နှစ်သစ်မင်္ဂလာ အန္တရာယ်ကင်း ပရိတ်တရားတော် နာယူပွဲ အခမ်းအနားကျင်းပ

Printer-friendly versionSend by email

နေပြည်တော် ဧပြီ ၁၇

၁၃၇၉ ခုနှစ် မြန်မာ့နှစ်သစ်မင်္ဂလာတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နှင့် နိုင်ငံသူ၊ နိုင်ငံသားများ ဘေးအန္တရာယ် ကင်းဝေးစေရန်နှင့် ကျက်သရေမင်္ဂလာ ပြည့်စုံစေရန် ရည်စူး၍ နှစ်သစ်မင်္ဂလာ အန္တရာယ်ကင်းပရိတ် တရားတော် နာယူပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် ငုရွှေဝါခန်းမ၌ ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ဇနီးဒေါ်စုစုလွင်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ တက်ရောက်၍ အန္တရာယ်ကင်းပရိတ် တရားတော်များ နာယူ ကြည်ညိုကြသည်။

 

အခမ်းအနားသို့ ပျဉ်းမနားမြို့ မဟာဝိသုတာရာမဈေးကုန်း ကျောင်းတိုက် ပဓာနနာယက အဘိဓဇ မဟာရဋ္ဌဂုရု ဘဒ္ဒန္တကဝိသာရ အမှူးပြုသော ဆရာတော်၊ သံဃာတော်များ ကြွရောက် တော်မူကြပြီး နိုင်ငံတော်သမ္မတနှင့်ဇနီး၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် တို့နှင့်အတူ ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် ဇနီး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ခုံရုံးဥက္ကဋ္ဌ ဦးမျိုးညွန့် နှင့်ဇနီး၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းနှင့်ဇနီး၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး၊ ပြည်ထောင်စုဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ တက်ရောက်ကြသည်။

 

ရှေးဦးစွာ ပျဉ်းမနားမြို့ မဟာဝိသုတာရာမဈေးကုန်း ကျောင်းတိုက် ဆရာတော်ထံမှ နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့်ဇနီး၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဧည့်ပရိသတ်များက ကိုးပါးသီလခံယူ ဆောက်တည်ကြသည်။

 

ဆက်လက်၍ ဆရာတော်၊ သံဃာတော်များက ပရိတ်တရားတော်များနှင့် အနန္တရာယိက ကမ္မဝါစာများကို ရွတ်ပွားသရဈ္စယ်တော်မူကြရာ နိုင်ငံတော်သမ္မတနှင့်ဇနီး၊ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် ဧည့်ပရိသတ်များက နာယူကြသည်။

 

ယင်းနောက် ပျဉ်းမနားမြို့ မဟာဝိသုတာရာမဈေးကုန်း ကျောင်းတိုက် ဆရာတော် နှင့် ဆရာတော်၊ သံဃာတော်များအား နိုင်ငံတော်သမ္မတ နှင့်ဇနီး၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဧည့်ပရိသတ် များက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆပ်ကပ်လှူဒါန်းကြသည်။

 

ထို့နောက် လှူဒါန်းမှုအစုစုတို့အတွက် ပျဉ်းမနားမြို့ မဟာဝိသုတာရာမ ဈေးကုန်းကျောင်း တိုက် ပဓာန နာယက အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တကဝိသာရ ထံမှ ဧည့်ပရိသတ်များက အနုမောဒနာ တရားနာယူ၍ ရေစက်သွန်းချ အမျှပေးဝေကြသည်။

 

အခမ်းအနားအပြီးတွင် အန္တရာယ်ကင်းပရိတ် တရားတော် နာယူပွဲသို့ ကြွရောက်တော်မူ ကြသည့် ဆရာတော်၊ သံဃာတော်များအား နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့်ဇနီး ဒေါ်စုစုလွင်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်ဧည့်ပရိသတ်များက နေ့ဆွမ်းဆပ်ကပ် လှူဒါန်းကြသည်။