အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းက အစိုးရ၏ ဦးစားပေးလုပ်ငန်းစဉ်များနှင့် ရခိုင်ပြည်နယ်အခြေအနေ ရှင်းလင်းပြောကြား

Printer-friendly versionSend by email

နေပြည်တော် ဖေဖော်ဝါရီ ၁၆

ပြည်ထောင်စုအစိုးရက အသစ်ခန့်အပ်လိုက်သည့် အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်း သည် သံတမန်အသိုင်းအဝိုင်းနှင့် ကုလသမဂ္ဂအဖွဲ့အစည်းများမှ အဖွဲ့ဝင် ၆ဝ ကျော်ကို ဖေဖော်ဝါရီ ၁၅ ရက်က ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)တွင် တွေ့ဆုံခဲ့ပြီး ၎င်း၏ လုပ်ငန်းတာဝန်၊ ဆောင်ရွက်ရသည့် အခန်းကဏ္ဍနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ဦးသောင်းထွန်းနှင့်အတူ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေနှင့် ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်းတို့လည်း တက်ရောက်ခဲ့ကြသည်။

နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ငြိမ်းချမ်းသာယာဝပြောသော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးတို့အတွက် နိုင်ငံတော်အစိုးရ၏ ကြိုးပမ်းဆောင်ရွက်ချက် များတွင် အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်၏ အခန်းကဏ္ဍသစ်အနေဖြင့် ပံ့ပိုးကူညီဆောင်ရွက် သွားမည့်အခြေအနေများကို ရှင်းလင်းပြောကြား၍ တွေ့ဆုံပွဲကို စတင်ပေးခဲ့သည်။

ပြည်ထောင်စုဝန်ကြီးက အစိုးရအနေဖြင့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေးတို့ကို အစိုးရ၏ ဦးစားပေးအဖြစ် ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့ပြီး ''အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေးမရှိရင် သာယာဝပြောသော ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံ တည်ဆောက်ဖို့ မျှော်မှန်းနိုင်မှာမဟုတ်''ဟု အလေးပေးပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အစိုးရသစ် တာဝန်ယူဆောင်ရွက်သည့် အချိန်မှစတင်၍ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အသစ် ပြန်လည်စတင်ဆောင်ရွက်ခဲ့သည့် လုပ်ငန်းစဉ်များကိုလည်း အကျဉ်းချုပ် ရှင်းလင်းပြောကြား ခဲ့သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်လျက်ရှိသည့် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲ ကော်မတီ (Union Peace Dialogue Joint Committee-UPDJC) လုပ်ဆောင်ချက်များ၊ ဒေါက်တာတင်မျိုးဝင်းက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည့် ငြိမ်းချမ်းရေးကော်မရှင်အား အသစ်ဖွဲ့စည်းဆောင်ရွက်ခဲ့မှု၊ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးကို အစိုးရအနေဖြင့် ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရေး ဦးတည်၍ အမျိုးသားပြန်လည်သင့်မြတ် ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ပြင်ဆင်ဖွဲ့စည်းမှုတို့ကို အလေးပေးပြောကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီးက ရခိုင်ပြည်နယ်အတွင်း ဆောင်ရွက်နေသည့် အမျိုးသားပြန်လည် ရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် နိုင်ငံတစ်ဝန်းငြိမ်းချမ်း တည်ငြိမ်စေရေးအတွက် အလွန်အရေးကြီးသည်ဟု ထင်မြင် ပါကြောင်း၊ ထို့ကြောင့်လည်း ပြည်ထောင်စုအစိုးရအနေ ဖြင့် ၂ဝ၁၆ ခုနှစ် မေလ ၃ဝ ရက်နေ့တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်သည့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေး ဗဟိုကော်မတီကို ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါကြောင်းလည်း ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် အခြေအနေများကို မီးလောင်ရာလေပင့်မဖြစ်စေဘဲ ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရန် အရေးကြီးကြောင်း၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည် ဖော်ရေး ဗဟိုကော်မတီမှတစ်ဆင့် ရခိုင်ပြည်နယ်အတွင်း ဖွံ့ဖြိုးမှုနောက်ကျနေမှုများကို ဖြေရှင်းဆောင်ရွက် သွားမည်ဟု အစိုးရအနေဖြင့် သန္နိဋ္ဌာန်ချမှတ်ထားကြောင်း၊ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ဦးဆောင်သည့် သီးခြားလွတ်လပ်သည့် ကော်မရှင်၏ ဆောင်ရွက်ချက်များက ရေရှည်ကာလအတွက် ဖြေရှင်းချက်များရှာဖွေရာတွင် အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း အလေးပေးပြောကြားသည်။

ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းက တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခတ်မှုရပ်စဲရေး သဘောတူ စာချုပ် (Nationwide Ceasefire Agreement-NCA)အကောင်အထည်ဖော်မှု အခြေအနေများ၊ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံကျင်းပနေမှု၊ လက်နက်ကိုင် ပဋိပက္ခများ၊ လက်မှတ်မထိုးရသေးသည့် အဖွဲ့များနှင့် ဆွေးနွေးမှုအခြေအနေများစသည်အားဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် နောက်ဆုံးအခြေအနေနှင့် တိုးတက်မှုများကို ရှင်းလင်းပြောကြားခဲ့သည်။

ဒေါက်တာတင်မျိုးဝင်းက အစိုးရအနေဖြင့် နှစ်လမ်းသွားလမ်းကြောင်းကို ရွေးချယ်ဆောင်ရွက်လျက် ရှိကြောင်း၊ တစ်နည်းမှာ လက်မှတ်ရေးထိုးထားသည့် အဖွဲ့များနှင့် NCA သဘောတူညီချက်များအား ဆက်လက် အကောင်အထည်ဖော်ရန်အတွက် လက်တွဲပူးပေါင်း ဆောင်ရွက်ခြင်းဖြစ်ပြီး နောက်တစ်နည်းမှာ လက်မှတ် မထိုးရသေးသည့်အဖွဲ့များ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွင်း ရောက်ရှိပါဝင်လာစေရေးအတွက် ဆွေးနွေးညှိနှိုင်း ခြင်ဖြစ်ကြောင်း ပြောကြားသည်။

၎င်းက NCA တွင် အရေးကြီးသော အပိုင်းနှစ်ပိုင်းပါရှိကြောင်း၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကို ဆက်လက် ထိန်းသိမ်းရန်နှင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပဆောင်ရွက်ရန်ဖြစ်ကြောင်း၊ ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး ပူးတွဲ စောင့်ကြည့်ရေးကော်မတီ (Joint Monitoring Committee-JMC) အနေဖြင့် လုပ်ငန်းတာဝန်များကို ထိထိရောက်ရောက် ဆက်လက်ဖော်ဆောင်နိုင်ရန်အတွက် ၎င်းတို့နှင့်တွေ့ဆုံပြီးဖြစ်ကြောင်း၊ တွေ့ဆုံမှု အကျိုးဆက် အနေဖြင့် NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့များအကြား သဘောထားကွဲလွဲမှုများလျော့ပါးလာပြီး နှစ်ဖက် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး လုပ်ငန်းစဉ် ပိုမိုခိုင်မာလာခဲ့ကြောင်း ပြောကြားခဲ့သည်။

အစိုးရသစ်လက်ထက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် နိုင်ငံရေးဆွေးနွေးပွဲများသည် ခွဲခြား၍ မရနိုင်ဘဲ တပေါင်းတစည်းတည်းဖြစ်သည်ကို ပြသသည့်အနေဖြင့် (၂၁) ရာစုပင်လုံ ပထမအစည်းအဝေးကို ကျင်းပခဲ့ပြီး ဖြစ်ကြောင်း၊ ဒေသများအလိုက် ပြည်သူများ၏ ပူးပေါင်း ပါဝင်မှု ခိုင်မာစေရန်အတွက် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများ စတင်ကျင်းပလျက်ရှိပြီး ယင်းဆွေးနွေးပွဲများမှ (၂၁) ရာစုပင်လုံအတွက် မတူကွဲပြားသည့် သဘောထားအမြင်များကို ရယူလျက်ရှိပါကြောင်းလည်း ရှင်းလင်းပြောကြားသည်။ ၎င်းအပြင် နိုင်ငံရေးဆွေးနွေး ပွဲများသည် အဓိပ္ပာယ်ပြည့်ဝပြီး အကျိုးရလဒ်ကောင်းများ ထွက်ပေါ်လာရေးအတွက် အစိုးရအနေဖြင့် တပ်မတော် နှင့်လည်း နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။

