ဆိုင်ကလုန်း မာရသာ ဖြစ်ပေါ်မှုနှင့် ပတ်သက်၍ အမျိုးသား သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ အရေးပေါ် အစည်းအဝေးကျင်းပ

Printer-friendly versionSend by email

နေပြည်တော် ဧပြီ ၁၆

ယနေ့ မွန်းလွဲပိုင်းအချိန် တိုင်းထွာချက်များအရ ဆိုင်ကလုန်း မုန်တိုင်းမာရသာ (Tropical Storm Maarutha) သည် ယနေ့ (ဧပြီ ၁၆ ရက်) ည သန်းခေါင်ယံနှင့် နံနက် ၆ နာရီခန့်အကြား ရခိုင်ပြည်နယ် စစ်တွေမြို့နှင့် သံတွဲမြို့ကြားမှ ဖြတ်ကျော်ဝင် ရောက်နိုင်သည်ဟု မိုးလေသ၀နှင့် ဇလဗေဒသဦးစီးဌာနက ခန့်မှန်းထားပြီး မုန်တိုင်း ဖြတ်ကျော်စဉ် လေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၄၀)မှ မိုင်(၅၀)အထိ တိုက်ခတ်နိုင်ကြောင်းနှင့် အနီရောင်အဆင့် သတ်မှတ် လိုက်ကြောင်း သိရှိရသည်။

အဆိုပါမုန်တိုင်းနှင့် ပတ်သက်၍ အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ အရေးပေါ် အစည်းအဝေး ကို ယနေ့နံနက် ၁၁ နာရီခွဲတွင် နေပြည်တော်ရှိ အရေးပေါ်အခြေအနေစီမံခန့်ခွဲမှု ဗဟိုဌာန (EOC)၌ ကျင်းပရာ အမျိုးသား သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက မြန်မာနိုင်ငံတွင် နှစ်စဉ် မတ်၊ ဧပြီနှင့် မေလတို့တွင် မိုးတိမ်တောင်များဖြစ်ပေါ်ခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ မိုးသီးကြွေကျခြင်း၊ မိုးကြိုးပစ်ခြင်းများ ပုံမှန် ဖြစ်ပေါ်လာနေကြောင်း၊ ၂၀၁၆ ခုနှစ်အတွင်း မတ်လ၊ ဧပြီလနှင့် မေလအတွင်းကလည်း မိုးသည်းထန်စွာရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်း တို့ကြောင့် မြန်မာနိုင်ငံရှိ မြို့နယ်ပေါင်း ၅၉ မြို့နယ်တွင် သဘာ၀ဘေးဒဏ်သင့်ခဲ့ပြီး လူဦးရေတစ်သိန်းခွဲခန့် ဘေးဒုက္ခရောက်ခဲ့ကြောင်း၊ ရာသီဥတု ပြောင်းလဲမှု အနေအထားအရ ယခုနှစ်တွင်လည်း သဘာ၀ဘေးအန္တရာယ်နှင့် ပတ်သက်၍ အလေးထားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည် နယ်အသီးသီးတွင် သဘာ၀ဘေး အန္တရာယ်ကြိုတင် ကာကွယ်ရေးအတွက် အမိုးအကာ၊ အဆောက်အဦ၊ အကာအကွယ်၊ သွားလာလှုပ်ရှားမှု စသည့် အပိုင်းများသည် စနစ်တကျ အဆင်သင့်ဖြစ်နေရန်လိုကြောင်း၊ လက်ရှိဖြစ်ပေါ်နေသည့် ဆိုင်ကလုန်းမုန်တိုင်း မာရသာနှင့် ပတ်သက်၍ ကြိုတင်ပြင်ဆင်မှုအပိုင်း၊ ထိခိုက်နိုင်သည့်အခြေအနေနှင့် လက်တွေ့ဖြစ် ပေါ်လာပါက တုံ့ပြန် ဆောင်ရွက်သွားမည့် အခြေအနေများကို ဆွေးနွေးတင်ပြကြရန်နှင့် သတင်းထုတ်ပြန်မှုကို အချိန်နှင့်တပြေးညီ ဆောင်ရွက်ကြရန် ပြောကြားသည်။

