နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့်ဇနီး ဒေါ်စုစုလွင် ဦးဆောင်သောအဖွဲ့ ချစ်ကြည်ရေးခရီးစဉ်ပြီးဆုံး၍ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ

Printer-friendly versionSend by email

နေပြည်တော်  ဧပြီ  ၁၁

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ ချစ်ကြည်ရေးခရီးရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ဇနီး ဒေါ်စုစုလွင် ဦးဆောင်သောအဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ပေကျင်းမြို့မှ ယူနန်ပြည်နယ် ကူမင်းမြို့သို့ လေကြောင်းခရီးဖြင့် ထွက်ခွာကြသည်။

 

နိုင်ငံတော်သမ္မတနှင့် ဇနီးနှင့်အဖွဲ့သည် ကူမင်းမြို့သို့ ဒေသစံတော်ချိန် မွန်းလွဲ ၁၂ နာရီခွဲတွင် ရောက်ရှိကြရာ ယူနန်ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး Mr.Chen Shun၊ ကူမင်းမြို့အခြေစိုက် မြန်မာကောင်စစ်ဝန်ချုပ် ဦးစိုးပိုင်နှင့် တာဝန်ရှိသူများက ကြိုဆို နှုတ်ဆက်ကြသည်။

 

 ယင်းနောက် နိုင်ငံတော်သမ္မတသည် ကူမင်းမြို့ Haigeng Garden Hotel သို့ရောက်ရှိပြီး ယူနန်ပြည်နယ် ပါတီအတွင်းရေးမှူး မစ္စတာချန်းဟောင် ဦးဆောင်သော အဖွဲ့အား လက်ခံတွေ့ဆုံ သည်။

 

ထို့နောက် နိုင်ငံတော်သမ္မတနှင့် ဇနီးနှင့်အဖွဲ့သည် ယူနန်ပြည်နယ် ပါတီအတွင်း ရေးမှူး တည်ခင်းဧည့်ခံသည့် နေ့လယ်စာစားပွဲသို့ တက်ရောက်ကြသည်။

 

မွန်းလွဲပိုင်းတွင် နိုင်ငံတော်သမ္မတနှင့် ဇနီးနှင့် အဖွဲ့သည် ယူနန်ပြည်နယ်အတွင်း အကျော်ကြားဆုံး နေရာဒေသတစ်ခုဖြစ်သည့် Stone Forest သို့ သွားရောက်လေ့လာ ကြသည်။

 

Stone Forest သည် လူတို့၏ပြုပြင်ဖန်တီးမှုကြောင့် မဟုတ်ဘဲ သဘာဝအတိုင်း ထူးဆန်းစွာ ဖြစ်ပေါ်လာခြင်းဖြစ်ပြီး ယူနန်ပြည်နယ် ကူမင်းမြို့နှင့် ၇၅ မိုင်ခန့် အကွာတွင်တည်ရှိကာ ဧက ၉၆၀၀၀ ကျယ်ဝန်းသည်။ ယင်းကျောက်တုံးများသည် နှစ်သန်းပေါင်းများစွာ ကြာမြင့်ပြီဖြစ်ကာ ပင်လယ်ရေမျက်နှာပြင်အောက်၌ ကျောက်ဆောင်များ ဖြစ်ခဲ့ပြီး နှစ်သန်းပေါင်းများစွာ ကြာပြီးနောက် တဖြည်းဖြည်း ပင်လယ်ရေများနိမ့်ဆင်းသွားသောအခါ ယခုကဲ့သို့ ပုံသဏ္ဍာန်မျိုးစုံ ဖြစ်ပေါ်လာ ခြင်းဖြစ်သည်။ Stone Forest အတွင်းရှိ သာယာလှပ သောရေကန်၊ ထူးခြားဆန်းပြား သော သဘာ၀ရှုခင်းများကြောင့် ပြည်တွင်းပြည်ပ ခရီး သွားများကို ဆွဲဆောင်ထားနိုင်ပြီး နိုင်ငံခြားဝင်ငွေ အများအပြားရရှိသည့် နေရာတစ်ခုဖြစ် ကြောင်း သိရသည်။

Stone Forest  အတွင်းရှိ ကျောက်တုံး၊ ကျောက်ဆောင်များသည် အချွန်အတက် ပုံစံမျိုးစုံဖြင့် သစ်ပင်များသဖွယ် အပေါ်သို့ မြင့်မားစွာထိုးထွက်နေကြပြီး သစ်တောကြီး ပမာ မြင်တွေ့နိုင်သည်။ ထို့ပြင် ထူးခြားဆန်းကျယ်သော ကျောက်လှိုဏ်ဂူကြီးများနှင့် သာယာလှပသော ရေကန်ကျယ်ကြီး များရှိသည်။

 

ညနေပိုင်းတွင် နိုင်ငံတော်သမ္မတနှင့်ဇနီး နှင့်အဖွဲ့သည် ယူနန်ပြည်နယ် ကူမင်း အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ အထူးလေယာဉ်ဖြင့်ထွက်ခွာရာ ညနေ ၆ နာရီတွင် နေပြည်တော်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည်ရောက်ရှိကြသည်။

 

နိုင်ငံတော်သမ္မတနှင့်ဇနီးနှင့်အဖွဲ့အား ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့်  ဦးဟင်နရီဗန်ထီးယူ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်နှင့်ဇနီး၊ နေပြည်တော်တိုင်းစစ်ဌာန ချုပ်တိုင်းမှူး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံရုံးယာယီတာဝန်ခံ မစ္စတာ ချမ်းချမ်းနှင့် တာဝန်ရှိသူများက လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။