ဒုတိယသမ္မတ ဦးမြင့်ဆွေ ပုဂံ-ညောင်ဦးဒေသရှိ ရှေးဟောင်းဘုရား၊ စေတီ၊ ပုထိုးများ ပြန်လည်ပြုပြင်ထိန်းသိမ်းမှု လုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေအား ကြည့်ရှုစစ်ဆေး

Printer-friendly versionSend by email

နေပြည်တော်  မေ ၅

ဒုတိယသမ္မတ ဦးမြင့်ဆွေသည် ယနေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများနှင့်အတူ ငလျင်ဒဏ်ကြောင့် ပျက်စီးသွားခဲ့သော ပုဂံ-ညောင်ဦးဒေသရှိ ရှေးဟောင်းဘုရား၊ စေတီ၊ ပုထိုးများ ပြန်လည်ပြုပြင် ထိန်းသိမ်းနေမှုနှင့် ဆောင်ရွက်ပြီးစီးမှုအခြေအနေကို သွားရောက် ကြည့်ရှုစစ်ဆေးသည်။

 

ဒုတိယသမ္မတသည် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ သူရ ဦးအောင်ကို၊ ဦးဝင်းခိုင်၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ပြည်သူ့လွှတ်တော်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များနှင့် အတူ ငလျင်ဒဏ်ကြောင့်ပျက်စီးခဲ့သော စိုးမင်းကြီး ဘုရား၊ လောကနန္ဒာဘုရား၊ နရသီဟပတေ့ဘုရား၊ စူဠာမဏိဘုရားနှင့် ပြဿဒ်ကြီး ဘုရားများသို့ရောက်ရှိကြပြီး ယာယီအမိုးအကာပြုလုပ်ခြင်းလုပ်ငန်း၊ ယာယီ ငြမ်းဆင်၍ ငြမ်းဖြင့်ညှပ်ထိန်းခြင်းလုပ်ငန်း၊ အက်ကြောင်းများ ဖာထေးခြင်းလုပ်ငန်း၊ အတွင်း/ အပြင်မှ ယာယီဒေါက်ဖြင့်ထိန်းခြင်းလုပ်ငန်း၊ အလေးဝန်လျော့စေရန် ပျက်စီး အစိတ်အပိုင်းများ ရှင်းလင်းခြင်းလုပ်ငန်း၊ ယာယီရေပိတ်လွှာပြုလုပ်ခြင်းလုပ်ငန်း၊ နံရံ ပန်းချီများကြံ့ခိုင်အောင် ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် ရှေးမူမပျက် ဆက်လက် ပြုပြင်နေမှု များကို ကြည့်ရှုစစ်ဆေးသည်။

 

ထို့နောက် ဒုတိယသမ္မတသည် ပုဂံရှေးဟောင်းယဉ်ကျေးမှုပြတိုက်၌ ကျင်းပသည့် ပုဂံဒေသ ငလျင်ဒဏ်သင့် စေတီပုထိုးများ ပြန်လည်ပြုပြင်ထိန်းသိမ်းရန်အတွက် အလှူငွေ ပေးအပ်လှူဒါန်းခြင်း အခမ်းအနားသို့ တက်ရောက်သည်။

 

အလှူငွေပေးအပ်လှူဒါန်းခြင်း အခမ်းအနားတွင် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ  အဘိဓဇမဟာရဋ္ဌဂုရု ဒေါက်တာဘဒ္ဒန္တ အရှင်ဉာဏိဿရက သာဒဏိယ ဩဝါဒ ကထာကို မြွက်ကြား ချီးမြှင့်သည်။

 

ထို့နောက် ဒုတိယသမ္မတက အမှာစကားပြောကြားရာတွင် ငလျင်ဒဏ်ကြောင့် ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသရှိ ရှေးဟောင်းအဆောက် အအုံစေတီပုထိုး ၃၈၉ ဆူ ပျက်စီးဆုံးရှုံးခဲ့ပါကြောင်း၊ ပျက်စီးခဲ့သည့် ရှေးဟောင်းအဆောက်အအုံစေတီပုထိုးများကို အရေးပေါ်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံတစ်ဝန်းရှိ ပြည်သူများ၊ ဒေသခံများ၊ ရဟန်းသံဃာ၊ သီလရှင်များ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် ဒေသအသီးသီးရှိ ပရဟိတအဖွဲ့များ ပူးပေါင်း ဆောင်ရွက်ခဲ့မှုကြောင့် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလအတွင်း အရေးပေါ်ကာကွယ် ထိန်းသိမ်းမှုလုပ်ငန်းများ ပြီးစီးခဲ့ပါကြောင်း။

