နေပြည်တော်မြို့တော်ဝန်မဟာသင်္ကြန် မဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားကျင်းပ

Printer-friendly versionSend by email

နေပြည်တော် ဧပြီ ၁၃

ယခုအချိန်အခါသည် မြန်မာသက္ကရာဇ် ၁၃၇၈ခုနှစ်မှ ၁၃၇၉ခုနှစ်သို့ ကူးပြောင်းတော့မည့် မြန်မာတို့၏နှစ်သစ်ကူး အချိန်အခါသမယဖြစ်သည်။ မြန်မာတို့၏ ထုံးတမ်းအစဉ်အလာအရ နှစ်ဟောင်းမှ နှစ်သစ်သို့ ကူးပြောင်းချိန်တွင် နှစ်ဟောင်းမှ အညစ်အကြေးများကင်းစင်စေရန် ရေပက်ဖျန်းကစားကြသည့် နှစ်သစ်ကူးပွဲတော် မဟာသင်္ကြန်ကာလသို့ ရောက်ရှိလာပြီဖြစ်သည်။

မြန်မာနိုင်ငံ၏နေရာအနှံ့အပြားတွင် မဟာသင်္ကြန်ပွဲတော်များကို အသီးသီး ကျင်းပလျက်ရှိပြီး နေပြည်တော် ကောင်စီ နယ်မြေတွင် နေပြည်တော်မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ် ဖွင့်ပွဲအခမ်းအနားကို ယနေ့ သင်္ကြန်အကြိုနေ့ ညနေပိုင်းတွင် ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့် ဇနီး ဒေါက်တာရွှေလွှမ်းတို့ တက်ရောက်သည်။

ဖွင့်ပွဲအခမ်းအနားတွင် နေပြည်တော်ကောင်စီမြို့တော်ဝန် ဒေါက်တာမျိုးအောင်က နှစ်သစ်ကူး နှုတ်ခွန်းဆက်စကား ပြောကြားသည်။

ထို့နောက် ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူ၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် နှင့် မြို့တော်ဝန် ဒေါက်တာမျိုးအောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ယိမ်းအကအဖွဲ့များအား အတာသင်္ကြန်ဖြင့် ရေပက်ဖြန်းကြသည်။

ယင်းနောက် မြန်မာ့အသံ ခေတ်ပေါ်တေးဂီတအဖွဲ့နှင့်အတူ ဝန်ကြီးဌာနအသီးသီးမှ ယိမ်းအဖွဲ့များက မြူမှောင်ဝေကင်း သီချင်းဖြင့် ကပြဖျော်ဖြေကြသည်။

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ၊ အဂတိတိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။