နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ၂၀၁၇ ခုနှစ်၊ မေလ(၁)ရက်နေ့တွင် ကျရောက်သည့် အလုပ်သမားနေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ

Printer-friendly versionSend by email

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်သမ္မတရုံး

နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ၂၀၁၇ ခုနှစ်၊ မေလ(၁)ရက်နေ့တွင်

ကျရောက်သည့် အလုပ်သမားနေ့  အခမ်းအနားသို့

ပေးပို့သည့် သဝဏ်လွှာ

 

ချစ်ကြည်လေးစားအပ်ပါတဲ့ အလုပ်သမားကြီးများခင်ဗျား  

 

၁။     ဒီကနေ့ ၂၀၁၇ ခုနှစ်၊ မေလ ၁ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့အလုပ်သမားနေ့မှာ မြန်မာနိုင်ငံတစ်ဝန်းမှာသာမက ကမ္ဘာ့နိုင်ငံအသီးသီးမှာ ရှိကြတဲ့ မြန်မာအလုပ်သမားထု တစ်ရပ်လုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနဲ့ ပြည့်စုံကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သရင်း နှုတ်ခွန်း ဆက်သအပ်ပါတယ်။

 

၂။      ယနေ့ ကျွန်တော်တို့ အစိုးရသစ်အနေနဲ့ လုပ်နည်းလုပ်ဟန်​တွေ ပြောင်းလဲပြီး  ကဏ္ဍပေါင်းစုံမှာ တိုးတက်စေဖို့ ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေးမှာ အလုပ်သမားကြီးများဟာ အဓိကကျတဲ့အခန်းကဏ္ဍမှာ ပါဝင်နေတာ ဖြစ်တဲ့အတွက် အလုပ်သမားရေးရာ ကဏ္ဍမှာလည်း လူမှုရေးတရားမျှတမှုအပေါ် အခြေခံတဲ့ အစိုးရအဖြစ်၊ အလုပ်ရှင်၊ အလုပ်သမား၊ မိတ်ဖက်အဖွဲ့အစည်း အသီးသီးတို့နဲ့ ပူးပေါင်း ဆောင်ရွက်လျက်ရှိပါတယ်။

         

၃။      နိုင်ငံတော်ရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးနဲ့ လုပ်ငန်းခွင်ဆက်ဆံရေး ကောင်းမွန်ရေးတို့ဟာ အပြန်အလှန် အမှီသဟဲပြုနေတာ ဖြစ်ပါတယ်။ ဒါကြောင့် စက်ရုံ၊ အလုပ်ရုံများမှာ အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်များ ချုပ်ဆိုဆောင်ရွက်ဖို့၊ သက်ဆိုင်ရာဥပဒေနဲ့အညီ အလုပ်သမား/ အလုပ်ရှင် အဖွဲ့အစည်းများ ဖွဲ့စည်းဆောင်ရွက် ပေးဖို့နဲ့ အလုပ်သမားရေးရာ ပြဿနာများ လျော့နည်းကျဆင်းစေဖို့တွေကို ဆောင်ရွက် ပေးကြရမှာ ဖြစ်ပါတယ်။ အလုပ်ရှင်နဲ့ အလုပ်သမားများ အချင်းချင်း ဆက်ဆံရေး ကောင်းမွန်ပြီး အပြန်အလှန် လေးစားယုံကြည်မှုနဲ့ စည်းလုံးညီညွတ်စွာ လုပ်ကိုင် ဆောင်ရွက်နိုင်မှသာ ကုန်ထုတ်စွမ်းအား တိုးတက်လာပြီး လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်ကို ရောက်ရှိမှာ ဖြစ်ပါတယ်။ အဲ့ဒီ ရည်မှန်းချက် ပန်းတိုင်ကို ရောက်ရှိဖို့ Social Dialogue လို့ ခေါ်တဲ့ လူမှုရေးဆွေးနွေးမှုဟာ မရှိမဖြစ် အရေးပါတဲ့အတွက် အစိုးရ၊ အလုပ်သမားနဲ့ အလုပ်ရှင်တို့ ပါဝင်ဖွဲ့စည်းထားတဲ့ အမျိုးသားအဆင့် သုံးပွင့်ဆိုင် အစည်းအဝေးများမှာ လူမှုရေးဆွေးနွေးမှုများ တိုးမြှင့် ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။

 

ချစ်ကြည်လေးစားအပ်ပါတဲ့ အလုပ်သမားကြီးများခင်ဗျား

 