 

ငလျင်ဒဏ်ကြောင့်ပျက်စီးခဲ့သည့် ရှေးဟောင်းအဆောက်အအုံများ ပြန်လည်ထိန်း သိမ်းရာတွင် ပြည်သူလူထုတစ်ရပ်လုံး၏ လှူဒါန်းငွေ၊ လုပ်အားဒါန ပံ့ပိုးမှုများကြောင့် နိုင်နိုင်နင်းနင်း ဆောင်ရွက် နိုင်ခဲ့ပါကြောင်း၊ ယခုကဲ့သို့ လှူဒါန်းမှုအစုစုအတွက် အထူးပင်ဝမ်းမြောက် ကျေးဇူးတင်ရှိပါကြောင်း၊ ထို့အတူ ပုဂံယဉ်ကျေးမှုအမွေအနှစ် ဒေသရှိ ငလျင်ဒဏ်သင့်ခဲ့သည့် ရှေးဟောင်း အဆောက်အအုံ များအား မှတ်တမ်းတင်ပုံထုတ် ခြင်း၊ မြေပုံထုတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည့် မြန်မာနိုင်ငံ လေကြောင်းနှင့် အာကာသပညာတက္ကသိုလ်မှ တာဝန်ရှိသူများနှင့် ကူညီထောက်ပံ့ခဲ့ကြသည့် ပြည်သူများ၊ ရဟန်းသံဃာများ၊ သီလရှင်များ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ အနယ်နယ်အရပ်ရပ်မှ ပရဟိတအဖွဲဲ႕များ၊ ပြည်တွင်းပြည်ပပညာရှင်များနှင့် ဌာနလုပ်ငန်းများ အားလုံးကို ကျေးဇူးအထူး တင်ရှိပါကြောင်း ပြောကြားသည်။

 

ယင်းနောက် ငလျင်ဒဏ်သင့်စေတီပုထိုးများ ပြန်လည်ပြုပြင်ထိန်းသိမ်းရန်အတွက် FM ပုဂံမိသားစုက ငွေကျပ် ၁၂၆ သိန်းကိုလည်းကောင်း၊ ဦးကျော်မိုးနိုင်နှင့်ဇနီး ဒေါ်ချို လွင်ဦး(Myanmar Easenet Co.Ltd နှင့် Krislite Co.,Ltd)တို့က ငွေကျပ်သိန်း ၁၀၀ ကိုလည်းကောင်း၊ မှတ်တမ်းတင်ပုံ ထုတ်ခြင်း၊ မြေပုံထုတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေး ခဲ့သည့် နိုင်ငံတကာလေကြောင်းနှင့် အာကာသပညာတက္ကသိုလ်မှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ပြီးစီးမှု မှတ်တမ်းများကို လည်းကောင်း လွှဲပြောင်းပေးအပ်လှူဒါန်း ကြရာ ဒုတိယသမ္မတက လက်ခံပြီး ဂုဏ်ပြု မှတ်တမ်းလွှာ များကို ပြန်လည်ပေးအပ်သည်။

 

