ပထမအကြိမ် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးမူဘောင်နှင့် လုပ်ငန်းစီမံချက်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

Printer-friendly versionSend by email

နေပြည်တော် ၊ ဧပြီ ၅

ပုဂ္ဂလိကကဏ္ဍကို ပိုမိုစနစ်ကျသည့် ဖွဲ့စည်းမှုများဖြစ်ပေါ်စေပြီး အရှိန်အဟုန်မြှင့်တင်နိုင်စေမည့် မူဘောင်တစ်ရပ်ရေးဆွဲချမှတ်ကာ လုပ်ငန်းစဉ်များကို အောင်မြင်စွာအကောင်အထည်ဖော်နိုင်ရေး ရည်ရွယ်ကျင်းပသည့် အခမ်းအနားဖြစ်၍ နိုင်ငံတော်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ကြီးမားသည့်အကျိုးသက်ရောက်မှု ရရှိစေမည်ဖြစ်ကြောင်း ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောကြားသည်။

 

ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ PARK ROYAL HOTEL ၌ ကျင်းပသည့် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏ ပထမအကြိမ်ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးမူဘောင်နှင့် လုပ်ငန်းစီမံချက်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် ဒုတိယသမ္မတက ထိုသို့ပြောကြားခြင်း ဖြစ်သည်။

 

ဆက်လက်၍ ဒုတိယသမ္မတက ပုဂ္ဂလိကကဏ္ဍသည် နိုင်ငံတော်၏စီးပွားရေးကို အဓိက မောင်းနှင်မည့် စီးပွားရေးအင်အားစုကြီးဖြစ်ကြောင်း၊ နိုင်ငံတော်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးသည် မဖြစ်မနေဆောင်ရွက်ရမည့် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ကြောင်း၊ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး မူဘောင်ဆိုရာတွင် ပုဂ္ဂလိကကဏ္ဍသည် အလွန်ကျယ်ပြန့်သည့်အတွက် လုပ်ငန်းနယ်ပယ် အားလုံးကို တစ်ပြိုင်တည်း ထည့်သွင်းရေးဆွဲ ဆောင်ရွက်ခြင်းမပြုနိုင်ဘဲ အများသဘောတူညှိနှိုင်းပြီးသည့် အရေးကြီးဆုံးမဏ္ဍိုင် (၅) ရပ်ကိုသာ မူဘောင်၏ ပထမအကြိမ် ၅ နှစ်စီမံကိန်းတွင် ထည့်သွင်းနိုင်ပါကြောင်း၊ အဆိုပါ မဏ္ဍိုင် ၅ ရပ်မှာ ဥပဒေနှင့် လုပ်ထုံးလုပ်နည်းဆိုင်ရာ ဝန်းကျင်တိုးတက်ကောင်းမွန်စေရေးမဏ္ဍိုင်၊ ငွေကြေးရရှိ စေနိုင်မှုဆိုင်ရာများ ဆောင်ရွက်ရေးမဏ္ဍိုင်၊ ကုန်သွယ်မှုနှင့်ရင်းနှီးမြုပ်နှံမှုကို အားပေးမြှင့်တင်ရေး မဏ္ဍိုင်၊ စီးပွားရေးနှင့်ဝန်ဆောင်မှုဆိုင်ရာ လုပ်ငန်းများတွင် နိုင်ငံတော်၏အခန်းကဏ္ဍအား ပြန်လည်ရေးဆွဲရေးမဏ္ဍိုင်နှင့် အခြေခံလူသားအရင်းအမြစ် တည်ဆောက်ရေးမဏ္ဍိုင်တို့ ဖြစ်ပါကြောင်း၊ ထပ်မံဖြည့်စွက် ထည့်သွင်းပေးရန် တောင်းဆိုတင်ပြကြသည်များကိုလည်း စဉ်းစားဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

 

 ထို့ပြင် ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် လစဉ်ပုံမှန်တွေ့ဆုံပြီး ကဏ္ဍအလိုက်ရွေးချယ်စု စည်းထားသည့် လုပ်ငန်းရှင်များ၏ အခက်အခဲများကို ကြားနာဖြေရှင်းပေးလျက်ရှိပါကြောင်း၊ အစိုးရပိုင်းအနေဖြင့် ဆောင်ရွက်ပေးရမည့် အချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပြီး ကာလတို၊ ကာလရှည်ဆောင်ရွက်ရ မည့်အချက်များကို သက်ဆိုင်ရာလုပ်ငန်း ကော်မတီများက စနစ်တကျ မှတ်တမ်းတင်ပြီး တစိုက်မတ်မတ် လေ့လာညှိနှိုင်းဖြေရှင်း ပေးသွားမည်ဖြစ်ကြောင်း၊ လုပ်ငန်းစီမံချက်တွင်ပါရှိသည့် ကာလတို၊ ကာလရှည် ဦးစားပေးလုပ်ငန်းများကို အချိန်ဇယားရေးဆွဲပြီး လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ စီမံချက်ကို အကောင်အထည်ဖော်မည့် ကာလသည် ၅ နှစ်တာ အချိန်ဇယားရေးဆွဲပြုစုထား ခြင်းဖြစ်သည့်အတွက် နှစ်အလိုက် ဆောင်ရွက်ရမည့် ဦးစားပေးလုပ်ငန်းများကို လျာထားဖော်ထုတ်ပေါင်းစပ် ညှိနှိုင်းမှုများ ဆောင်ရွက်သွားစေလိုပါကြောင်း၊ အလုပ်ရုံဆွေးနွေးပွဲတွင် ဆွေးနွေးဘက်အလှူရှင်များကို ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အစိုးရ၏ ဆောင်ရွက်ချက်များကို ရှင်းလင်းသွားမည် ဖြစ်သကဲ့သို့ ပုဂ္ဂလိကပိုင်းပါဝင်ရမည့် အခန်းကဏ္ဍနှင့် အလှူရှင်များပါဝင်ကူညီနိုင်မည့် နယ်ပယ်များကို ညှိနှိုင်းဖော်ထုတ်ကြရမည်ဖြစ်ပါကြောင်း ဒုတိယသမ္မတက ပြောကြားသည်။

