နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ၂၀၁၇ခုနှစ်၊မတ်လ(၂)ရက်နေ့တွင် ကျရောက်သည့် တောင်သူလယ်သမားနေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ

Printer-friendly versionSend by email

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်သမ္မတရုံး

နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ၂၀၁၇ခုနှစ်၊မတ်လ(၂)ရက်နေ့တွင်

ကျရောက်သည့် တောင်သူလယ်သမားနေ့ အခမ်းအနားသို့

ပေးပို့သည့် သဝဏ်လွှာ

ချစ်ကြည်လေးစားအပ်ပါတဲ့ တောင်သူလယ်သမားကြီးများခင်ဗျား-

၁။ဒီကနေ့ အချိန်အခါသမယဟာ နိုင်ငံတော်တစ်ဝန်းလုံးရှိ တောင်သူလယ်သမားများကို အထူးအလေးအနက် ဂုဏ်ပြုသတ်မှတ်ထားရှိတဲ့ သမိုင်းဝင်နေ့ထူးနေ့မြတ်ကြီး ဖြစ်ပါတယ်။ဤကဲ့သို့ အစဉ်အလာကြီးမားတဲ့ မင်္ဂလာရက်မြတ်အချိန်အခါသမယမှာတောင်သူလယ်သမားများအားလုံးကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာခြင်းအပေါင်းနဲ့ ပြည့်စုံကြကာ ကောင်းကျိုးမင်္ဂလာ အဖြာဖြာတို့နဲ့ ပြည့်စုံကြပြီးလယ်ယာစိုက်ပျိုးရေးလုပ်ငန်းများ ဆတက်ထမ်းပိုး ပိုမိုတိုးတက်ဖြစ်ထွန်းအောင်မြင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။

 

၂။မိမိတို့ပြည်ထောင်စုမြန်မာနိုင်ငံမှာလူဦးရေရဲ့(၇၀)ရာခိုင်နှုန်းဟာ ကျေးလက်ဒေသမှာနေထိုင်ကြပြီး အဓိကစီးပွားရေးလုပ်ငန်းဟာ လယ်ယာလုပ်ငန်းဖြစ်ပြီး တစ်မျိုးသားလုံးရဲ့ ပြည်တွင်းအသားတင် ထုတ်လုပ်မှုနဲ့ ဝန်ဆောင်မှုတန်ဘိုး(GDP) ရဲ့(၃၀%)ခန့်ကို လယ်ယာကဏ္ဍမှရရှိပေမယ့်တောင်သူလယ်သမားအများစုဟာ အကျိုးခံစားခွင့် အလွန်နည်းပါးပြီး လူမှုစီးပွားဘဝ နိမ့်ကျလျက်ရှိပါတယ်။ ရာသီဥတုပြောင်းလဲမှု၊ သဘာဝဘေးနဲ့ အခြားသောဘေးအန္တရာယ်ကျရောက်မှုတွေ၊ သစ်တောပြုန်းတီးခြင်းနဲ့ မြေဆီလွှာထိန်းသိမ်းမှုလုပ်ငန်းတွေအားနည်းခြင်းတို့ရဲ့ အကျိုးဆက်အနေနဲ့ တောင်သူလယ်သမားအများစုဟာ ဝင်ငွေနိမ့်ကျပြီး လူမှုစီးပွားဘဝအခြေအနေများ ထိခိုက်ခဲ့ပါတယ်။ဒါ့ကြောင့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေဖို့ မူဝါဒများနဲ့လုပ်ငန်းစဉ်များကို ခိုင်ခိုင်မာမာရေးဆွဲချမှတ် အကောင်အထည်ဖော်ပြီး တောင်သူလယ်သမားများရဲ့ လူမှုစီးပွားဘဝတိုးတက်လာဖို့ ကြိုးပမ်းဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

 