ထို့နောက် သီတဂူဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ  ဒေါက်တာဘဒ္ဒန္တ ဉာဏိဿရ ဦးဆောင်ပြုပြင် မွမ်းမံ ထိန်းသိမ်းမည့် မြစည်းခုံစေတီတော်အတွက် ဦးစိုးပိုင် နှင့်ဇနီး ဒေါ်ခင်မြတ်ဆွေ(Paing Family International Co.,Ltd) က ငွေကျပ်သိန်း ၁၀၀၊ ဦးအောင်သောင်းနှင့်ဇနီး ဒေါ်ကြည်ဝင်း (အောင်သောင်းကုမ္ပဏီလီမိတက်) က ငွေကျပ်သိန်း ၁၀၀နှင့် ဦးအောင်မျိုးမင်းဒင်နှင့်ဇနီးမိသားစု (Amazing Hotel Group) က ငွေကျပ်သိန်း ၁၀၀ ကိုလည်းကောင်း၊ ငလျင်ဒဏ်သင့်စေတီပုထိုးများ ပြန်လည်ပြုပြင်ထိန်းသိမ်းရန် အတွက် ဦးမြင့်အောင်နှင့်သား ကိုထွန်းလင်းအောင် (အောင်ဂေဟာ) မိသားစုက ငွေကျပ်သိန်း ၁၀၀၊ ဦးအောင်မြတ် (Mother Trading and Construction Co.,Ltd) က ငွေကျပ်သိန်း ၁၀၀ တန်ဖိုးရှိပစ္စည်းများ၊ ဂျပန်နိုင်ငံရှိ Asia Pacific Ladies Friendship အဖွဲ့နှင့် Ms. Huang Wei တို့က ငွေကျပ် ၅၈ သိန်း၊ ကိုတင်ထွန်းဦး (Trusty Family Co.,Ltd) က ငွေကျပ်သိန်း ၅၀၊ Tharabar Gate Hotel Bagan (Kappa International Ltd)က ငွေကျပ်သိန်း ၅၀၊ ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ်မှ ဒေါ်စန်းစန်းကြည်က ငွေကျပ် သိန်း ၅၀၊ MJ Link Company Director Yasunori Suzuki က ငွေကျပ် ၃၂ ဒသမ ၆၄၇ သိန်း ၊ ၁၉၈၂ ခုနှစ် ရန်ကုန် စက်မှုတက္ကသိုလ် ကျောင်းသား ကျောင်းသူများက ငွေကျပ် ၃၁ သိန်း၊ ဦးမောင်မောင်ထွန်း (စိတ္တသုခလူမှုကူညီရေးအသင်း) က ငွေကျပ် ၂၀ ဒသမ ၂ သိန်းတို့ကိုလည်းကောင်း ပေးအပ် လှူဒါန်းကြရာ ပြည်ထောင်စုဝန်ကြီးများနှင့် မန္တလေး တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့ကလက်ခံကြပြီး အလှူရှင်ထံများထံ ဂုဏ်ပြုမှတ်တမ်းလွှာ များ ပြန်လည်ပေးအပ်သည်။

 

ထို့နောက် ဒုတိယသမ္မတသည် ပုဂံရှေးဟောင်းယဉ်ကျေးမှုပြတိုက်၌ ဆက်လက် ကျင်းပသည့် ငလျင်ဒဏ်ကြောင့်ပျက်စီးခဲ့သည့် ပုဂံ-ညောင်ဦးဒေသရှိ ရှေးဟောင်းဘုရား၊ စေတီပုထိုးများနှင့် သာသနိကအဆောက်အအုံများ ပြုပြင်ထိန်းသိမ်းရေးဦးစီးကော်မတီ ဒုတိယအကြိမ် အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြားသည်။

 

ဒုတိယသမ္မတက ပုဂံယဉ်ကျေးမှုနယ်မြေသည် မြန်မာတို့၏ နှလုံးသား၊ မြန်မာနိုင်ငံ၏ အထင်ကရနယ်မြေဖြစ်သည့်အပြင် နိုင်ငံတကာက အထူးစိတ်ဝင်စားသည့် နေရာတစ်ခု ဖြစ်ပါကြောင်း၊ ဩဂုတ် ၂၄ ရက် ရစ်ခ်ျစတာစကေး ၆ ဒသမ ၈ အဆင့်ရှိ မြေငလျင် လှုပ်ခတ်ခဲ့မှုကြောင့်   ပျက်စီးခဲ့သည်။ 

 

ရှေးဟောင်းစေတီပုထိုးများကို ပြန်လည်ပြုပြင်ထိန်းသိမ်းရာတွင် ပထမဦးစားပေး ပြုပြင်ထိန်းသိမ်းရန် ၃၆ ဆူ၊ ဒုတိယဦးစားပေး ပြုပြင်ထိန်းသိမ်းရန် ၅၃ ဆူ၊ တတိယ ဦးစားပေး ပြုပြင်ထိန်းသိမ်းရန် ၇၆ ဆူနှင့် အသေးစားပြုပြင်ရန် ၂၂၄ ဆူရှိပါကြောင်း၊ ယခုအချိန်ကာလတွင် အသေးစားပြုပြင်ရမည့် စေတီပုထိုး ၂၂၄ ဆူအား ပြုပြင်ထိန်းသိမ်း ပြီးဖြစ်ပါကြောင်း၊ ထို့ပြင် ပထမဦးစားပေးထဲမှ ၇ ဆူ၊ ဒုတိယဦးစားပေးထဲမှ ၁၁ ဆူ၊ တတိယဦးစားပေးထဲမှ ၇ ဆူကိုလည်း ပြုပြင်ပြီးဖြစ်သည့်အတွက် စုစုပေါင်း ၂၄၉ ဆူ ပြုပြင်ထိန်းသိမ်းပြီးဖြစ်ပါကြောင်း၊ လက်ရှိပြုပြင်ဆောင်ရွက်ဆဲ ၁၇ ဆူရှိပြီး ဆက်လက် ပြုပြင်ရမည့် စေတီ၊ ပုထိုး ၁၂၃ ဆူကျန်ရှိပါကြောင်း။