ကော်မတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာ ဝင်းမြတ်အေးက ဆိုင်ကလုန်းမုန်တိုင်း မာရသာနှင့်ပတ်သက်၍ ကြိုတင် ပြင်ဆင်ထားမှု၊ ဆက်လက်ဆောင်ရွက် သွားမည့် လုပ်ငန်းများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် သဘာ၀ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု အဖွဲ့များ၏ ကြိုတင်ပြင်ဆင်ရေး လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ ဒေသအလိုက် ထိထိ ရောက်ရောက် ဆောင်ရွက်နိုင်ရန် ပြည်သူများပါဝင်အောင် ပြင်ဆင်ထားမှု၊ လယ်ယာ သီးနှံများနှင့်ပတ်သက်၍ ဆုံးရှုံးမှုနည်းအောင် ပြင်ဆင်ထားမှု၊ အထူးသဖြင့် ထိခိုက်ဆုံး ရှုံးမှုဖြစ်ပေါ်နိုင်သည့် ရခိုင်ပြည်နယ် ရမ်းဗြဲနှင့် သံတွဲမြို့နယ်တို့တွင် ပြည်နယ်ဝန်ကြီးများ ဦးစီး၍ အရေးပေါ်စီမံခန့်ခွဲမှု လုပ်ငန်းများဆောင်ရွက်နေမှု၊ အရေးပေါ် အခြေအနေ စီမံခန့်ခွဲမှု ဗဟိုဌာန (EOC) ကို ၂၄ နာရီ ဖွင့်လှစ်၍ လုပ်ငန်းများ ဆောင်ရွက်နေမှု တို့ကို ရှင်းလင်း တင်ပြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ် ကြီး စိန်ဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ဒေါက်တာဖေမြင့်၊ ဒေါက်တာအောင်သူ၊ ဦးသန့်စင်မောင်တို့က ဆိုင်ကလုန်းမုန်တိုင်း မာရသာသည် ဧပြီ ၁၆ ရက် ညသန်း ခေါင်ယံအချိန်တွင် မြန်မာနိုင်ငံသို့ ဝင်ရောက်လာနိုင်မည်ဟု ခန့်မှန်းထားသည့်အတွက် လှည့်ကင်းများဖြင့် စောင့်ကြည့် ရန်ဆောင်ရွက်ထားမှု၊ ဝင်ရောက်ပါက အရေးပေါ်တုံ့ပြန် နိုင်အောင် စုဖွဲ့ထားမှု၊ ကယ်ဆယ်ရေးနှင့် ရှာဖွေရေး အသင့်ပြင်ဆင်ထားမှု၊ ထောက်ပံ့ ရေးပစ္စည်းများ လုံလောက်စွာ စုဆောင်းပြီးစီးမှုနှင့် ဖြန့်ဝေနိုင်ရေးအတွက် စနစ်တကျ စီမံထားမှု၊ မုန်တိုင်းဝင်ရောက်နိုင်သည့်ဒေသများတွင် တပ်ဖွဲ့ဝင်များဖြန့်ခွဲထားမှု၊ ဆေးရုံများရှိ လူနာများအား ယာယီဆေးရုံများသို့ ရွှေ့ပြောင်းကုသပေးနေမှု၊ လိုအပ်ချက်ရှိပါက အထူးကုများစေလွှတ်၍ ကုသမှုစောင့်ရှောက်မှုများ ပေးနိုင်ရန် စီစဉ်ထားမှု၊ ထိခိုက်မှု