၃။နိုင်ငံတော်အစိုးရအနေနဲ့ အဓိကရည်မှန်းချက်တာဝန်တစ်ခုအဖြစ် တည်ငြိမ် အေးချမ်းရေးနဲ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေကို ဦးတည်ဆောင်ရွက် လျက်ရှိပါတယ်။အစိုးရသစ်ရဲ့(၁၁)လတာအတွင်းမှာ ရေရှည်တည်တံ့တဲ့ လယ်ယာထုတ်ကုန်စနစ် ထွန်းကားစေဖို့၊နိုင်ငံတကာနဲ့ ယှဉ်ပြိုင်နိုင်စွမ်းရှိတဲ့ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်တွေ တိုးတက်ထုတ်လုပ်နိုင်ဖို့အတွက် ရည်မှန်းချက်ပန်းတိုင်တွေ ဆောင်ရွက်လျက်ရှိပါတယ်။ ဒါ့အပြင် စားနပ်ရိက္ခာဖူလုံဖို့၊ အာဟာရပြည့်ဝရေးနဲ့ အစားအစာဘေးအန္တရာယ်ကင်းရှင်းမှု တိုးတက်လာစေဖို့၊ တောင်သူလယ်သမားများရဲ့ အခွင့်အရေးပြည့်ဝစွာရရှိခံစားနိုင်စေဖို့၊လယ်ယာကဏ္ဍမှာပြည်တွင်းပြည်ပရင်းနှီးမြှပ်နှံမှုတွေတိုးတက်လာစေဖို့စသဖြင့် ရည်မှန်းချက်(၁၁)ချက်ချမှတ်ထားပြီးအဲဒီ ရည်မှန်းချက်တွေကို အကောင်အထည်ဖော်ရာမှာလည်း စိုက်ပျိုးမွေးမြူရေးကဏ္ဍ ထုတ်လုပ်မှုစွမ်းအားမြင့်မားလာဖို့နဲ့အတူ လုပ်ကွက်ငယ်တောင်သူလယ်သမားများရဲ့ ဝင်ငွေပါတိုးတက်လာစေဖို့၊ ကျေးလက်ဒေသလူမှုစီးပွားဘဝ တိုးတက်လာဖို့၊ ဖွံ့ဖြိုးတိုးတက်မှု ရေရှည်တည်တံ့ဖို့စတဲ့ မူဝါဒတွေ ချမှတ်ပြီး ကြိုးပမ်းလျက်ရှိပါတယ်။

 

ချစ်ကြည်လေးစားအပ်ပါတဲ့ တောင်သူလယ်သမားကြီးများခင်ဗျား

၄။မိမိတို့နိုင်ငံဟာ လယ်ယာကဏ္ဍကို အဓိက အားထားနေရပြီး စိုက်ပျိုးရေးကို အခြေခံတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်တာနဲ့အညီတောင်သူလယ်သမားများရဲ့ အခွင့်အရေးတွေကို ကာကွယ်နိုင်ဖို့၊ အကျိုးစီးပွားတွေကို ပိုမိုမြှင့်တင်နိုင်ဖို့အတွက်တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနဲ့ အကျိုးစီးပွားမြှင့်တင်ရေးဥပဒေကိုပြဌာန်းခဲ့ပြီးဖြစ်သလို ဒုတိယသမ္မတဦးဆောင်တဲ့  တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနဲ့ အကျိုးစီးပွားမြှင့်တင်ရေးဦးဆောင်အဖွဲ့ကိုလည်း ဖွဲ့စည်းကာ သတ်မှတ်ထားတဲ့ မူဝါဒများနဲ့ အညီ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။

 

၅။သဘာဝမိုးရေကိုသာ မှီခိုအားထားပြီး စိုက်ပျိုးကြရတဲ့ လယ်မြေများကို ဆည်ရေ သောက်စနစ်တွေတည်ဆောက်ပေးခြင်းဖြင့် သီးထပ်သီးညှပ်တွေ ပိုမိုတိုးတက် စိုက်ပျိုးနိုင်ကြဖို့ ကြိုးပမ်းလျက်ရှိသလို ဒေသအလိုက် လိုက်လျောညီထွေရှိမယ့် သီးနှံတွေ၊ သီးနှံပုံစံတွေ၊စိုက်စနစ်တွေဆောင်ရွက်နိုင်ဖို့အတွက်ကိုလည်းပြည်တွင်းပြည်ပအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ပညာပေးလုပ်ငန်းတွေဆောင်ရွက်လျက်ရှိပါတယ်။

 