 

ပြုပြင်မှုလုပ်ငန်းများဆောင်ရွက်ရာတွင် သဘာ၀ဘေးအန္တရာယ်များအတွက်ပါ မျှော်မှန်းပြီး ၄ နှစ် စီမံကိန်းချမှတ်ကာ နှစ်အလိုက် အဆင့်ဆင့်ကြိုတင်ကာကွယ် ဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း၊ စေတီပုထိုးများပြုပြင်ထိန်းသိမ်းရာတွင် ရေရှည်ကြံ့ခိုင်စေရန် ရည်မှန်းပြီး အချိန်ယူကာ မူလပုံစံ အတိုင်း ပြုပြင်ထိန်းသိမ်းရန် နိုင်ငံတော်အကြီးအကဲက လမ်းညွှန်သည့်အတွက် ပြုပြင် ထိန်းသိမ်းရန် ကျန်သည့် စေတီပုထိုးများကို လမ်းညွှန်ချက် များနှင့်အညီ ပြုပြင်ထိန်းသိမ်းကြရန် အလေးအနက် မှာကြားလိုပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် နောင်ဖြစ်ပေါ်လာနိုင်မည့် သဘာ၀ဘေးအန္တရာယ် များအတွက်ပါ မျှော်မှန်းတွက် ချက် ပြီးဆောင်ရွက်ရန် လိုအပ်ပါကြောင်း။

 

ငလျင်ဒဏ်သင့် ပုဂံစေတီပုထိုးများအတွက် ပြည်တွင်းပြည်ပက အလှူငွေများ ပေးအပ်လှူဒါန်းရာတွင် ၂၀၁၇ ခုနှစ် ဧပြီ ၂၇ ရက်အထိ မြန်မာငွေကျပ် ၅ ဒသမ ၅၅၃ ဘီလျံ၊ အမေရိကန်ဒေါ်လာ ၁ ဒသမ ၁ သန်းခန့်၊ ထိုင်းဘတ်ငွေ ၁၃၈၂၀၊ စင်ကာပူ ဒေါ်လာ ၇၅၀၂၊ ဂျပန်ယန်း ၃၀၀၀၀ အပါအဝင် တရုတ်ယွမ်၊ မလေးရှားရင်းဂစ်၊ ကိုရီးယား ဝမ်၊ ဥရောပသုံးငွေ ယူရိုတို့ပါ လက်ခံရရှိထားပါကြောင်း၊ ငလျင်ဒဏ်သင့် ပုဂံစေတီပုထိုးများ ပြုပြင်ရန် ယင်းအလှူငွေများကို သတ်မှတ်ဖွဲ့စည်းထားသော ကော်မတီ၏ကြီးကြပ် မှုဖြင့် စနစ်တကျနေသုံးစွဲနေသည်ကို တွေ့ရပါကြောင်း။

 

ငလျင်ဒဏ်သင့် ပုဂံစေတီပုထိုးများ ပြန်လည်ပြုပြင်မွမ်းမံခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပုဂံ ယဉ်ကျေးမှုအမွေအနှစ်ဒေသကို ကမ္ဘာ့အမွေအနှစ် စာရင်းတင်သွင်းနိုင် ရေးအတွက်ပါ UNESCO အဖွဲ့နှင့်ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ နောင်ဖြစ်ပေါ် လာနိုင်မည့် သဘာ၀ဘေးအန္တရာယ်များ၏ အခြေအနေများကို ထည့်သွင်းစဉ်းစားပြီး ရေရှည်တည်တံ့ခိုင်မြဲစေရန်ဆောင်ရွက်ရာတွင် အားလုံး ပူးပေါင်း ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ရှေးဟောင်းအဆောက်အအုံ၊ စေတီ၊ ပုထိုး၊ သာသနိက အဆောက်အအုံများ ပြန်လည်ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းကို ကိုးကွယ်ယုံကြည်မှုဆိုင်ရာ ရှုထောင့်များ၊ နိုင်ငံ တကာစံချိန်စံညွှန်းများနှင့်အညီ စနစ်တကျ ဆက်လက်ဆောင်ရွက်သွားရန် လိုအပ်ပါ ကြောင်းပြောကြားသည်။