အနည်းဆုံးဖြစ်အောင် ကြက်ခြေနီများစေလွှတ်၍ ကယ်ဆယ်နိုင်ရေး ဆောင်ရွက်ထားမှု၊ ဆေးဝါးဖြန့်ထားမှု၊ မုန်းတိုင်းဝင်ရောက်နိုင်မည့် ဒေသများတွင် အရေးပေါ်ကုသရေးဌာနများကို ၂၄ နာရီဖွင့်လှစ်၍ ဆောင်ရွက်မည့်အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက ဆိုင်ကလုန်းမုန်တိုင်း မာရသာ၏ နောက်ဆုံးဖြစ်ပေါ်မှု၊ မြန်မာနိုင်ငံသို့ ဝင်လာနိုင်မည့် အခြေအနေ၊ ဆက်သွယ် ရေးပြတ်တောက်မှု မရှိစေရေး ကြိုတင်ပြင်ဆင်ထားမှုများကို ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် ဒုတိယသမ္မတသည် အရေးပေါ်အခြေအနေစီမံခန့်ခွဲမှု ဗဟိုဌာန (EOC) စက်ခန်းအတွင်း သွားရောက်၍ မုန်တိုင်းဖြစ်စဉ်များ အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ရေးဆောင်ရွက်နေမှုနှင့် ပြည်သူလူထုသိရှိနိုင်ရန် သတင်းထုတ်ပြန်ပေး နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး မုန်တိုင်းသတင်းများ အချိန်နှင့်တပြေးညီ အမြန်ဆုံး ထုတ်ပြန် ဆောင်ရွက်နိုင်ရေး ဆောင်ရွက်ကြရန် မှာကြားသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အစည်းအဝေးအပြီး မီဒီယာ များ နှင့် တွေ့ဆုံစဉ် “ဆိုင်ကလုန်းမုန်တိုင်း မာရသာက မြန်မာနိုင်ငံဘက်ကို ဦးတည်နေတယ်လို့ ပညာရှင်တွေ သုံးသပ်ထားသလို မိုးလေဝသကလည်း ခန့်မှန်းထားပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဘက်က ကြိုတင်ပြင်ဆင်မှုတွေလုပ်ထားပါတယ်။ ရခိုင်ပြည်နယ်ကို ဖြတ်သန်းဝင်ရောက်မှာဖြစ်တဲ့အတွက် အဲဒီဒေသကအရေးကြီးတယ်။ ကျန်တဲ့နေရာတွေမှာလည်း ကြိုတင်ကာကွယ်ရေး လုပ်ငန်းတွေ စီမံဆောင်ရွက်ထားပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အကုန်လုံးမှာ ကြိုတင်ပြင်ဆင်မှုတွေ အကုန်လုပ် ထားပြီးပါပြီ။ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရအဖွဲ့တွေအနေနဲ့ကလည်း ရွာတွေအထိ ရောက်အောင်သွားပြီး ဒီကိစ္စတွေကို ပြည်သူတွေနဲ့အတူဆောင်ရွက်နေပါတယ်။ ဇာတ်တိုက် လေ့ကျင့်မှုတွေလုပ်ပါတယ်။ ကယ်ဆယ် ထောက်ပံ့ရေး ပစ္စည်းတွေကိုလည်း အဆင်သင့်ပုံထားပါတယ်။

