ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော်၏ နှစ် (၅ဝ) ပြည့် အာဆီယံနေ့ ဗီဒီယိုသဝဏ်လွှာ

Printer-friendly versionSend by email

(၂ဝ၁၇ ခုနှစ်၊ ဩဂုတ်လ ၈ ရက်)

အာဆီယံအဖွဲ့ကြီးရဲ့နှစ် (၅ဝ)ပြည့် နှစ်ပတ်လည်နေ့မှာ အခုလို နှုတ်ဆက်စကားပြောကြားခွင့်ရတဲ့ အတွက် အထူးပဲ ဝမ်းမြောက်ဂုဏ်ယူမိပါတယ်။

 

ဒီနှစ်ပေါင်း (၅ဝ)အတွင်းမှာ ကျွန်တော်တို့ အာဆီယံနိုင်ငံအားလုံးမှာ ထူးခြားတဲ့ တိုးတက်မှုတွေ ရရှိခဲ့ပါတယ်။ ဒီကနေ့မှာဆိုရင် အာဆီယံ ၁ဝ နိုင်ငံရဲ့ စီးပွားရေးအင်အားဟာ ကမ္ဘာပေါ်မှာနံပါတ် (၇) နေရာကို ရောက်ရှိနေပါပြီ။ ဒီအောင်မြင်မှုဟာ အာဆီယံနိုင်ငံတွေ မဆုတ်မနစ် ကြိုးပမ်းအားထုတ်မှုရဲ့ မှတ်ကျောက်ပဲဖြစ်ပါတယ်။

 

အရှေ့တောင်အာရှဒေသတွင်းမှာရှိတဲ့ ပြည်သူအားလုံးအတွက် အေးချမ်းတဲ့၊ တည်ငြိမ်တဲ့၊ စီးပွားရေး အရလည်း သာယာဝပြောတဲ့ ဒေသကြီးတစ်ခုဖြစ်လာဖို့ အာဆီယံအဖွဲ့ကြီးကို ဖွဲ့စည်းထူထောင်ခဲ့တာ ဖြစ်ပါတယ်။ အာဆီယံရဲ့သမိုင်းမှာ နိုင်ငံရေး၊ စီးပွားရေး အကျပ်အတည်းတွေနဲ့ မကြာခဏ ကြုံတွေ့ခဲ့ရပါတယ်။ သို့သော်လည်း အပြန်အလှန်လေးစားမှု၊ အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှု၊ အားလုံးရဲ့ တူညီဆန္ဒကို အလေးထားမှု စတဲ့ အာဆီယံအခြေခံမူတွေပေါ်မှာ ခိုင်ခိုင်မာမာ ရပ်တည်ခဲ့ပါတယ်။ ဒီလို ထူးခြားတဲ့ ''အာဆီယံနည်း အာဆီယံဟန်'' နဲ့ တည်ငြိမ်အေးချမ်းမှု၊ ဖွံ့ဖြိုးတိုးတက်မှုတို့ကို ဆောင်ကြဉ်းနိုင်ခဲ့ပါတယ်။

 

ပြီးခဲ့တဲ့ နှစ်ပေါင်း ၅ဝ ရဲ့ အတွေ့အကြုံတွေအပေါ် အခြေခံပြီး တိုးတက်ပြောင်းလဲနေတဲ့ ကမ္ဘာ့ အခြေအနေများအကြားမှာ အာဆီယံအဖွဲ့ကြီးကို ရှင်သန်ထက်မြက်တဲ့ အဖွဲ့အစည်းကြီးအဖြစ် ရပ်တည် သွားနိုင်ဖို့ ဆက်လက် ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။

 

မြန်မာနိုင်ငံအနေနဲ့ ၂ဝ၁၄ ခုနှစ် အာဆီယံဥက္ကဋ္ဌတာဝန်ထမ်းဆောင်ခဲ့ရခြင်းအပါအဝင် အာဆီယံ အသိုက်အဝန်း တည်ထောင်တဲ့လုပ်ငန်းစဉ်မှာ တက်တက်ကြွကြွ ပါဝင်နိုင်ခဲ့တဲ့အတွက် အထူးပဲ ဝမ်းမြောက် ဂုဏ်ယူရပါတယ်။

 

အာဆီယံရဲ့ ဒေသတွင်း ပေါင်းစည်းရေးလုပ်ငန်းတွေကိုလည်း ဆက်လက်ပြီးတော့ ပူးပေါင်းပါဝင် ဆောင်ရွက် သွားမှာဖြစ်ပါတယ်။ အာဆီယံရဲ့ ဘုံရည်မှန်းချက်ဖြစ်တဲ့ ''အာဆီယံအသိုက်အဝန်း မျှော်မှန်းချက် ၂ဝ၂၅'' ကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။

 

အာဆီယံ ပြည်သူများအားလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေ။

''မင်္ဂလာပါ အာဆီယံ''