ဒုတိယသမ္မတ ဦးမြင့်ဆွေပြောကြားသည့် နှစ်သစ်ကူး နှုတ်ခွန်းဆက်စကား

Printer-friendly versionSend by email

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ အားလုံး နှစ်သစ်ကူးအခါသမယမှာ ကျန်းမာချမ်းသာပြီး မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေကြောင်း ဆုမွန်ကောင်း တောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါ တယ်။

ယခုဆိုလျှင် ကျွန်တော်တို့အစိုးရအဖွဲ့ တာဝန်ယူလာသည်မှာ တစ်နှစ်တာ ကာလပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။ တစ်နှစ်တာကာလအတွင်းမှာ ပြည်သူ များရဲ့ လူမှုစီးပွားဘဝဖွံ့ ဖြိုးတိုးတက်ရေး၊ မြန်မာ့လူ့အဖွဲ့အစည်းအတွင်း တိုင်းရင်း သားပြည်သူအားလုံးသဟဇာတ ပြည့်၀စွာနေထိုင်နိုင်ရေး၊ တရားဥပဒေစိုးမိုးရေး နဲ့ ဘက်စုံဖွံ့ ဖြိုးတိုးတက်ရေးတို့အတွက် အသက်သွေးကြောသဖွယ် အရေးကြီး တဲ့ ပြည်တွင်းငြိမ်းချမ်းရေး အမြန်ဆုံး ရရှိဖို့ တစိုက်မတ်မတ် ဆောင်ရွက်လျက် ရှိပါတယ်။ ငြိမ်းချမ်းရေးရရှိဖို့အတွက် ပြည်သူများကလည်း လှူဒါန်းငွေများ စိတ်အားထက်သန်စွာ ထည့်ဝင်နေကြ တာကိုလည်း အားရကျေနပ်ဖွယ်ရာ တွေ့ရှိရပြီး ဒါဟာ ငြိမ်းချမ်းရေးလုပ်ငန်း စဉ်အတွက် အစိုးရနဲ့ပြည်သူ တစ်သားတည်းရှိကြောင်း ပြသနေခြင်း လည်းဖြစ်ပါတယ်။

ယခုအချိန်အခါသမယဟာ မြန်မာ့ နှစ်သစ်ကူးကာလဖြစ်တဲ့အတွက် တိုင်းရင်းသား ပြည်သူများစိတ်သစ်၊ လူသစ်၊ အတွေးအခေါ်သစ်များနဲ့ နိုင်ငံတော် အကျိုးကို တစ်ထောင့်တစ်နေရာမှ ပါဝင်ဆောင်ရွက် နိုင်ကြပါစေကြောင်း ထပ်ဆင့် ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ မြန်မာနိုင်ငံတော်ကြီး တည်ငြိမ်အေးချမ်းပြီး ဒီမိုကရေစီစနစ် ရှင်သန်ခိုင်မာ အောင် ကြိုးစားကြရာမှာ နိုင်ငံတော်အစိုးရနဲ့ ပြည်သူများ အတူပူးပေါင်းပါဝင်ဆောင်ရွက် ကြရမှာဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ ပြည်သူများရဲ့ လူမှုစီးပွားဘ၀ တိုးတက်ကောင်းမွန်လာစေဖို့ အစွမ်းကုန် ကြိုးပမ်း ဆောင်ရွက် လျက်ရှိပြီး တစ်နှစ်တာကာလအစိုးရရဲ့ ဆောင်ရွက်ချက်များကိုလည်း ပြည်သူများ မြင်တွေ့ ခဲ့ကြပြီးဖြစ်ပါတယ်။

မြန်မာနှစ်သစ်ကူးဖြစ်တဲ့ ၁၃၇၉ ခုနှစ်ဟာ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်အတွက် ငြိမ်းချမ်းရေး ပုံရိပ်များ ပိုမိုပေါ်ထွန်းလာမယ့်နှစ်၊ ငြိမ်းချမ်းရေးလမ်းကြောင်းပေါ် ဖြောင့် ဖြောင့်တန်းတန်း လျှောက်လှမ်းနိုင်မယ့်နှစ်၊ မြန်မာ့သမိုင်းစာမျက်နှာမှာ တင်ကျန်ရစ်မယ့်နှစ် တစ်နှစ်ဖြစ်ပါစေ၊ ပြောင်းလဲနေတဲ့ က္ဘာ့အလယ်မှာ လိုက်ပါပြောင်းလဲ တိုးတက်နိုင်တဲ့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အဖြစ် ဂုဏ်ယူဝင့် ရပ်တည်နိုင်ပါစေ၊ ပြည်ထောင်စုဖွား တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ သည်လည်း ကာယသုခ၊ စိတ္တသုခ နှစ်ဖြာသောသုခနဲ့ပြည့်စုံပြီး မိမိ အကျိုး၊ မိမိရဲ့ပတ်ဝန်းကျင်အကျိုး၊ နိုင်ငံအကျိုးကို ကျေပွန်စွာထမ်းရွက် နိုင်တဲ့ နိုင်ငံသူ၊ နိုင်ငံသားများ ဖြစ်ကြ ပါစေလို့ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။