့အသီးသီးကို အမြတ်တနိုးကျင့်သုံးနေထိုင်ကြရင်း မြဲမြံသော သံယောဇဉ်တရားနဲ့ အပြန် အလှန်ဖေးမကူညီကာ အတူတကွ လက်တွဲနေထိုင်ခဲ့ကြပါတယ်။ တိုင်းရင်းသားလူမျိုးများအားလုံးရဲ့ ယဉ်ကျေးမှုအမွေအနှစ်များနဲ့ ရိုးရာဓလေ့စရိုက်များကို မပျောက်ပျက်စေဖို့ တိုင်းရင်းသားပြည်သူ အပေါင်းက ထိန်းသိမ်းစောင့်ရှောက် သွားကြရမှာဖြစ်ပါတယ်။

ချစ်ကြည်လေးစားအပ်တဲ့ တိုင်းရင်းသားညီအစ်ကို မောင်နှမများခင်ဗျား-

တိုင်းရင်းသားပြည်သူတစ်ရပ်လုံးရဲ့ ချစ်ခင်စည်းလုံးညီညွတ်မှုနဲ့  ပြည်ထောင်စုကြီး အဓွန့် ရှည်ကြာစွာ တည်တံ့ခိုင်မြဲအောင်ဆောင်ရွက်ကြရာမှာ တိုင်းရင်းသားအားလုံး တန်းတူရည်တူ ပါဝင် ဖော်ဆောင်နိုင်မှုဟာ အရေးကြီးလှပါတယ်။ ဒီမိုကရေစီဖက်ဒရယ်စနစ်အတွင်းမှာ တိုင်းရင်းသားတွေ လိုလားတောင့်တနေတဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို တည်ဆောက်ကြရမှာဖြစ်ပါတယ်။  အမျိုးသားပြန်လည် သင့်မြတ်ရေးကို ဆောင်ရွက်ကြရာမှာလည်း နိုင်ငံတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း တွေအကြား သင့်မြတ်အောင်ဆောင်ရွက်ရုံသာမက တိုင်းရင်းသားအချင်းချင်းအကြား သင့်မြတ်ရေး အတွက်ပါ ဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရဲ့ အဓိကလိုအပ်ချက်ဟာ ယုံကြည်မှုပင်ဖြစ်တဲ့အတွက် တိုင်းရင်းသားညီအစ်ကိုမောင်နှမများအကြား သံသယစိတ်ကင်းစင်ပြီး ခိုင်မာတဲ့ယုံကြည်မှုရရှိဖို့ ကြိုးပမ်းသွားဖို့ လိုအပ်ပါတယ်။ တိုင်းရင်းသားသွေးစည်းညီညွတ်မှုနဲ့ အမျိုးသားပြန်လည်သင့်မြတ်မှုတို့ ခိုင်မာသည်ထက်ခိုင်မာအောင် တည်ဆောက်နိုင်တာနဲ့အမျှ ငြိမ်းချမ်း သာယာဝပြောတဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီးကို မလွဲမသွေတည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။

             

နိုင်ငံတော်က အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များမှာ နိုင်ငံတော်အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသားအဖွဲ့အစည်း များ၊ လက်နက်ကိုင်အင်အားစုများ၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများနဲ့ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးက အတူတကွလက်တွဲ ပူးပေါင်းဆောင်ရွက်ရင်း နှစ်(၇၀) ပြည့် ပြည်ထောင်စုနေ့ အမျိုးသားဦးတည်ချက် (၄) ရပ်ဖြစ်တဲ့-

  • ပြည်ထောင်စုစိတ်ဓါတ်နိုးကြားရှင်သန်ရေး
  • အမျိုးသားစည်းလုံးညီညွတ်မှု ခိုင်မာအောင်တည်ဆောက်ရေး
  • ဒီမိုကရေစီဖယ်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေး        
  • ပြည်သူများ၏ လူမှုစီးပွားဘဝတိုးတက်မြင့်မားရေး

တို့ကို အောင်မြင်အောင် ကြိုးပမ်းအကောင်အထည်ဖော်သွားကြပါလို့ တိုက်တွန်းရင်း ပြည်ထောင်စုနေ့ သဝဏ်လွှာ ပေးပို့လိုက်ပါတယ်။

 

                                                                                                ထင်ကျော်                     

                                                                                            နိုင်ငံတော်သမ္မတ