၄။      အလုပ်သမားဥပဒေများကို နိုင်ငံတကာ၊ ဒေသဆိုင်ရာစံနှုန်း သတ်မှတ်ချက်များနဲ့ လိုက်လျောညီထွေဖြစ်ဖို့အတွက် လက်ရှိဥပဒေများကို သုံးသပ်ပြင်ဆင်ရာမှာ ဥပဒေ ပညာရှင်များ၊ ILO နဲ့ ပြည်တွင်း/ပြည်ပ ကျွမ်းကျင်သူများထံက အကြံဉာဏ်များ ရယူ ဆောင်ရွက်ခဲ့ပါတယ်။ ဒါ့အပြင် လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနဲ့ ကျန်းမာရေး ဥပဒေ၊ နိုင်ငံခြားသားအလုပ်သမားဥပဒေတို့ မရှိသေးတဲ့အတွက် အသစ်ပြဋ္ဌာန်းနိုင်ရေး ကိုလည်း ဆောင်ရွက်လျက်ရှိပါတယ်။

 

 

၅။      နိုင်ငံတော်အနေနဲ့ အလုပ်အကိုင် ရှာဖွေရေးရုံး (Labour Exchange Office) များ ဖွင့်လှစ်ထားပြီး အလုပ်သမားမှတ်ပုံတင်ပြုလုပ်ပေးကာ အလုပ်ရှင်များနဲ့ ဆက်သွယ် ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ရပ်ဝေးနေရာတွေကိုတော့ Mobile Team များနဲ့ ကွင်းဆင်း ဆောင်ရွက်ပေးလျက် ရှိပါတယ်။ ဒါ့အပြင် အလုပ်အကိုင်ပြပွဲများ ခင်းကျင်း ပြသပြီး အလုပ်ခန့်ထားနိုင်ရေးကို အလုပ်ရှင်များနဲ့ ညှိနှိုင်းဆောင်ရွက်ပေးလျက် ရှိပါတယ်။

 

 

၆။      ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကိုင်တဲ့ အလုပ်သမားရေးရာကိစ္စရပ်များ ဖြေရှင်းဆောင်ရွက်ပေးနိုင်ရေးအတွက် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ Myanmar Migrant Workers' Reporting Counter များ ဖွင့်လှစ်ထားပြီး အတတ်နိုင်ဆုံး ကာကွယ်စောင့်ရှောက်ပေးလျက်ရှိပါတယ်။ ဒါ့အပြင် တိုင်းဒေသကြီး/ပြည်နယ်များမှာလည်း Migrant Resource Center (MRC) ရုံးများဖွင့်လှစ်ပြီး ရွှေ့ပြောင်းအလုပ်သမားများ ဆိုင်ရာ လုံခြုံစိတ်ချမှုရရှိအောင် ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ဒါ့အပြင် ကိုရီးယား သမ္မတနိုင်ငံ၊ ထိုင်းနိုင်ငံနဲ့ မလေးရှားနိုင်ငံတွေမှာ မြန်မာအလုပ်သမားသံအရာရှိ (Labour Attache) များခန့်အပ်ထားပြီး အဲ့ဒီနိုင်ငံတွေမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမားများ ရေးရာကိစ္စရပ်များကို ဖြေရှင်းပေးလျက်ရှိပါတယ်။

 

၇။      တစ်ဖက်မှာလည်း မြန်မာအလုပ်သမားများကို အမျိုးသားအဆင့် အလုပ်အကိုင် ဆိုင်ရာ ကျွမ်းကျင်မှုစစ်ဆေး အကဲဖြတ်ပြီး အသိအမှတ်ပြုလက်မှတ်ထုတ်ပေးလျက် ရှိတဲ့အပြင် အာဆီယံဒေသတွင်း ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးနဲ့ လုပ်သားထု ယှဉ်ပြိုင် နိုင်စွမ်း မြှင့်တင်ပေးရေးတို့အတွက် လုပ်ငန်းခွင်ကျွမ်းကျင်မှု လေ့ကျင့်သင်ကြားရေး သင်တန်းများကိုလည်း ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိပါတယ်။

 

ချစ်ကြည်လေးစားအပ်ပါတဲ့ အလုပ်သမားကြီးများခင်ဗျား

 

၈။         အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့နဲ့ ပူးပေါင်းပြီး အဓမ္မခိုင်းစေမှု ပပျောက်ရေးနဲ့ ကလေးအလုပ်သမားပပျောက်ရေးအတွက် Myanmar Program on Elimination of Child Labour – MY-PEC အစီအစဉ်ကို ၂၀၁၄ ခုနှစ်မှ ၂၀၁၇ ခုနှစ် အထိ (၄) နှစ် စီမံကိန်းချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာမှာ လုပ်သား အင်အား၊ ကလေးလုပ်သားနဲ့ ကျောင်းအပြီး လုပ်ငန်းခွင်ဝင်ရောက်မှု အကူးအပြောင်း ဆန်းစစ်ခြင်းဆိုင်ရာ စစ်တမ်းအပေါ် အသေးစိတ်အစီရင်ခံစာကို ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ ထုတ်ပြန်နိုင်ခဲ့ပါတယ်။

