ဦးကိုနီအား သေနတ်ဖြင့် အနီးကပ်ပစ်ခတ်လုပ်ကြံသတ်ဖြတ်မှုနှင့် စပ်လျဉ်းသည့် သတင်းထုတ်ပြန်ချက်

Printer-friendly versionSend by email

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်

နိုင်ငံတော်သမ္မတရုံး

သတင်းထုတ်ပြန်ချက်အမှတ် ( / ၂၀၁၇ )

(၁၃၇၈ ခုနှစ်၊ တပို့တွဲလဆန်း   ၃  ရက်)

(၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ    ၃၀    ရက်)

ဦးကိုနီအား သေနတ်ဖြင့် အနီးကပ်ပစ်ခတ်လုပ်ကြံသတ်ဖြတ်မှုနှင့် စပ်လျဉ်းသည့်

သတင်းထုတ်ပြန်ချက်

၁။ အင်ဒိုနီးရှားနိုင်ငံတွင် ဇန်နဝါရီလ ၂၂ ရက်နေ့မှ ၂၉ ရက်နေ့အထိ ကျင်းပခဲ့သော အကြီးတန်း ခေါင်းဆောင်မှု အစီအစဉ်ကို တက်ရောက်ခဲ့သည့် ဦးကိုနီ (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေ အကြံပေး) သည် ၂၉ - ၁ - ၂၀၁၇ ရက်နေ့ စင်္ကာပူလေဆိပ်မှတစ်ဆင့် မြန်မာနိုင်ငံသို့အပြန် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ယင်းနေ့ ညနေ ၅ နာရီ အချိန်ခန့်တွင် ဦးခေါင်းအား ပစ္စတိုသေနတ်ဖြင့် အနီးကပ်ပစ်ခတ် လုပ်ကြံသတ်ဖြတ်ခံရမှုကြောင့် နေရာတွင်ပင် သေဆုံးခဲ့ရပါ သည်။ ယင်းဖြစ်စဉ်တွင် သေနတ်ဖြင့် ပစ်ခတ်သူအား ဖမ်းဆီးရမိရေး ကြိုးပမ်းဆောင်ရွက်ခဲ့သူ တက္ကစီယာဉ်မောင်း ဦးနေဝင်း မှာလည်း တရားခံက သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရပါ သည်။ တာဝန်သိပြည်သူများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ဝိုင်းဝန်းဖမ်းဆီးမှုဖြင့် တရားခံဖြစ်သူ ဦးကြည်လင်း (၅၃) နှစ်ကို ဖမ်းဆီးရမိ ခဲ့ပါသည်။

၂။ လုပ်ကြံခံရမှုကြောင့် သေဆုံးခဲ့ရသည့် ဦးကိုနီနှင့် တရားခံ ဖမ်းဆီးရမိရေးအတွက် ကြိုးပမ်း ဆောင်ရွက်ရင်း သေဆုံးခဲ့သည့် ဦးနေဝင်းတို့အတွက် များစွာစိတ်မကောင်းဖြစ်ရပါသည်။ တရားခံ အား ဝိုင်းဝန်းကူညီဖမ်းဆီးပေးခဲ့ကြသည့် တာဝန်သိပြည်သူများအားလုံးကိုလည်းကျေးဇူးဥပကာရ အထူးပင် တင်ရှိပါသည်။

၃။ ကနဦးစစ်ဆေးချက်များအရ ဤဖြစ်ရပ်သည် နိုင်ငံတော်အတွင်း တည်ငြိမ်အေးချမ်းမှု ပျက်ပြား စေရန် ရည်ရွယ်ဆောင်ရွက်ခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်တွေ့ရှိရပါသည်။ နိုင်ငံတော်အစိုးရ အနေဖြင့် ဖြစ်စဉ်အမှန် ပေါ်ပေါက်ရေးအတွက် စုံစမ်းစစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်လျက် ရှိပြီး ယင်းဖြစ်စဉ် ဖြစ်ပွားခဲ့မှု အခြေအနေများပေါ် မူတည်၍ လုံခြုံရေး အစီအမံများကိုလည်း အထူးအလေးထား၍ ဆောင်ရွက်လျက်ရှိပါသည်။

၄။ သို့ပါ၍ ပြည်သူများအနေဖြင့် ဤဖြစ်စဉ်ကြောင့် အထိတ်တလန့်မဖြစ်ဘဲ တည်ငြိမ်အေးချမ်းစွာ နေထိုင်ကြရန်၊ ဘာသာရေးနှင့် လူမျိုးရေး သွေးထိုးမှုများကို အထူးဂရုပြုကြရန်၊ ယခု လုပ်ကြံ သတ်ဖြတ်မှုဖြစ်စဉ်နှင့် စပ်လျဉ်း၍ဖြစ်စေ၊ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လုပ်ဆောင်မှုများ နှင့် စပ်လျဉ်း၍ဖြစ်စေ ထူးခြားမှုများတွေ့ရှိပါက တာဝန်ရှိသူများထံ အမြန်ဆုံး ဆက်သွယ် အသိပေးကြပါရန် မေတ္တာရပ်ခံလျက် သတင်းထုတ်ပြန်အပ်ပါသည်။