မတ်လအတွင်းကျင်းပရန် စီစဉ်ထားသည့် (၂၁)ရာစု ပင်လုံညီလာခံ ဒုတိယအစည်းအဝေးတွင် ဖက်ဒရယ် စနစ်ဆိုင်ရာ အခြေခံမူဝါဒနှင့်စပ်လျဉ်းသည့် သဘောတူညီချက်တစ်ရပ် ထွက်ပေါ်လာရေးအတွက် ကြိုးပမ်း ဆောင်ရွက်သွားရန် UPDJC အနေဖြင့် သဘောတူဆုံးဖြတ်ထားပြီး ဖြစ်သည်။

ပဋိပက္ခများ လျှော့ချနိုင်ရန်အတွက် ခိုင်မာသည့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက်ရှိရန် လိုအပ်သည် ဟု အစိုးရအနေဖြင့် ယုံကြည်ထားပါကြောင်း၊ NCA တွင် တိုက်ခိုက်မှုများ လျှော့ချနိုင်စေရန် လိုအပ်သည့် ဖွဲ့စည်းမှုနှင့် လိုက်နာရမည့် စည်းမျဉ်းများပါရှိကြောင်း ၎င်းက ပြောကြားသည်။

နိုင်ငံရေးဆွေးနွေးပွဲများ အရှိန်အဟုန် ကောင်းစွာ ရနေပြီဖြစ်ပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း များအားလုံး NCA လုပ်ငန်းစဉ်သို့ ပူးပေါင်းပါဝင်လာပြီဆိုပါက လက်နက်ကိုင် ပဋိပက္ခများလည်း လျော့နည်း သွားမည်ဟု ယုံကြည်ပါကြောင်းပြောကြားကာ ရှင်းလင်းချက်ကို အဆုံးသတ်ခဲ့သည်။

ထို့နောက် နောက်ဆုံး ရှင်းလင်းပြောကြားသူအဖြစ် ဦးသောင်းထွန်းက မိမိအနေဖြင့် အမျိုးသား လုံခြုံရေး ဆိုင်ရာ အကြံပေးပုဂ္ဂိုလ်အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိကြောင်း မိတ်ဆက်၍ နိုင်ငံတော် လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများ ကို စောင့်ကြည့်ရမည်ဖြစ်သဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ အစိုးရဌာနများနှင့် အနီးကပ်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

အမျိုးသားလုံခြုံဆိုင်ရာအကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်း က ''အကြီးမားဆုံးသော အမျိုးသားရေး ရည်မှန်းချက် ကတော့ နိုင်ငံသားအားလုံးအတွက် ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးကို ဆောင်ကြဉ်းပေးဖို့ဖြစ်ပါတယ်။ ဒီရည်မှန်းချက် အောင်မြင်မှသာ စစ်မှန်တဲ့ဒီမိုကရေစီနိုင်ငံတော် ထူထောင်နိုင်မယ် ဆိုတာကို အခိုင်အမာ ယုံကြည် ထားပါတယ်။ ငြိမ်းချမ်းတဲ့၊ သာယာဝပြောတဲ့၊ ဒီမိုကရက်တစ် မြန်မာနိုင်ငံတော်ကြီး တည်ဆောက်ရာမှာ ကျွန်တော်တို့ ပြည်သူအားလုံး ဘေးကင်းလုံခြုံဖို့ဆိုတာ အဓိကကျတဲ့ အခြေခံအုတ်မြစ်ဖြစ်ပါတယ်။ ရှင်းလင်း တိကျတဲ့ ဒီတာဝန်ကို ထမ်းဆောင်ဖို့ဆိုတာ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်ဖြစ်တဲ့ ကျွန်တော့်ရဲ့ အခန်း ကဏ္ဍပဲ ဖြစ်ပါ တယ်''ဟု ပြောကြားခဲ့သည်။

ဦးသောင်းထွန်းက အစိုးရ၏ ပိုမိုကျယ်ပြန့်သော ရည်မှန်းချက်များနှင့် ဆယ်လကြာ တာဝန်ယူမှုအပြီး တိုးတက်မှုအခြေအနေများကိုလည်း ရှင်းလင်းပြောကြားခဲ့သည်။ စီးပွားရေး ဆန်းသစ်ပြောင်းလဲရေးနှင့် နိုင်ငံ တစ်ဝန်းလုံး မျှဝေခံစားနိုင်မည့် အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံကောင်းများ ချမှတ်နိုင်ရေး တို့အတွက် အစိုးရ၏ ဆောင်ရွက်ချက်များကို ရှင်းလင်းခဲ့သည်။