 

ဆက်လက်၍ ဒုတိယပိုင်းအနေဖြင့် ကော်မတီဝင်များကို မူဘောင်နှင့် လုပ်ငန်းစီမံချက်များ အကြောင်း ပိုမိုကျယ်ပြန့်စွာ နားလည်သဘောပေါက်ပြီး  အကောင်အထည် ဖော်နိုင်ရေးအတွက် ရှင်းလင်းညှိနှိုင်း ဆွေးနွေး၍ အမြင်ခြင်းဖလှယ်ကြရမည်ဖြစ်သကဲ့သို့ ပိုမိုထိရောက်စွာပူးပေါင်း ဆောင်ရွက်မည့် လုပ်ငန်းစဉ် တစ်ရပ်ပေါ်ပေါက်ရေးနှင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ညှိနှိုင်းကြမည်ဖြစ်ပြီး အနာဂါတ် လုပ်ငန်းစဉ်များအတွက် ကြီးမားစွာအထောက်အကူ ပြုမည်ဟု ယုံကြည်ပါကြောင်း ၊ စနစ်တကျရေးဆွဲ ထားသည့် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးမူဘောင်နှင့် လုပ်ငန်းစီမံချက်များကို ဖွဲ့စည်းထားသည့် လုပ်ငန်းကော်မတီများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များ၊ အထောက်အပံ့ပြုမည့် အဖွဲ့အစည်း များသည် တက်ညီလက်ညီ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်ကြ မည်ဆိုပါက တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အတွက်အလွန် အရေးကြီးသည့် ခြေလှမ်းသစ်တစ်ရပ်ကို အောင်မြင်စွာတက်လှမ်းနိုင်မည် ဖြစ်ပြီး ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ တိုင်းပြည်စီးပွားရေးပါ သိသာစွာဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုမိတ်ဖက်အဖွဲ့အစည်းဖြစ်သော Da Na Facility မှ အဖွဲ့ခေါင်းဆောင် MR. Peter Brimble က ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးမူဘောင်နှင့် လုပ်ငန်းစီမံချက်ဆိုင်ရာများကို ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီ တွဲဖက်အတွင်းရေးမှူး မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုးက ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးမူဘောင်နှင့် လုပ်ငန်းစီမံချက်ဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းတင်ပြသည်။

 

ထို့နောက် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ၊  မြန်မာ့စီးပွားရေး ဖိုရမ်နှင့် စွန့်ဦးတီထွင် လူငယ်လုပ်ငန်းရှင်များအသင်းတို့မှ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍများအလိုက် အသီးသီးရှင်းလင်း ဆွေးနွေးကြသည်။

 

အဆိုပါအလုပ်ရုံဆွေးနွေးပွဲတွင် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးမူဘောင်နှင့် လုပ်ငန်းစီမံချက်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲအပေါ် အကူအညီထောက်ပံ့ပေးမှုနှင့် ပတ်သက်သည့်  ဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့အစည်းများ၏ အခန်းကဏ္ဍ၊  ဥပဒေနှင့် လုပ်ထုံးလုပ်နည်းဆိုင်ရာ ဝန်းကျင် တိုးတက်ကောင်းမွန်စေရေးကဏ္ဍ၊  ငွေးကြေးရရှိ စေနိုင်မှု ဆိုင်ရာများဆောင်ရွက်ရေးကဏ္ဍ၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြုပ်နှံမှုကို အားပေးမြှင့်တင်ရေးကဏ္ဍ၊ စီးပွားရေးနှင့် ဝန်ဆောင်မှုဆိုင်ရာ လုပ်ငန်းများတွင် နိုင်ငံတော်၏အခန်းကဏ္ဍအား ပြန်လည်ရေးဆွဲရေး ကဏ္ဍနှင့် အခြေခံလူသားအရင်းအမြစ် တည်ဆောက်ရေးကဏ္ဍများကို ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။

 

အလုပ်ရုံဆွေးနွေးပွဲသို့ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဒုတိယ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့် ၊ ကော်မတီဝင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူ၊ ဦးသိန်းဆွေ၊ ဦးခင်မောင်ချို၊  ပြည်ထောင်စု ရှေ့နေချုပ် ဦးထွန်းထွန်းဦးနှင့်  ဒုတိယဝန်ကြီးများဖြစ်သော ဒေါက်တာထွန်းနိုင်၊ ဦးဝင်းမော်ထွန်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌ ဦးဆက်အောင်၊  ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်း ကော်မတီဝင်များ၊ စွန့်ဦးတီထွင်လုပ်ငန်းရှင်များ အသင်းဝင်များ၊ ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက် ရေး ကူညီထောက်ပံ့ပေးလျက်ရှိသည့် နိုင်ငံတကာအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ၊ အမြဲတမ်းအတွင်းဝန် များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန် ရှိသူများ တက်ရောက်ကြသည်။