၆။ဆည်တာတမံကြီးတွေနဲ့ မြစ်ရေတင်စီမံကိန်းကြီးတွေထိန်းသိမ်းမွမ်းမံခြင်း၊ ရေကိုအကျိုးရှိထိရောက်စွာအသုံးပြုနိုင်ရေး သရုပ်ပြပညာပေးခြင်း၊ စက်မှုလယ်ယာစနစ်တကျဖော်ထုတ်ခြင်း၊ မျိုးကောင်းမျိုးသန့်မျိုးစေ့တွေအပြည့်အဝသုံးစွဲနိုင်ရေးအတွက် မျိုးစေ့ထုတ်လုပ်ခြင်းလုပ်ငန်းတွေကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ခြင်း၊ ထုတ်ကုန်သီးနှံတွေ အရည်အသွေးကောင်းမွန်ရေး၊ ဓာတ်ကြွင်းအာနိသင်တွေကင်းစင်ရေး၊ ရိတ်သိမ်းချိန်လွန်ဆုံးရှုံးမှုလျှော့ချရေးနည်းပညာများစတဲ့ စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်းတွေ ရရှိဖို့ တောင်သူလယ်သမားတွေရဲ့ လက်ဝယ်အရောက် လေ့ကျင့်ပညာပေးခြင်း စတဲ့ လုပ်ငန်းစဉ်တွေကိုလည်း လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအုတ်မြစ်ကောင်းများအဖြစ် အခိုင်အမာ တည်ဆောက်ပေးလျက် ရှိပါတယ်။

 

၇။ဒါ့အပြင် တောင်သူပညာပေး စံနမူနာပြ စိုက်ကွင်းတွေထူထောင်ပြသခြင်းအပြင် တောင်သူတွေကိုယ်တိုင်စိုက်ပျိုးပညာရှင်တွေနဲ့ပါဝင်ပူးပေါင်းပြီးမိမိဒေသနဲ့ကိုက်ညီတဲ့ မျိုး၊ သီးနှံပုံစံ၊စိုက်စနစ်တို့နဲ့ စမ်းသပ်ကွက်များ စိုက်ပျိုးခြင်းတွေကိုလည်း တိုင်းဒေသကြီးနဲ့ ပြည်နယ်အားလုံးမှာ  တစ်ချိန်တည်း တစ်ပြိုင်တည်း ဆောင်ရွက်လျက်ရှိပါတယ်။

 

၈။နိုင်ငံတော်က တောင်သူလယ်သမားများကိုမိမိဒေသနဲ့ ကိုက်ညီမယ့် စျေးကွက်ဝင်သီးနှံများကို စိုက်ပျိုးခွင့်ပေးထားပြီးလည်း ဖြစ်ပါတယ်။တောင်သူလယ်သမားတွေ ဝင်ငွေတိုးတက်ရရှိနိုင်ရေးအတွက် ခိုင်မာတဲ့စျေးနှုန်းနဲ့ရောင်းချနိုင်မယ့် ပြည်တွင်းပြည်ပစျေးကွက်နေရာရရှိနိုင်ရေးအတွက် ကုန်ကြမ်းအဆင့်အနေနဲ့သာမက တန်ဖိုးမြှင့်ထုတ်ကုန် ကုန်ချောတွေ ထုတ်လုပ်ပြီး နိုင်ငံတကာစျေးကွက်ကို တင်ပို့ရောင်းချနိုင်ဖို့အတွက်လည်း အားပေးမြှင့်တင်ဆောင်ရွက်လျက်ရှိပါတယ်။ထုတ်ကုန်သီးနှံတွေရဲ့ စျေးနှုန်းခိုင်မာပြီး ဝင်ငွေပိုမိုတိုးတက်ရရှိစေဖို့နဲ့ ပြည်တွင်းပြည်ပမှာ ခိုင်မာတဲ့ စျေးကွက်ရရှိရေးအတွက် စျေးပြိုင်စနစ် ကျင့်သုံးမယ့် နိုင်ငံတကာအဆင့်မီလက်ကားစျေးကွက်“Wholesale Market”တွေ ပေါ်ပေါက်လာရေးအတွက်လည်း စနစ်တကျစီမံဆောင်ရွက်လျက်ရှိနေပြီ ဖြစ်ပါတယ်။

 

