ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် လုပ်ငန်းကော်မတီများ ညှိနှိုင်းအစည်းအဝေး ကျင်းပ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကားပြောကြား

Printer-friendly versionSend by email

နေပြည်တော် ဧပြီ ၂၂

 

ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် လုပ်ငန်းကော်မတီများ ညှိနှိုင်း အစည်း အဝေးကို ဧပြီ ၂၁ ရက် နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေက တက်ရောက်အမှာစကား ပြောကြားသည်။

 

အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေက ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံတော်၏ ဆောင်ရွက်ချက်များကို နိုင်ငံတကာ အဖွဲ့အစည်းများက ပိုမိုသိရှိပူးပေါင်းကူညီလာကြရန်နှင့် ကော်မတီဝင်များ၊ လုပ်ငန်းကော်မတီဝင်များကို ပုဂ္ဂလိက ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးမူဘောင်၏မဏ္ဍိုင် (၅) ရပ်ပါ လုပ်ငန်းစီမံချက်များအကြောင်း ပိုမို ကျယ်ပြန့်စွာ နားလည်သဘောပေါက်ပြီး အကောင်အထည်ဖော်နိုင်ရေးအတွက်  ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး မူဘောင်နှင့် လုပ်ငန်းစီမံချက်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို နေပြည် တော်တွင် ၂၀၁၇ခုနှစ်ဧပြီ ၅ရက်တွင် ကျင်းပခဲ့ကြောင်း၊ ယင်းအလုပ်ရုံဆွေးနွေးပွဲတွင် ပုဂ္ဂလိက ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် နိုင်ငံတော်အစိုးရ၏ ဆောင်ရွက်ချက်များကို ရှင်းလင်း ဆွေးနွေးခဲ့ ကြပြီး ပုဂ္ဂလိကပိုင်းမှ ပါဝင်ရမည့် အပိုင်းကဏ္ဍနှင့် အလှူရှင်များ ပါဝင်ကူညီနိုင်မည့် နယ်ပယ် များကိုလည်း ညှိနှိုင်းဖော်ထုတ် ခဲ့ကြကြောင်း။

 

ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်များနှင့် လစဉ်ပုံမှန်တွေ့ဆုံဆွေးနွေးပွဲများကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာလမှ စတင်ပြီး ကဏ္ဍအလိုက် ရွေးချယ်စုစည်းထားသည့် လုပ်ငန်းရှင်များ၏ အခက်အခဲ များကို ကြားနာဖြေရှင်း ပေးလျက်ရှိရာ ယခုဆိုလျင် ပဥ္စမအကြိမ်အထိ ဆောင်ရွက်ခဲ့ပြီး ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းရှင်များက အကြံပြုတင်ပြချက်  (၈၃) ချက်တင်ပြခဲ့ကြကြောင်း၊ ယင်း တင်ပြချက်များကို သက်ဆိုင်ရာ ဝန်ကြီးဌာန (၁၇)ခု၊ တိုင်းဒေသကြီး၊ ပြည်နယ်များနှင့် လုပ်ငန်းကော်မတီများမှ ပေါင်းစပ်ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးနေပြီဖြစ်ကြောင်း။

 

လုပ်ငန်းရှင်များ၏ တင်ပြချက်များကို သက်ဆိုင်ရာ ဝန်ကြီးဌာနများကလည်း ထိထိရောက်ရောက် နှင့် အမြန်ဆုံးပြန်ကြားပေးရန် ပြောကြားလိုကြောင်း၊ ယခုလုပ်ငန်းစဉ်နှင့် ပတ်သက်၍ သက်ဆိုင်ရာဝန်ကြီးဌာနများက တက်တက်ကြွကြွပီပီပြင်ပြင် ဝိုင်းဝန်းဆက်လက် အကောင် အထည် ဖော်ကြရန် လိုအပ်ကြောင်း။

 