 

၉။      ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေး ဥပဒေအရ အလုပ်သမားများအတွက် လူမှုအကာအကွယ် ပေးနိုင်ဖို့အတွက် အာမခံစနစ်(၆)မျိုးကို ပြဌာန်းနိုင်ခဲ့ပါတယ်။ ယင်းအနက်မှ အာမခံစနစ် (၃) မျိုးကို လက်ရှိအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာမှာ အလုပ်သမားများအတွက် လူမှုအကာအကွယ် နဲ့ ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်တဲ့ လူမှုဖူလုံရေး စီမံကိန်းကိုလည်း အကောင် အထည်ဖော်ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။

 

၁၀။   အလုပ်သမားများအနေနဲ့ လုပ်ငန်းခွင် အခွင့်အရေးတွေ အပြည့်အဝရရှိစေဖို့ ကျွမ်းကျင်တဲ့ စစ်ဆေးရေးမှူးများက နိုင်ငံတစ်ဝန်းလိုက်လံ စစ်ဆေးပြီး  အလုပ်ရှင်၊ အလုပ်သမားများအား အသိပညာပေးခြင်း၊ ဥပဒေအရ အရေးယူသင့်တာတွေ အရေးယူခြင်း တို့ကို ဆောင်ရွက်ပေးလျက်ရှိပါတယ်။

 

၁၁။       အလုပ်သမားများအနေနဲ့ ပြင်ဆင်ပြဌာန်းထားတဲ့  အလုပ်သမားအဖွဲ့အစည်း ဥပဒေနဲ့အညီ အဖွဲ့အစည်းဝင် အလုပ်သမားများကိုယ်တိုင် ဖွဲ့စည်းပုံစည်းမျဉ်းနဲ့ လုပ်ငန်းစဉ်များကိုချမှတ်ပြီး လွတ်လပ်စွာဆောင်ရွက်ခွင့်ရှိတဲ့ အလုပ်သမားအဖွဲ့အစည်း များလည်း ပေါ်ပေါက်လာပြီ ဖြစ်ပါတယ်။ ဒီလို အဖွဲ့အစည်းတွေဟာ ကိုယ့်အဖွဲ့အစည်း၊ ကိုယ့်အသိုက်အဝန်း၊ ကိုယ့်အဖွဲ့ဝင်တွေရဲ့ အကျိုးစီးပွား ဖော်ဆောင်ပေးဖို့အတွက်  ဖွဲ့စည်းထားတာဖြစ်ပြီး ပုဂ္ဂိုလ်ရေး၊ နိုင်ငံရေးအမြတ်ထုတ်ရန် ဖွဲ့စည်းထားခြင်း မဟုတ်တာကို အထူးသတိပြုကြဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

 

ချစ်ကြည်လေးစားအပ်ပါတဲ့ အလုပ်သမားကြီးများခင်ဗျား

 

၁၂။       နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အလုပ်သမားများရဲ့ လုပ်အားနဲ့ အကောင်အထည်ဖော်ရာမှာ အလုပ်သမားထုရဲ့အင်အားက အဓိကကျသလို အလုပ်သမားတွေ အတွက် အလုပ်အကိုင်တွေ ဖန်တီးပေးတဲ့ အလုပ်ရှင်ဆိုတာကလည်း မရှိမဖြစ်တဲ့ မိတ်ဖက်တစ်ဦး ဖြစ်တယ်ဆိုတာ မငြင်းနိုင်တဲ့ အချက်ဖြစ်ပါတယ်။ ဒီမိတ်ဖက်နှစ်ဦးရဲ့ ဟန်ချက်ညီတဲ့တွန်းအားက နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှုဆိုတဲ့ အရွေ့ကို ဖြစ်ပေါ်စေမယ် ဆိုတာ အထူးပြောစရာမလိုပါဘူး။ ဒါကြောင့် နိုင်ငံတကာမှာ အလုပ်ရှင်နဲ့ အလုပ်သမားတွေ တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်နေမှုများကို စံနမူနာယူပြီး နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် တူညီတဲ့အင်အားနဲ့ ပြိုင်တူ ကြိုးပမ်းအားထုတ်ကြဖို့ အလေးအနက် တိုက်တွန်းရင်း သဝဏ်လွှာ ပေးပို့လိုက်ပါတယ်။