နိုင်ငံတော်သမ္မတဦးထင်ကျော်နှင့် ဇနီးဒေါ်စုစုလွင် မိသားစုတို့၏ နှစ်သစ်ကူးမင်္ဂလာ အန္တရာယ်ကင်း ပရိတ်တရားတော်နာနှင့် သက်ကြီးပူဇော်ပွဲအလှူတော်မင်္ဂလာ သုံးခွမြို့၌ ကျင်းပ

Printer-friendly versionSend by email

ရန်ကုန်၊ ဧပြီ ၁၈

နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ဇနီးဒေါ်စုစုလွင် မိသားစုတို့၏ နှစ်သစ်ကူး မင်္ဂလာ  အန္တရာယ်ကင်းပရိတ်တရားတော်နာနှင့် သက်ကြီးပူဇော်ပွဲ အလှူတော် မင်္ဂလာ အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန် တောင်ပိုင်းခရိုင် သုံးခွမြို့ရှိ မဟာအတုလဝေယံ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပ သည်။

ရှေးဦးစွာ သုံးခွမြို့နယ်ဩဝါဒစရိယ၊ စစ်ကုန်းကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ကောဝိဒထံမှ နိုင်ငံတော်သမ္မတဦးထင်ကျော်နှင့် ဇနီးဒေါ်စုစုလွင် မိသားစုတို့နှင့် ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော် သံဃာတော် များ ရွတ်ပွားသရဇ္စျာယ်သော အန္တရာယ်ကင်းပရိတ်တရားတော်များကို နာယူ ကြည်ညိုကြသည်။

ထို့နောက် အလှူရှင် နိုင်ငံတော်သမ္မတနှင့် ဇနီးမိသားစုတို့က သုံးခွမြို့နယ် ဩဝါဒါစရိယ၊ စစ်ကုန်းကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တကောဝိဒအား လှူဖွယ်ဝတ္ထု ပစ္စည်းများဆက်ကပ်လှူဒါန်းသည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စား လှယ်များနှင့် တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ဝတ္ထု ပစ္စည်းများကို ဆပ်ကပ်လှူဒါန်းကြသည်။

ယင်းနောက် နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင်၊ သုံးခွမြို့၊ မြို့မ ရေလည် ကျောင်းတိုက် ပဓာနနာယကဆရာတော် သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တနန္ဒာ လင်္ကာရထံမှ နိုင်ငံတော်သမ္မတနှင့် ဇနီးမိသားစု၊ ဧည့်ပရိသတ်များက အနုမောဒနာ တရားနာယူကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။

ထို့နောက် အလှူရှင်နိုင်ငံတော်သမ္မတဦးထင်ကျော်နှင့် ဇနီးဒေါ်စုစုလွင် မိသားစု တို့သည် သုံးခွမြို့နယ်အတွင်းရှိ အသက် (၈၀) နှစ်နှင့်အထက် အဘိုးအဘွား (၁၅၁၄)ဦးကိုယ်စား အဘိုးအဘွား (၁၁၅)ဦးတို့ကို သက်ကြီးပူဇော်ပွဲမင်္ဂလာအဖြစ် ပူဇော် ကန်တော့ကြပြီး လှူဖွယ်ပစ္စည်းများကို လှူဒါန်းကြသည်။

ယင်းနောက် ကန်တော့ခံဘိုးဘွားများကိုယ်စား အဘိုးဦးလှထွန်းက ကျေးဇူးတင် စကား ပြန်လည်ပြောကြားသည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့် ဇနီးမိသားစု၊ ကြွရောက်လာကြသော ဧည့် ပရိသတ်များသည် သက်ကြီးပူဇော်ပွဲမင်္ဂလာဒါနကုသိုလ်အတွက် အမျှပေးဝေကြ သည်။

အခမ်းအနားအပြီးတွင် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် ကန်တော့ခံအဘိုး၊ အဘွားများနှင့် ဒေသခံပြည်သူများကိုရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် သုံးခွမြို့နယ်တွင် နှစ်သစ်ကူးအလှူတော် မင်္ဂလာကို ၂၀၁၂ ခုနှစ် ကတည်းက စတင်ကျင်းပလှူဒါန်းခဲ့ပြီး ယခုအကြိမ်သည် ငါးကြိမ်မြောက် အလှူတော်မင်္ဂလာဖြစ်ကြောင်း သိရသည်။