ချစ်ကြည်လေးစားအပ်ပါတဲ့ တောင်သူလယ်သမားကြီးများခင်ဗျား

၉။နိုင်ငံအဝန်းရှိ လုပ်ကွက်ငယ်တောင်သူလယ်သမားများရဲ့ စွမ်းအားကိုရယူပေါင်းစုနိုင်မယ့် လယ်ယာထုတ်ကုန် သမဝါယမအသင်းအဖွဲ့တွေဖွဲ့စည်းထူထောင်နိုင်ဖို့လည်း ထိရောက်စွာ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။ခေတ်မီ စိုက်ပျိုးနည်းပညာတွေ တောင်သူလက်ဝယ်အရောက်အလွယ်တကူရောက်ရှိဖို့ ရာသီဥတုဆိုင်ရာ သတင်းအချက်အလက်များနဲ့ စျေးကွက်ဆိုင်ရာသတင်းအချက်အလက်များကိုအချိန်နဲ့တစ်ပြေးညီ သိရှိဖို့၊ စိတ်လက်အပန်းဖြေနိုင်ဖို့အတွက်နိုင်ငံပိုင်နဲ့ ပုဂ္ဂလိကပိုင် မီဒီယာတွေသာမက အခုနောက်ဆုံး လူတိုင်းလက်ဝယ်ရောက်ရှိလာနေပြီဖြစ်တဲ့ မိုဘိုင်းဖုန်းတွေကနေတစ်ဆင့် သတင်းအချက်အလက်တွေ မျှဝေပေးနေပါတယ်။

 

၁၀။ကမ္ဘာ့လူဦးရေဟာလည်း နေ့စဉ်တိုးတက်လျက်ရှိနေရာ လက်ရှိ လူဦးရေ သန်းပေါင်း(၇၀၀၀)ကျော်ဟာလာမယ့် ၂၀၅၀ ပြည့်နှစ်မှာ သန်းပေါင်း(၉၀၀၀)ရှိလာမှာဖြစ်တဲ့အတွက် လိုအပ်လာမယ့်စားနပ်ရိက္ခာကို ပိုမိုတိုးတက် စိုက်ပျိုးထုတ်လုပ်ကြရမှာလည်း ဖြစ်ပါတယ်။မိမိတို့နိုင်ငံအနေနဲ့လည်း လာမယ့်နှစ်များအတွင်း တိုးပွားလာ နိုင်မယ့် လူဦးရေပမာဏအတွက် မျှော်မှန်းပြီးနိုင်ငံရဲ့ စားနပ်ရိက္ခာလုံခြုံစိတ်ချမှု ရှိရုံသာမကနိုင်ငံတကာစျေးကွက်ကို ပိုမိုတိုးတက် တင်ပို့ရောင်းချနိုင်ရေး ရည်မှန်းချက်နဲ့စိုက်ပျိုးမွေးမြူထုတ်လုပ်မှုတွေကို ဘက်ပေါင်းစုံက အရှိန်အဟုန်မြှင့်တင်အားပေးဆောင်ရွက်လျက်ရှိပါတယ်။

 

၁၁။မိမိတို့နိုင်ငံရဲ့မြေသယံဇာတနဲ့ရေသယံဇာတပေါကြွယ်ဝမှု၊ ရာသီဥတု ကောင်းမွန်မှုစတဲ့ အားသာချက်တွေနဲ့ တောင်သူလယ်သမားတို့ရဲ့ပေါင်းစည်းအင်အားတို့ကို အခြေခံပြီး လယ်ယာကဏ္ဍ အပါအဝင်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်မြှင့်တင်ပြီး ကြိုးပမ်းဆောင်ရွက်ကြရမယ့် အချိန်အခါကောင်း ဖြစ်တာနဲ့အညီ တောင်သူလယ်သမားတွေရဲ့ လူမှုစီးပွားဘဝ မြှင့်တင်ရန် အခါအခွင့်သင့်သောအခြေအနေလည်း ဖြစ်ပါတယ်။

 

ချစ်ကြည်လေးစားအပ်ပါတဲ့ တောင်သူလယ်သမားကြီးများခင်ဗျား

၁၂။နိဂုံးချုပ်အနေနဲ့ ပြည်ထောင်စုတစ်ဝန်းလုံးမှာရှိတဲ့ တောင်သူလယ်သမားတွေ အပါအဝင် နိုင်ငံသား အားလုံးရဲ့ ရေရှည် အမျိုးသားရေး အကျိုးစီးပွားအတွက်  ကြုံတွေ့ ရင်ဆိုင်ကြရမယ့် စိန်ခေါ်မှု၊ အတားအဆီးနဲ့ အခက်အခဲ မှန်သမျှတို့ကို လားရာတူသို့ သာတူညီမျှစွာနဲ့ ပြိုင်တူတွန်းကာ  ရည်မှန်းချက် ပန်းတိုင်အရောက် ချီတက်ကြပါစို့လို့ အလေးအနက် တိုက်တွန်းရင်း သဝဏ်လွှာပေးပို့အပ်ပါတယ်။