နိုင်ငံတော်သမ္မတ ဦးထင်ကျော်က (၆၉) နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ

Printer-friendly versionSend by email

(၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်)

ချစ်ခင်လေးစားအပ်ပါတဲ့ ချင်းတိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံး မင်္ဂလာပါခင်ဗျား။

 

ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ ကျရောက်တဲ့ (၆၉) နှစ်မြောက် ချင်းအမျိုးသားနေ့ဖြစ်တဲ့ ဒီနေ့ထူး နေ့မြတ် အခါသမယမှာ ချင်းပြည်နယ်အတွင်း မှီတင်းနေထိုင်လျက်ရှိကြတဲ့ တိုင်းရင်းသား ညီအစ်ကို မောင်နှမ ပြည်ထောင်စုသားအားလုံး ကောင်းကျိုး ချမ်းသာ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်း တောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။

 

လွတ်လပ်ရေးရရှိပြီးတဲ့နောက် ၁၉၄၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ ချင်းပြည်နယ်၊ ဖလမ်းမြို့မှာ လူထုညီလာခံကျင်းပပြီး တိုက်သူကြီး (စော်ဘွား)များ အုပ်ချုပ်တဲ့စနစ်မှ ဒီမိုကရေစီ အုပ်ချုပ်ရေး စနစ်သို့ ပြောင်းလဲကျင့်သုံးဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ၁၉၅၀ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့မှာ ရန်ကုန် မြို့မှာကျင်းပတဲ့ သတ္တမအကြိမ် ချင်းရိုးရာကောင်စီညီလာခံမှာလည်း ချင်းအမျိုးသားနေ့ သတ်မှတ်ရေး အဆိုတွေ တင်သွင်းမှုအပေါ် တက်ရောက်လာကြတဲ့ အမတ်အားလုံးရဲ့ ဆန္ဒကိုရယူပြီး ဖလမ်းမြို့ မှာ လူထုညီလာခံကျင်းပခဲ့တဲ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ကို “ချင်းအမျိုးသားနေ့” အဖြစ် ရွေးချယ်သတ်မှတ် အတည်ပြုခဲ့ပါတယ်။ ၁၉၄၈ ခုနှစ်ကို အစပြုပြီး သတ်မှတ်ခဲ့တဲ့ ချင်းအမျိုးသားနေ့ ဟာ ယခုနှစ်ဆိုရင် (၆၉)နှစ်မြောက် ရှိခဲ့ပြီဖြစ်ပါတယ်။ ချင်းအမျိုးသားနေ့ဟာ ဘာသာစကား၊ ယဉ်ကျေးမှု၊ သမိုင်းအစဉ် အလာနှင့် ရိုးရာဓလေ့ထုံးတမ်းအရ တူညီတဲ့မျိုးနွယ်စုအားလုံးပါဝင်တဲ့ ချင်းလူမျိုးတို့ရဲ့ နေ့ထူးနေ့မြတ် လည်း ဖြစ်ပါတယ်။

 

ချင်းပြည်နယ်ဟာ သဘာဝပထဝီအနေအထားအရ မြောက်ကတောင်သို့ သွယ်တန်းနေတဲ့ အနောက် ရိုးမ၊ ဘင်္ဂလား ပင်လယ်အော်ကိုစီးဝင်နေတဲ့ ကုလားတန်မြစ်၊ ရှားပါးအပင်များ ပေါက်ရောက်ရာနဲ့ ရှားပါး သတ္တဝါများ ခိုအောင်းရာ ခေါနူးစုမ်တောင်၊ ဒုတိယက္ဘာစစ်အတွင်း ထင်ရှားတဲ့စစ်မြေပြင်ကနေ ဒီတောင်ထိပ်၊ လှပတဲ့ ရိဒ်ရေကန်၊ တသွင်သွင်စီးဆင်းနေတဲ့ မဏိပူရမြစ်၊ ဘွေနုမြစ်၊ ဘုံတလာ ရေတံခွန် စတဲ့ သဘာဝအရင်းအမြစ်များနဲ့ မြေပေါ်မြေအောက် သယံဇာတများတည်ရှိရာ နေရာတစ်ခု ဖြစ်ပါတယ်။

 

မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပြောင်းလဲမှုမှာ နိုင်ငံရေးအင်အားစုများ ဝင်ရောက်ယှဉ်ပြိုင်တဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့မှာ အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ မိမိတို့ အစိုးရက နိုင်ငံ့တာဝန်များကို စနစ်တကျ လွှဲပြောင်း ရယူ ခဲ့ပါတယ်။ မိမိတို့ အစိုးရအနေနဲ့ ချင်းပြည်နယ်အတွင်းမှာရှိတဲ့ တိုင်းရင်းသားပြည်သူများရဲ့ အနာဂတ် လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိရာ မြို့ ပြနဲ့ ကျေးလက်ဖွံ့ဖြိုး တိုးတက်မှုနဲ့ မြို့နယ် အသီးသီးကြားဖွံ့ ဖြိုးတိုးတက်မှုတို့ တစ်ပြေးညီ ဖြစ်စေဖို့ အခြေခံ ပညာကျောင်းများ တိုးချဲ့ ဖွင့်လှစ်ပေးခြင်း၊ အဆင့်တိုးမြှင့်ပေးခြင်း၊ ပညာရေးဆိုင်ရာ အဆောက် အအုံများ ပြုပြင်ပေးခြင်းနဲ့ အသစ် ဆောက်လုပ်ပေးခြင်း၊ ဆရာ/ဆရာမများ တိုးချဲ့ခန့်ထားပေးခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှုအတွက် ဆေးရုံ၊ ဆေးပေးခန်းများ တိုးချဲ့ဖွင့်လှစ်ပေးခြင်းနဲ့ ဆရာဝန် လိုအပ်မှု ဖြည့်ဆည်းပေးခြင်းတို့ကိုလည်း ဆောင်ရွက်ပေးလျက် ရှိနေပါတယ်။