ဥပဒေနှင့် လုပ်ထုံးလုပ်နည်းဆိုင်ရာ ဝန်းကျင်တိုးတက်ကောင်းမွန်စေရေးလုပ်ငန်း ကော်မတီ အနေဖြင့် စီးပွားရေးနှင့် သက်ဆိုင်သည့် ဥပဒေများနှင့် စပ်လျဉ်း၍ ပြင်ဆင်သင့်သည့် ဥပဒေများကို ပြင်ဆင်နိုင်ရေးနှင့် လိုအပ်သည့် စီးပွားရေးဆိုင်ရာဥပဒေ အသစ်များပြဋ္ဌာန်း နိုင်ရေးတို့အတွက် ဥပဒေဆိုင်ရာအကြံပေးခြင်းများကို ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ ကုန်သွယ် မှုနှင့် ရင်းနှီးမြုပ်နှံမှု ကို အားပေးမြှင့်တင်ရေးလုပ်ငန်းကော်မတီအနေဖြင့် ပို့ကုန်သွင်းကုန်များအား ဆိပ်ကမ်းများတွင် ကုန်တင်ကုန်ချပြုလုပ်ရာ၌ လုပ်ငန်းကြန့်ကြာမှုများ ဖြစ်ပေါ်နေကြောင်း တင်ပြလာသည့် အတွက် လုပ်ငန်းကော်မတီ အနေဖြင့် ကွင်းဆင်းပြီး လတ်တလောဖြေရှင်း ပေးရမည့် အခြေအနေများကို သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထို့ပြင် ဆိပ်ကမ်းများ တွင် ကုန်သေတ္တာယာဉ်များ ယခင်နှစ် သင်္ကြန်ကာလကဲ့သို့ ကြပ်တည်းမှုမရှိစေရေးကို ကြိုတင် ဆောင်ရွက် ထားနိုင်ရန် တာဝန်ရှိသူများက မြန်မာ့စက်မှု ဆိပ်ကမ်းတွင် ပို့ကုန်သွင်းကုန် လုပ်ငန်းများနှင့် သက်ဆိုင်သည့်လုပ်ငန်းရှင်များနှင့် သက်ဆိုင်ရာ ဌာနများ၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့တာဝန်ရှိသူများ တွေ့ဆုံ၍ဖြေရှင်းဆောင်ရွက်ပေးခဲ့ကြောင်း။

 

အခြေခံလူသားအရင်းအမြစ် တည်ဆောက်ရေးလုပ်ငန်းကော်မတီ အနေဖြင့် အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍချိတ်ဆက်ဆောင်ရွက်မှုများခိုင်မာ အားကောင်းလာစေရေး အစီအစဉ်များ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန် နှီးနှောဖလှယ်ပွဲကို ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း၊ ငွေကြေး ရရှိစေနိုင်မှု ဆိုင်ရာများ ဆောင်ရွက်ရေးလုပ်ငန်း ကော်မတီအနေဖြင့်  အမေရိကန် ဒေါ်လာဈေးနှုန်း မြင့်တက် ရခြင်းနှင့် ပတ်သက်၍ ဆောင်ရွက်ရန်ကိစ္စများ၊ ငွေကြေးရရှိစေနိုင်မှု ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းကြပြီး ပုဂ္ဂလိက ဖွံဖြိုးတိုးတက်ရေးအတွက် ချေးငွေရရှိနိုင်မှု အခွင့်အလမ်းများ ပိုမိုတိုးတက်ဖွံ့ဖြိုးလာရေးအပြင် ဘဏ်စရိတ်များ၊ အခွန်အခများ၊ လုပ်ထုံး လုပ်နည်းတင်းကျပ်မှု များ ဖြေလျော့ပေးနိုင်ရေးကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း။

 

နိုင်ငံတော်က ပြည်တွင်း၊ ပြည်ပရင်းနှီးမြုပ်နှံသူများအတွက် ရင်းနှီးမြုပ်နှံမှု ဝန်းကျင် ကောင်းများ ဖြစ်ပေါ်လာအောင် တစ်ဖက်ကလိုအပ်သည့် ဥပဒေမူဘောင်နှင့် နည်းဥပဒေ၊ အမိန့်ကြော်ငြာစာများ ပြဋ္ဌာန်းဆောင်ရွက်ပေးသကဲ့သို့ အကောင်အထည်ဖော်မည့် အင်စတီကျူး ရှင်းအပိုင်းများကိုလည်း တစ်ပြိုင်နက် စုဖွဲ့ဆောင်ရွက်လျက် ရှိကြောင်း။