``ပြည်သူတွေအနေနဲ့ ကျွန်တော်တို့ ကြေညာနေတဲ့ကိစ္စတွေကို လိုက်နာဖို့လိုပါ တယ်။ လှေထွက်မည့်သူတွေ လှေမထွက်ကြဖို့၊ မြစ်ထဲကိုထွက်မည့်သူတွေ သတိထားကြဖို့၊ အိမ်တွေမှာ ဘယ်လိုနေထိုင်ရမယ်၊ တကယ်တမ်းဖြစ်ရင် စုရပ်တွေကို ဘယ်မှာရှိ တယ်၊ စုရပ်တွေကိုသွားရမယ်။ တယ်လီဖုန်းတွေ အားသွင်းထားမယ် စတဲ့အချက်တွေကို မီဒီယာတွေကနေပြီးတော့ ကြေညာထားတာရှိပါတယ်။

မုန်တိုင်းတိုက်ရိုက် သက်ရောက်နိုင်တဲ့နေရာတွေကို ရွှေ့ပြောင်းမယ်။ အတတ်နိုင်ဆုံး၊ အချိန်ကိုက် ကျွန်တော်တို့ ရွှေ့ပြောင်းမယ်။ တင်ပြချက်တွေ အကုန်လုံးကိုစိစစ်လိုက်တဲ့အခါကြတော့ ညနေ(၆)နာရီမှာ ကျွန်တော်တို့ ရွှေ့ကိုရွှေ့ရမယ်။ ည ၁၂ နာရီမှာ သေချာပေါက်ဝင်နိုင်တဲ့သဘောရှိပါတယ်။ အဓိကတော့ ရခိုင်ပြည်နယ်ဘက်ပါပဲ။ ညနေ(၆)နာရီကျရင် ရွှေ့လို့ရအောင် နှိုးဆော်နေပါမယ်။ ရွှေ့ပြီးတော့ နေလိုက်တာက မမှားပါဘူး။ တကယ်တမ်းဖြစ်နိုင်တဲ့နေရာကလူတွေ ရွှေ့လိုက်တာ အကောင်းဆုံးပဲ။ ထောက်ပံ့မယ့်ပစ္စည်းတွေလည်း သူ့နေရာနဲ့သူ အပြည့်ရှိအောင် ဖြည့်ထားတယ်။ ပုံထားတယ်။ ဒါမျိုးတွေ ဆောင်ရွက်နေပါတယ်။ တစ်နိုင်ငံလုံးမှာ ဂိုထောင်တိုင်းမှာ ပစ္စည်းတွေ လုံလောက်အောင် ဖြည့်တယ်။ ရခိုင်ဒေသမှာဆိုရင် အခုသေချာပေါက်လိုအပ်နေပြီ ဆိုတော့ လုံးဝမလိုအောင် စီစဉ်ထားပါတယ်။

လတ်တလောအခြေအနေကတော့ မုန်တိုင်းဝင်ရောက်တာတို့၊ မုန်တိုင်းဖြစ်တာတို့ မရှိသေးပါဘူး။ ပညာရှင်တွေဆီက သတင်းတွေကို နားထောင်တယ်။ Emergency Operation Center ဆိုတာ ကျွန်တော်တို့ဌာနမှာ ရှိပါတယ်။ အဲ့ဒီဌာနက မိုးလေဝသ သတင်းတွေကို စောင့်ကြည့်နေပါတယ်။ နိုင်ငံတကာနဲ့ချိတ်ဆက်ထားတဲ့ မိုးလေဝသ အခြေအနေတွေကို ရရှိနိုင်တဲ့အခြေအနေမှာ ရှိပါတယ်။ အဲ့ဒီဌာနကနေ ကြည့်ပြီးတော့ ကြီးကြပ်ပြီးတော့ သတင်းတွေကို အချိန်နဲ့တပြေးညီ ဖြန့်ဝေပေးနေပါတယ်။ ပြည်သူတွေအနေနဲ့က အသိနဲ့ သတိရှိဖို့လိုပါတယ်။ သတင်းတွေကို သေချာနားထောင်ဖို့ လိုပါတယ်။ ညွှန်ကြားချက်တွေကို လိုက်နာဆောင်ရွက်ဖို့လိုပါတယ်။ ကိုယ်တိုင်ပါဝင် ဆောင်ရွက်ဖို့၊ ပြည်သူတွေ တစ်ယောက်ချင်းပါဝင်ဆောင်ရွက်ဖို့လိုပါတယ်” ဟု ပြောကြားသည်။

ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်းက “ရခိုင်ပြည်နယ်မှာရှိတဲ့ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်တစ်ခုကိုအသင့်ပြင်ထားပါတယ်။ လေယာဉ်တွေလည်း အသင့်ပြင်ထားပါတယ်။ ဆေးအဖွဲ့တွေလည်း ရန်ကုန်နဲ့ နေပြည်တော်မှာ အသင့်ပြင်ထားပါတယ်။ စားနပ်ရိက္ခာနှင့် ပတ်သက်ပြီးတော့ သက်ဆိုင် ရာဒေသမှာရှိတဲ့ တိုင်းစစ်ဌာနချုပ်တွေက လိုအပ်သလိုကူညီဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ တပ်မတော်အနေနဲ့ ကတော့ သဘာဝဘေးအန္တရာယ်ကျရောက်လာရင် ကူညီဆောင်ရွက်ပေးရမယ်ဆိုတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ အမြဲတမ်းပဲ ကူညီဆောင်ရွက်ပေးလျက်ရှိပါတယ်။ ကြိုတင်ပြီးတော့ ပြင်ဆင်စရာရှိတာကိုလည်း ပြင်ဆင် ထားပြီး ဖြစ်ပါတယ်။ မုန်တိုင်းအနေအထားကတော့ အခုချိန်မှာ နည်းနည်းလေး စိုးရိမ်ရတဲ့အနေအထားမှာရှိနေပါတယ်”ဟု ပြောသည်။

