ဒုတိယသမ္မတ ဦးမြင့်ဆွေ ကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နှစ်လတ်စီမံကိန်း အစီရင်ခံစာ ထုတ်ပြန်ခြင်းအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား

Printer-friendly versionSend by email

 

နေပြည်တော် မတ် ၃၀

မြန်မာနိုင်ငံ၏ ကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နှစ်လတ်စီမံကိန်း Medium Term Programme (MTP) အစီရင်ခံစာထုတ်ပြန်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ Hilton ဟိုတယ်၌ ကျင်းပရာ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကား ပြောကြားသည်။

 

ဒုတိယသမ္မတက ယနေ့အခမ်းအနားသည် မြန်မာနိုင်ငံအတွက် ကုန်သွယ်မှု ဘက်စုံလေ့လာဆန်းစစ် ခြင်း (Diagnostic Trade Integration Study-DTIS) အစီရင်ခံစာ၏ နောက်ဆက်တွဲလုပ်ငန်းစဉ် အဖြစ် ကမ္ဘာ့ဘဏ်နှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့ အပြီးသတ်ရေးဆွဲပြီး ဖြစ်သည့် ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နှစ်လတ်စီမံကိန်း Medium Term Programme (MTP) အစီရင်ခံစာကို ထုတ်ပြန်သည့်အခမ်းအနား ဖြစ်ပါကြောင်း၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO)က ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံများ၏ ကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကုန်သွယ်မှု ဆိုင်ရာ အကူအညီပေးရေး အစီအစဉ် Enhanced Integrated Framework (EIF) လုပ်ငန်းစဉ် အောက်ရှိလုပ်ငန်းစဉ် တစ်ခုလည်း ဖြစ်ပါကြောင်း။

 

ယနေ့ ကမ္ဘာ့စီးပွားရေးတိုးတက်မှုကို ကမ္ဘာ့ဘဏ်က ၂ ဒသမ ၉ ရာခိုင်နှုန်းခန့်မှန်း ထားခဲ့သော်လည်း ယခု နောက်ဆုံး ၂ ဒသမ ၄ ရာခိုင်နှုန်းသို့ လျော့ကျလာပါကြောင်း၊ လျော့ကျလာရသည့် အကြောင်း အရင်းများမှာ ဖွံ့ဖြိုးပြီးနိုင်ငံကြီးများ၏ စီးပွားရေးနှေးကွေးလာမှု၊ ကုန်စည်ဈေးနှုန်းများ ကျဆင်း လာမှု၊ ကမ္ဘာလုံး ဆိုင်ရာ ကုန်သွယ်အား လျော့လာမှု၊ အဆင့်မြင့်စီးပွားရေး ဈေးကွက်များတွင် ဝယ်လို အားကျဆင်းလာမှု၊ အရင်းအနှီးစီးဆင်းမှု နှေးသွားမှု စသည့်အကြောင်းအရင်းများကြောင့် ဖြစ်ပါ ကြောင်း၊ တိုးတက်မှု နှေးကွေးသည့် စီးပွားရေးအခြေအနေနှင့် စီးပွားရေးမူဝါဒ ထိန်းညှိမှု ဆောင်ရွက်ချက်များကြောင့် ကမ္ဘာ့ နိုင်ငံများအနေဖြင့် ကမ္ဘာ့စီးပွားရေးဖွဲ့စည်း တည်ဆောက်မည့်ပုံစံကို ပြုပြင်ပြောင်းလဲရန် အရေးတကြီး လိုအပ်လာပါကြောင်း၊ ၂၀၁၇ ခုနှစ် World Economic Forum အစည်းအဝေးတွင် ကမ္ဘာလုံးဆိုင်ရာ လုပ်ဆောင်ရမည့် အစီအစဉ်ကို ဖော်ထုတ်နိုင်ခဲ့ပါကြောင်း။

 

