အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီရှေ့လုပ်ငန်းစဉ် ညှိနှိုင်းအစည်းအဝေးကျင်းပ

Printer-friendly versionSend by email

နေပြည်တော်၊ မေ ၂

အမျိုးသားအဆင့်ရေအရင်းအမြစ်ကော်မတီရှေ့လုပ်ငန်းစဉ် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ကျင်းပရာ အမျိုးသား အဆင့် ရေအရင်းအမြစ်ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက် အမှာစကားပြောကြားသည်။

 

အစည်းအဝေးသို့ အမျိုးသားအဆင့်ရေအရင်းအမြစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ ကော်မတီဝင် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ဒေါက်တာ အောင်သူ၊ ဦးဖေဇင်ထွန်း၊ အမျိုးသားအဆင့်ရေအရင်း အမြစ်ကော်မတီ အကြံပေး အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

 

အစည်းအဝေးတွင် အမျိုးသားအဆင့်ရေအရင်းအမြစ်ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူ က  ယနေ့ကျင်းပသည့်အစည်းအဝေးသည် အမျိုးသား အဆင့် ရေအရင်းအမြစ်ကော်မတီ ဦးတည်ချက်ဖြစ်သည့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လွှမ်းခြုံသည့် ရေအရင်းအမြစ်များကို ထိရောက်စွာ စီမံဆောင်ရွက်နိုင်ရေးအတွက် ဝန်ကြီး ဌာနအဖွဲ့အစည်းများကြား ညှိနှိုင်းဆောင်ရွက် ရန်နှင့် ကော်မတီ၏ရှေ့လုပ်ငန်းစဉ်များ နှင့်ပတ်သက်၍ အတူတကွ ဝိုင်းဝန်း ဆွေးနွေးနိုင်ရန် ကျင်းပသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးဖြစ်ကြောင်း၊      ၂၀၁၇ ခုနှစ် မတ် ၂၂ ရက်တွင် ကျရောက်ခဲ့သည့် ကမ္ဘာ့ရေနေ့ အထိမ်းအမှတ်အခမ်းအနားကို မြန်မာနိုင်ငံတွင် အမျိုးသားအဆင့် ရေအရင်းအမြစ် ကော်မတီကကြီးမှူး၍ ရေနှင့်သက်ဆိုင်သည့် ဝန်ကြီးဌာန အဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သည့် ပြည်တွင်းပြည်ပအဖွဲ့အစည်းများ၊ ရေနှင့် ဆက်နွယ်သည့် ပုဂ္ဂလိကလုပ်ငန်းများပူးပေါင်းပါဝင်မှုဖြင့် ၂၀၁၇ ခုနှစ် မတ်လတွင် အောင်မြင်စွာ ကျင်းပခဲ့ကြောင်း၊ အဆိုပါအခမ်းအနားတွင် အမျိုးသားမိုးရေခံလှုပ်ရှားမှုစတင် ဆောင်ရွက်ခြင်းနှင့် ပတ်သက်သည့် အစီအစဉ်တစ်ရပ်ကို ထည့်သွင်းဆောင်ရွက်ခဲ့ကြောင်း၊

 