 

ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာဌာနအဖွဲ့အစည်းများအလိုက် စည်းမျဉ်း လုပ်ထုံးလုပ်နည်းများ လိုအပ်သကဲ့သို့ ပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ် တိုးတက် ကောင်းမွန် နိုင်ရေး အတွက်လည်း ဝန်ကြီးဌာနများမှ ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားကြရန်နှင့် လိုအပ်ချက် ရှိနေသည့် အခြေအနေများကို ပွင့်ပွင့်လင်းလင်း တင်ပြဆွေးနွေးကြစေလိုကြောင်း ပြောကြားသည်။

 

ထို့နောက် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်နေမှုများနှင့် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအပေါ် ဆွေးနွေး ပြောကြားသည်။

 

ယင်းနောက် ကော်မတီတွဲဖက်အတွင်းရေးမှူးများက ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး အတွက် ကဏ္ဍအလိုက်ဆောင်ရွက်ပေးမည့် အခြေအနေများ၊ ဖြေလျော့ဆောင်ရွက်ပေးရန် ပုဂ္ဂလိက အဖွဲ့ အစည်းများ၏တင်ပြချက်များနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ ကိုရှင်းလင်း တင်ပြကြသည်။

 

ဆက်လက်၍ အခြေခံလူသားအရင်းအမြစ် တည်ဆောက်ရေးလုပ်ငန်းကော်မတီ၊ ငွေကြေး ရရှိစေနိုင်မှုဆိုင်ရာများဆောင်ရွက်ရေး  လုပ်ငန်းကော်မတီ၊ ဥပဒေနှင့် လုပ်ထုံးလုပ်နည်းဆိုင်ရာ ဝန်းကျင်တိုးတက် ကောင်းမွန်စေရေးလုပ်ငန်းကော်မတီ၊ စီးပွားရေးနှင့်ဝန်ဆောင်မှုဆိုင်ရာ လုပ်ငန်းများတွင် နိုင်ငံ၏အခန်းကဏ္ဍအား ပြန်လည်ရေးဆွဲရေးလုပ်ငန်းကော်မတီနှင့် ကုန်သွယ် မှုနှင့် ရင်းနှီးမြုပ်နှံမှုအားပေးမြှင့်တင်ရေး လုပ်ငန်းကော်မတီတို့မှ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးများ၊ အမြဲတမ်း အတွင်းဝန်များနှင့် တာဝန်ရှိသူများက ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးရေးအတွက် သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆောင်ရွက်နေမှုများနှင့် ဆက်လက်ဆောင်ရွက်ပေးသွားရမည့် လုပ်ငန်းစဉ်များ အပေါ် ဆွေးနွေး တင်ပြကြသည်။

 

ထို့နောက် ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများက ဖြည့်စွက် ဆွေးနွေးကြသည်။

 

ယင်းနောက် ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတက မိမိတို့သက်ဆိုင်ရာ လုပ်ငန်း ကော်မတီ အလိုက် တာဝန်ယူဆောင်ရွက်ရသည့် လုပ်ငန်းများအပေါ် အောင်မြင်အောင် ဆောင်ရွက်သွားရန် တိုက်တွန်း လိုကြောင်း ပြောကြားသည်။

 

ယခုအစည်းအဝေးသည် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ကော်မတီနှင့် လုပ်ငန်း ကော်မတီ များ၏ တတိယအကြိမ်မြောက် ညှိန်ှိုင်းအစည်းအဝေးဖြစ်ပြီး အစည်းအဝေးသို့ ပုဂ္ဂလိက ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများ၊ လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေး မှူးချုပ်နှင့် တာဝန်ရှိသူများ၊ မြန်မာ နိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)နှင့် မြန်မာ နိုင်ငံစက်မှုကုန်ထုတ်လုပ်သူများ အသင်းတို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။