 

ထို့နောက် ဦးစီးကော်မတီ အတွင်းရေးမှူး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ဦးစားပေးအစီအစဉ်အတိုင်း နှစ်အလိုက် စီမံ ချက်မှတ်ကာ ပြုပြင် ဆောင်ရွက်သွားမည့် အစီအစဉ်များ၊ ပုဂံယဉ်ကျေးမှုအမွေအနှစ် ဒေသကို ကမ္ဘာ့အမွေအနှစ် စာရင်း တင်သွင်းနိုင်ရေး UNSECO အဖွဲ့နှင့် ညှိနှိုင်းဆောင် ရွက်နေမှု၊ ၂၀၁၇ ခုနှစ်အတွင်း လက်ရှိ ပြုပြင်ဆောင်ရွက်နေမှုနှင့် ရေရှည်တည်တံ့ခိုင်မြဲရေး အတွက် ထည့်သွင်းစဉ်းစားဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း၊ ဦးစီး ကော်မတီအဖွဲ့ဝင် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြုပြင် ရန်ကျန်ရှိသည့် စေတီပုထိုးများ၏ အခြေအနေ၊ နေဝင်/နေထွက် ရှုခင်းကြည့်တောင်ကုန်း နေရာများ သတ်မှတ်ဆောင်ရွက်ထားမှု၊ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ပြီး စီး၍ ပြန်လည်ဝင်ရောက်ဖူးမြော်ခွင့်ပြုထားသည့် စေတီပုထိုးများစာရင်းနှင့် ဘဏ္ဍာ ရန်ပုံငွေ သုံးစွဲမှုအခြေတို့ကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။

 

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် ပုဂံဒေသရှိ သာသနိကအဆောက်အအုံများ ပြုပြင်ထိန်းသိမ်း ဆောင်ရွက် နေမှုများနှင့် လုပ်ငန်း လိုအပ်ချက်များကို ရှင်းလင်းတင်ပြကြသည်။

 

ဒုတိယသမ္မတက လုပ်ငန်းလိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းပေးပြီး မကြာမီမိုးရာသီ ကျရောက်တော့မည် ဖြစ်ကြောင်း၊ ယခုမိုးရာသီတွင် ပျက်စီးမှုများ ထပ်မံမဖြစ်ပေါ်စေရန် စနစ်တကျ ထိန်းသိမ်းရန်လိုအပ်ကြောင်း၊ ဘက်စုံထောင့်စုံ စဉ်းစား၍ ကြိုတင်ကာ ကွယ်ရေး လုပ်ငန်းများကို ဆောင်ရွက်ထားရန်လိုကြောင်း၊ သဘာ၀ဘေးအန္တရာယ်သည် အချိန်မရွေး ကျရောက်နိုင်သည့်အတွက် ကြိုတင်ပြင်ဆင်ထားရန်လိုကြောင်း၊ မိုးရာသီကုန်ဆုံးပါက ပြုပြင်ရန်ကျန်ရှိသော ဘုရား၊ စေတီ၊ ပုထိုးများကိုလည်း ပြီးပြတ်သည်အထိ ဆက်လက် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ရန် လျာထားသည့်လုပ်ငန်း ၅၀ ခုကို သတ်မှတ်ချိန်အတွင်း အရည်အသွေးပြည့်မီအောင် ဆောင်ရွက်ရမည်ဖြစ်ပြီး ကျန်လုပ်ငန်း ၇၃ ခုကို သတ်မှတ်ထားသည့် ၄ နှစ်ကာလအတွင်း ပြီးစီးနိုင်ရေးအတွက် စီမံချက်ချ မှတ်ဆောင်ရွက်သွားရန် ပြောကြားသည်။