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ယခင်ထက်ပို၍ သတင်းများ ဖြန့်ဝေပေးနေ ကြောင်း၊ မုန်တိုင်း၏ အတက်အကျပေါ် မူတည်ပြီး မည်သည့် အဆင့်ရောက်ကြောင်း၊ မုန်တိုင်းအရှိန်ကျသွားလျှင် ကျသွားကြောင်း သတင်းပေးသွားမည်ဖြစ်ကြောင်း၊ မုန်တိုင်းမလာခင် ကြိုတင်ပြင်ဆင်ရမည့် အရာများ၊ မုန်တိုင်းတိုက် ခတ်နေသည့်အခါ ဆောင်ရွက်ရမည့်အရာများ၊ ပြင်ဆင်ရမည့်အရာများကို ကြိုတင်သတိ ပေးထုတ်ပြန်နေကြောင်း၊ သတိပေးချက်များ အရေးကြီးလျှင် ကြီးသလို ခပ်စိပ်စိပ် ပိုမို ထုတ်လွှင့်ပေးသွားမည်ဖြစ်ကြောင်း ပြောသည်။

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှူဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဟာရင် နိုင်တီယမ်းက “ ဒီနေ့ နေ့လယ် ၁၂ နာရီ ခန့်မှန်းချက်အရတော့ မုန်တိုင်းရဲ့ တည်နေရာက သံတွဲနဲ့ ပိုနီးတယ်။ နောက်ဆုံးရတဲ့ခန့်မှန်းချက်အရ ဧပြီလ ၁၆ ရက်နေ့ ညသန်းခေါင်မှာ ရခိုင်ကမ်းရိုးတမ်း၊ သံတွဲမြို့နားကနေ ဖြတ်ကျော်သွားမယ်လို့ ခန့်မှန်း ထားတယ်။ ပထမ ခန့်မှန်းထားတာကတော့ လေတိုက်နှုန်းက မိုင် ၅၀ နဲ့ ၆၀ ကြား တိုက်မယ်လို့ ခန့်မှန်းထားပါတယ်။ ကုန်းတွင်းပိုင်း ရောက်သွားတဲ့အခါမှာ ကုန်းတွင်းမုန် တိုင်းငယ်အဖြစ်နဲ့ ဧပြီလ ၁၇ ရက်နေ့အထိ ရှိနိုင်သေးတော့ မိုးကဆက်ရွာမယ်လို့ ခန့်မှန်းထားပါတယ်။

``သက်ရောက်မယ့်ဒေသကတော့ ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး မြောက်ပိုင်းပါတယ်။ မကွေးတိုင်း ဒေသကြီးနဲ့၊ မန္တလေးတိုင်းဒေသကြီးက လေပြင်းတိုက်ခတ်တဲ့ ဒဏ်ကို နည်းနည်းခံရဖို့ရှိပါတယ်။ တိုက်ရိုက်ဝင်မယ့် နေရာက သံတွဲနဲ့ စစ်တွေ ကြားဆိုတော့ အဲဒီမှာရှိတဲ့ မြို့တွေ၊ ရွာတွေက ပြည်သူ့တွေကို မုန်တိုင်းကာကွယ်ရေး အဆောက်အအုံတွေကို ပြောင်းရွှေ့ဖို့ရှိပါတယ်။ အပျက်အစီးတော့ ရှိနိုင်မယ်လို့ ခန့်မှန်း ပါတယ်။ လေတိုက်တာကြောင့် သစ်ပင်လဲတာတွေ၊ အိမ်တွေအမိုးလန်တာတွေ ရှိနိုင်ပါတယ်။ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားတဲ့အတွက် အသေအပျောက်တော့ မရှိနိုင်ဘူးလို့ ခန့်မှန်းပါတယ်။ မျှော်လင့်ပါတယ်” ပြောသည်။