''ကျွန်တော်တို့ရဲ့ စီးပွားရေးပြန်လည်တည်ဆောက်ဖို့ ရေရှည်ရည်မှန်းချက်တွေ ချမှတ်ထားပါတယ်။ ဒီဆောင် ရွက်ချက်တွေထဲမှာ အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးဖို့၊ စာသင်ကျောင်းတွေနဲ့ ဆေးရုံတွေ တည်ဆောက် ပေးဖို့တို့လည်း ပါဝင်ပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ နိုင်ငံသားတွေအတွက် မျှတတဲ့ လူမှုရပ်ဝန်း တစ်ရပ် ဖန်တီးပေးဖို့၊ တရားဥပဒေစိုးမိုးမှု ခိုင်မာစေဖို့၊ အဂတိလိုက်စားမှု ပပျောက်ဖို့၊ အရပ်ဘက် လူမှု အဖွဲ့အစည်းတွေ၊ ဒီမိုကရက်တစ် အင်စတီကျူးရှင်းတွေ ခိုင်မာစေဖို့ အစိုးရစနစ် ဆန်းသစ်ပြောင်းလဲမှုတွေကိုလည်း စတင် ဆောင်ရွက်နေပါပြီ''ဟု ၎င်းက ပြောကြားသည်။

မကြာသေးမီက ရခိုင်ပြည်နယ်အတွင်း ညှဉ်းပန်းနှိပ်စက်မှုများနှင့်စပ်လျဉ်းသည့် စွပ်စွဲချက်များအား စုံစမ်း စစ်ဆေးပြီး ရခိုင်ဒေသအတွင်း ဖြစ်ပေါ်နေသော စိန်ခေါ် မှုများအတွက် ရေရှည်အဆင်ပြေမည့် အဖြေတစ်ခု ရှာဖွေဖော်ထုတ်သွားရန် အစိုးရက သန္နိဋ္ဌာန်ချမှတ်ထားကြောင်း အမျိုးသားလုံခြုံရေး ဆိုင်ရာ အကြံပေးပုဂ္ဂိုလ်က ပြောကြားသည်။

''အင်အားသုံးနှိမ်နင်းခြင်း၊ အခြေခံလူ့အခွင့်အရေးများ ချိုးဖောက်ခြင်းနဲ့ ရာဇဝတ်မှုလုပ်ရပ်တွေကို ခွင့်ပြုမှာ မဟုတ်ပါဘူး။ တိကျသေချာခိုင်မာတဲ့ သက်သေအထောက်အထားတွေရှိရင် ထိုက်သင့်တဲ့အရေးယူမှုတွေ ဆောင်ရွက်ဖို့ အဆင်သင့်ဆိုတာ ပြောထားပြီးဖြစ်ပါတယ်''

''အခုဆိုရင် ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အခြေအနေတွေ တည်ငြိမ်စပြုနေပြီဖြစ်ပါတယ်။ တပ်မတော် အနေနဲ့ နယ်မြေရှင်းလင်းရေးစစ်ဆင်ရေးတွေ ရပ်ဆိုင်းသွားပါပြီ။ ညမထွက်ရအမိန့်ကိုလည်း လျှော့ပေါ့ပေးထားပြီး ရဲတပ်ဖွဲ့ တွေနဲ့ပဲ တည်ငြိမ်အေးချမ်းမှုကို ထိန်းသိမ်းနိုင်ဖို့ ဆောင်ရွက်နေပြီဖြစ်ပါတယ်။ အရေးပေါ် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ထောက်ပံ့ကူညီမှုတွေ ထောက်ပံ့ပေးနေတဲ့အပြင် ရခိုင်ပြည်နယ်အတွက် စစ်မှန်ပြီး ရေရှည်တည်တံ့တဲ့ ဖြေရှင်းချက်မျိုးကို ရှာဖွေဖော်ထုတ်နိုင်ဖို့အတွက် ဒီကနေ့ ပစ်မှတ်ထားဆောင်ရွက်ပါတယ်''ဟု ရှင်းလင်းပြောကြားသည်။

အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းသည် ဂျာမနီနိုင်ငံ မြူးနစ်မြို့သို့ သွားရောက်ပြီး ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးနှင့် နိုင်ငံရေးခေါင်းဆောင်များ၏ (၅၃) ကြိမ်မြောက် မြူးနစ်လုံခြုံရေးညီလာခံကို တက်ရောက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။