မြန်မာနိုင်ငံတော်အမျိုးသားအဆင့် ရေမူဝါဒ စာအုပ်နှင့် ပတ်သက်၍ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်က သုံးသပ်အကြံပြုချက် များ ပေးပို့ခဲ့ပြီး အဆိုပါသုံးသပ်အကြံပြုချက်များနှင့် ဝန်ကြီးဌာန အဖွဲ့အစည်းများ၏ သဘောထား မှတ်ချက်များကို မူတည်၍ စာအုပ်ပါအချက် များကို အဆင့်လိုက် တည်းဖြတ်ပြုစုရန် ဆောင်ရွက်လျက် ရှိပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ဒုတိယသမ္မတ က အမျိုးသားအဆင့်ရေအရင်းမြစ်ကော်မတီ၏ လုပ်ငန်း တာဝန်များနှင့် ရေကြီးရေလျှံမှုနှင့် ရေရှားပါးမှုလျော့နည်းသက်သာစေရေး၊ ရေကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်၍သက်ဆိုင်ရာ ဝန်ကြီးဌာနများ အချင်းချင်းဆက်နွယ်သည့် လုပ်ငန်းများနှင့် ပတ်သက်၍ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရေးနှင့် အမျိုးသားအဆင့် ရေအရင်းအမြစ် ကော်မတီက ဆက်လက် ဆောင်ရွက်မည့် အမျိုးသား မိုးရေခံလှုပ်ရှားမှုနှင့် ရှေ့လုပ်ငန်းစဉ်များ ချမှတ်အကောင် အထည်ဖော် ဆောင်ရွက်ရေးအတွက် ဝိုင်းဝန်းဆွေး နွေးအကြံပြုကြစေလိုကြောင်း၊ ရေအရင်းအမြစ် ဘက်စုံစီမံခန့်ခွဲမှုနှင့်ဆက်နွယ်သည့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့်ပတ်သက်၍ ဝန်ကြီးဌာနအဖွဲ့အစည်းများ အချင်းချင်း ဝိုင်းဝန်း ညှိနှိုင်း၍ အားနည်းချက်နှင့်အားသာချက်များကို စိစစ်ပြီး နိုင်ငံအတွက် အကျိုး ဖြစ်ထွန်းစေမည့် လုပ်ငန်းများကို အားသွန်ခွန်စိုက်ဆက်လက်ဆောင်ရွက်စေလို ကြောင်း၊ ကော်မတီအနေဖြင့် နိုင်ငံ၏ရေအရင်းအမြစ်စီမံခန့် ခွဲမှုများဆောင်ရွက်ရာတွင် ထိရောက် အောင်မြင်မှုရှိစေမည့် လုပ်ငန်းစဉ်များနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများနှင့်ပတ်သက်၍ ဝန်ကြီးဌာန အဖွဲ့အစည်းများ အချင်းချင်း အထောက်အကူပြုဆောင်ရွက်နိုင်ရေးအတွက် ဆွေးနွေး အကြံပြုပေးကြရန် တိုက်တွန်းလိုပါကြောင်း  ပြောကြားသည်။

 

ထို့နောက် အမျိုးသားအဆင့်ရေအရင်းအမြစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် က အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုများနှင့် ရှေ့လုပ်ငန်း စဉ်များကို ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် ကော်မတီအတွင်းရေးမှူး ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းလွင်ဦး က ကော်မတီ၏ လုပ်ငန်း ဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြသည်။

 

ထို့နောက်အစည်းအဝေးသို့တက်ရောက်လာကြသည့် ကော်မတီဝင် ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင်နှင့် အမျိုးုသားအဆင့်ရေအရင်းအမြစ်ကော်မတီအကြံပေးအဖွဲ့ဝင်များ က မိုးရေခံ လှုပ်ရှားမှု၊ ရေကြီးရေလျှံမှု လျော့ပါးရေး၊ ရေရှားပါးမှုလျော့နည်းသက်သာစေရေး လုပ်ငန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးကြရာ ဒုတိယသမ္မတ က ဖြည့်စွက်ရှင်းလင်း သည်။

 

ထို့နောက် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ က ဝန်ကြီးဌာနအဖွဲ့အစည်းများ အလိုက် လုပ်ငန်း ဆောင်ရွက်မှု ရှင်းလင်းတင်ပြချက်များ၊ ကော်မတီရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်သည့် အကြံပြု ဆွေးနွေးချက်များသည် ကော်မတီရှေ့ဆက်ဆောင်ရွက်သင့်သည့် လုပ်ငန်းစဉ်များကို ရွေးချယ်ချမှတ် ရာတွင် များစွာအထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း၊ တာဝန်ခံဝန်ကြီးဌာနများနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာန အဖွဲ့အစည်းများအနေဖြင့်လည်း ဆက်လက်၍ အပြန်အလှန် ပူးပေါင်း ညှိနှိုင်း ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။