IMF ၏ ၂၀၁၆ ခုနှစ် ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံသည် စီးပွားရေးတိုးတက်မှုနှုန်း ဒုတိယအမြင့်ဆုံး နေရာတွင် ရှိနေပါကြောင်း၊ သို့သော်လည်း ကမ္ဘာ့စီးပွားရေး နှေးကွေးလာသည်နှင့်အမျှ အာရှဒေသတွင် စီးပွားရေးအင်အားကြီး နိုင်ငံများ၏ စီးပွားရေးသည်လည်း နှေးကွေးလာခဲ့ပါကြောင်း၊ ယခုလို အချိန်တွင် မိမိတို့နိုင်ငံသည် တစ်ကမ္ဘာလုံးနှင့် အလျင်အမြန် ပေါင်းစည်းရန် အရေးကြီးပါကြောင်း၊ အထူးသဖြင့် ကုန်သွယ်မှုကဏ္ဍတွင် ကမ္ဘာကြီးနှင့် မြန်မြန်ဆန်ဆန်ပေါင်းစည်းနိုင်ရန် အရေးကြီး လှပါကြောင်း။

 

မြန်မာနိုင်ငံအနေဖြင့် စီးပွားရေးမူဝါဒ(၁၂)ချက်ကို ချမှတ်ခဲ့ပြီးဖြစ်ပါကြောင်း၊ ချမှတ်ရာတွင် ရေရှည် တည်တံ့သည့် ဖွံ့ဖြိုးမှုပန်းတိုင်များ (Sustainable Development Goals- SDGs) ထဲမှ လူတိုင်း အတွက် သင့်တော်သည့် အလုပ်အကိုင်ရရှိစေပြီး အားလုံးပါဝင် ရေရှည်တည်တံ့မည့် စီးပွားရေးတိုး တက်မှုမြှင့်တင်ရေး၊ ရေရှည်တည်တံ့သည့် စားသုံးမှု- ထုတ်လုပ်မှုပုံစံများ အခိုင်အမာ ပေါ်ပေါက် လာရေးဆိုသည့် ပန်းတိုင် (၂)ရပ်နှင့်ကိုက်ညီအောင် ရေးဆွဲထားပါကြောင်း၊ Medium Term Programme သည် နောက် (၅)နှစ်အတွင်း ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ၌ ထောက်ပံ့ရန် လိုအပ်နေသည့် ဦးစားပေး နယ်ပယ် (၅)ခုတွင် ကုန်သွယ်ရေးဆိုင်ရာ နည်းပညာ အထောက်အပံ့များကို ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။

 

ယနေ့ထုတ်ပြန်သည့် အစီရင်ခံစာပါ အချက်အလက်များ၊ လုပ်ငန်းစဉ်များကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ အကောင် အထည်ဖော်ရာတွင် WTO ၏ ကုန်သွယ်မှုဆိုင်ရာ အကူအညီပေးရေးအစီအစဉ် Enhan ced Integrated Framework (EIF) လုပ်ငန်းစဉ်တွင်ပါဝင်သည့် ကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးရေးဆိုင်ရာ စီမံကိန်းများ ဖော်ထုတ်ရေးဆွဲခြင်း၊ စီမံကိန်းအဆိုပြုလွှာများ တင်သွင်း ခြင်း၊ WTO, EIF အတွင်းရေးမှးရုံး၊ ဘဏ္ဍာရေးမှူးနှင့် သက်ဆိုင်ရာဖွံ့ဖြိုးမှု မိတ်ဖက်များမှ စီမံကိန်း အဆိုပြုလွှာများအား ဆန်းစစ်ခြင်း၊ စိမံကိန်းများအား သဘောတူခွင့်ပြုခြင်း၊ စာချုပ်စာတမ်းများနှင့် ဘဏ္ဍာငွေစီးဆင်းမှုများ စီမံဆောင်ရွက်ခြင်း၊ အတည်ပြုထားသည့် စီမံကိန်းများ အကောင်အထည် ဖော်ခြင်း၊ စီမံကိန်းများ ချောမွေ့လျင်မြန်စေရန် ဆောင်ရွက်ခြင်း၊ စီမံခန့်ခွဲခြင်း၊ စောင့်ကြည့်အကဲဖြတ်ခြင်း စသည့် လုပ်ငန်းစဉ်များကို သေချာ စွာဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။

 

ကုန်သွယ်မှုကဏ္ဍဖွံ့ဖြိုးရေးဆိုင်ရာ စီမံကိန်းများကို အကောင်အထည်ဖော်ဆောင်မည့် သက်ဆိုင်ရာ ဌာနများအလိုက် မိမိတို့ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို အောင်မြင်အောင် အကောင်အထည် ဖော် ဆောင်ရွက်သွားကြရန်နှင့် ဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့အစည်းများ၊ အလှူရှင်များအနေဖြင့်လည်း လိုအပ်သည့် နည်းပညာဆိုင်ရာ အကူအညီများနှင့် ငွေကြေးအထောက်အပံ့များကို ပူးပေါင်းပါဝင်ပြီး ဆက်လက်ကူညီ ဆောင်ရွက်ပေးပါရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။