 

ဒါ့အပြင် ချင်းပြည်နယ်အနှံ့အပြားမှာ မဟာဓာတ်အားလိုင်းက လျှပ်စစ်မီးရရှိရေး၊ လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်စေဖို့ ပြည်မနဲ့ လွယ်ကူစွာ ဆက်သွယ်သွားလာနိုင်တဲ့ အဝေးပြေးလမ်းများ၊ ပြည်နယ်အတွင်း လမ်းများကို တိုးချဲ့ဆောင်ရွက်ပေးခြင်း၊ ချင်းပြည်နယ်ကနေ နိုင်ငံရပ်ခြားအထိ ရေကြောင်းခရီးနဲ့ ဆက်သွယ်သွားလာနိုင်မယ့် ကုလားတန်မြစ်ဝှမ်း ဖွံ့ ဖြိုးရေးနဲ့ ပလက်၀မြို့ ဆိပ်ကမ်းတည်ဆောက်ခြင်း၊ ဖလမ်းမြို့မှာ ချင်းပြည်နယ်ရဲ့ ပထမဆုံးလေယာဉ်ကွင်း တည်ဆောက်ခြင်း၊ ဟားခါး၊ ဖလမ်းနဲ့ ပလက်၀မြို့ ပြစီမံကိန်းတို့ကို ဆောင်ရွက်ပေးလျက်ရှိရာ ကဏ္ဍအလိုက် သိသာထင်ရှားတဲ့ ဖွံ့ ဖြိုးတိုးတက်မှုများလည်း ရရှိနေပြီဖြစ်ပါတယ်။ ဒေသအတွင်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာမှာ နိုင်ငံတော်အစိုးရ၊ ပြည်နယ်အစိုးရတို့နဲ့ အတူ တိုင်းရင်းသားပြည်သူများကလည်း လက်တွဲကြိုးပမ်းဆောင်ရွက်သွားရန် လိုအပ်ပါတယ်။

 

ချင်းပြည်နယ်မှာ သွားလာဖို့ခက်ခဲတဲ့ သဘာ၀မြေမျက်နှာပြင်နဲ့ မြင့်မားတဲ့တောင်တန်း၊ တောင်စွယ်များ တည်ရှိခြင်းကြောင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာမှာ အခက်အခဲများ ကြုံတွေ့နေရ သော်လည်း နိုင်ငံတော်အနေနဲ့ ပြည်နယ်တိုးတက်ရေးအတွက် ကြိုးပမ်းဖြည့်ဆည်း ဆောင်ရွက် ပေးလျက်ရှိပြီး ချင်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားများကလည်း တတ်စွမ်းသရွေ့ ပူးပေါင်းပါဝင် ဆောင်ရွက်သွားဖို့ လိုအပ်ပါတယ်။

 

မကြာခင်ရက်ပိုင်းအတွင်းမှာ ချင်းပြည်နယ်မှာ လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပတော့မယ် ဆိုတာကိုလည်း ဝမ်းမြောက်ဖွယ်ရာ ကြားသိရပါတယ်။ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေ နိုင်ငံအနှံ့အပြားမှာ စည်ကား သိုက်မြိုက်စွာ ကျင်းပလျက်ရှိနေတဲ့အပြင် ပြည်သူလူထုရဲ့ သဘောထားနဲ့ ဆန္ဒတွေ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်လာနိုင်တာကိုလည်း တွေ့ရှိနေရပါတယ်။ နိုင်ငံရေး ပြဿနာတွေကို နိုင်ငံရေးနည်းလမ်းနဲ့ ဆွေးနွေးညှိနှိုင်းအဖြေရှာနိုင်ဖို့ တစ်ခုတည်းသော လမ်းကြောင်း ဟာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံဖြစ်ပါတယ်။ တိုင်းရင်းသား ပြည်သူတွေ နှစ်ပေါင်း များစွာ မျှော်လင့်တောင့်တနေတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးအတွက် (၂၁)ရာစု ပင်လုံညီလာခံကတစ်ဆင့် လျှောက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။

 

မကြာခင်အချိန်အတွင်းမှာ ချင်းပြည်နယ်မှာ ကျင်းပတော့မယ့် လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေမှာ အလွှာပေါင်းစုံ၊ အစုအဖွဲ့ပေါင်းစုံ ပါဝင်နိုင်ကြမှာဖြစ်တဲ့အတွက် ဝမ်းမြောက်စကား ကြိုတင်ပြောကြားလိုပါတယ်။ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေက တစ်ဆင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစု ပင်လုံအောင်မြင်ဖို့၊ တိုင်းရင်းသားတွေ လိုလားတောင့်တနေတဲ့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံချက်ပေးနိုင်မယ့် ဖက်ဒရယ်စနစ် ထွက်ပေါ်လာရေး ပြည်ထောင်စုမျှော်မှန်းချက် ပြည့်၀အောင်မြင်ရေး ကြိုးပမ်း ဆောင်ရွက်ကြရာမှာ ချင်းပြည်နယ်အတွင်းမှာ ရှိတဲ့ တိုင်းရင်းသားပြည်သူများအားလုံးကလည်း စည်းလုံးညီညွတ်စွာနဲ့ ဝိုင်းဝန်းပါဝင်ဆောင်ရွက်သွားကြဖို့ လေးနက်စွာ တိုက်တွန်းရင်း သဝဏ်လွှာ ပေးပို့အပ်ပါတယ်။

 

(ပုံ) ထင်ကျော်                                   

နိုင်ငံတော်သမ္မတ