 

ထို့နောက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်က မိမိတို့ဝန်ကြီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်း၍ ၂၀၁၅ခုနှစ်အတွင်း ကုန်သွယ်မှုဆိုင်ရာ ဘက်စုံလေ့လာဆန်းစစ်မှု “Diagnostic Trade Integrated Study-DTIS” အား ပထမဆုံးအကြိမ် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ Medium Term Programme သည် ကုန်သွယ်မှု ကဏ္ဍဖွံ့ဖြိုးတိုးတက် ရေးအတွက် ကဏ္ဍစုံမှ နှစ်တို၊ နှစ်လတ်(၂နှစ်၊ ၃နှစ်၊ ၅ နှစ်အတွင်း) ဆောင်ရွက်ရမည့် လုပ်ငန်းအစီအစဉ် (Action Matrix) များကို တစ်ပေါင်းတစ်စည်းထဲ ဖော်ပြထားသည့် အစီရင်ခံစာ ဖြစ်ပါကြောင်း။

 

နှစ်တို၊ နှစ်လတ်အတွင်းဆောင်ရွက်ရမည့် လုပ်ငန်းအစီအစဉ်များကို ကုန်သွယ်မှု ဘက်စုံလေ့လာဆန်း စစ်ခြင်းပါ အစီရင်ခံစာ Diagnostic Trade Integration Study (DTIS)ပါ လုပ်ငန်းစဉ် အများစုကို ဆွဲယူထားပါကြောင်း၊ ထို့ပြင် အခြားလေ့လာဆန်းစစ်မှု အစီရင်ခံစာများဖြစ်သည့် အမျိုးသား ပို့ကုန်ဆိုင်ရာ မဟာဗျူဟာအစီရင်ခံစာများ၊ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အစီရင်ခံစာ များ၊ ကုန်သွယ်မှုလျင်မြန်ချောမွေ့ရေးဆိုင်ရာ အစီရင်ခံစာများ၊ အာဆီယံကုန်စည်နှင့် ဝန်ဆောင်မှုဆိုင်ရာ အစီရင်ခံစာ စသည့်စာတမ်များမှ ဦးစားပေးကဏ္ဍများကို ရွေးထုတ်ထားပါကြောင်း၊ ရှေ့ဆက် ဆောင်ရွက်မည့် မဏ္ဍိုင်ကြီး ၅ ခု၊ လုပ်ငန်းစဉ်အတွဲ ၂၃ ခုနှင့် ဦးစားပေးလုပ်ငန်း ၁၈၀ ကျော်တို့ကို ဦးစားပေး ကဏ္ဍအနေဖြင့် ရွေးချယ်ထားခြင်းဖြစ်ပါကြောင်း။

 

မဏ္ဍိုင်ကြီး ၅ ခုမှာ ကုန်သွယ်မှုမူဝါဒနှင့် အဖွဲ့အစည်းများ၊ ကုန်သွယ်မှုလွယ်ကူစေရေး၊ သယ်ယူပို့ဆောင်ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေး၊ အရည်အသွေးမြင့် အခြေခံအဆောက်အဦနှင့် စံချိန်စံညွှန်းများ၊ ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ တန်ဖိုးမြှင့်ထုတ်ကုန်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပို့ကုန် အမျိုးမျိုး ထုတ်လုပ်ရေး တို့ဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည်။

 

ယင်းနောက် ဥရောပသမဂ္ဂ သံအမတ်ကြီး H.E Roland Kobia နှင့် ကမ္ဘာ့ဘဏ်မှ Country Manager, Mr. Abdoulaye Seck တို့က နှုတ်ခွန်းဆက်အမှာစကား ပြောကြားကြသည်။

 

အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး ဦးလှကျော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်မှ စီးပွားရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များမှ စီးပွားရေးရာဝန်ကြီးများ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ကမ္ဘာ့ဘဏ်မှ ဧည့်သည်တော်များ၊ UMFCCI မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။