အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ (National Road Safety Council – NRSC) အစည်းအဝေးကျင်းပ

Printer-friendly versionSend by email

နေပြည်တော်၊ မေ ၉

အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ (National Road Safety Council – NRSC) ၏ ဒုတိယအကြိမ် အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ အမျိုးသား ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်အမှာစကားပြောကြားသည်။

 

အစည်းအဝေးသို့ ကောင်စီဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေနှင့် ဦးသန့်စင်မောင်၊ ကောင်စီဝင် ပြည်ထောင်စုဝန်ကြီး  ဦးအုန်းဝင်း၊ ဒေါက်တာ မြင့်ထွေး၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့တော်ဝန်များ၊ ပြည်သူ့လွှတ်တော် ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့် မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းချုပ် တို့မှတာဝန်ရှိသူများ၊ ဒုတိယဝန်ကြီးများ၊  တိုင်းဒေသကြီးနှင့်ပြည်နယ် လမ်းပန်း ဆက်သွယ်ရေး ဆိုင်ရာဝန်ကြီးများ၊ အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ ဆပ်ကော်မတီ အတွင်းရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

အစည်းအဝေးတွင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ က မြန်မာနိုင်ငံ၏ ယာဉ်အန္တ ရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးဆိုင်ရာကိစ္စရပ်များကို National Road Safety Action Plan (2014- 2020) နှင့် အညီ အောင်မြင်စွာအကောင်အထည်ဖော်နိုင်ရေးဆောင်ရွက် ခဲ့မှုများအပေါ် ပြန်လည် သုံးသပ်နိုင်ရန်နှင့် ပိုမိုတိုးတက်အောင်မြင်စေမည့် ရှေ့လုပ်ငန်းစဉ် များ၊ နည်းလမ်းများနှင့် အစီအမံများကို ဖော်ထုတ်နိုင်ရန် ယနေ့ အစည်းအဝေးကို ကျင်းပ ရခြင်းဖြစ်ကြောင်း၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး(Road Safety) အတွက် ယာဉ်မတော်တဆဖြစ်ပွားမှုများနှင့် အဆိုပါ မတော်မဆမှုများကြောင့် ထိခိုက်ဒဏ်ရာရမှုများနှင့် သေဆုံးမှုများ လျော့နည်းကျဆင်းသွားစေရန် ဆောင်ရွက်ကြရမည်ဖြစ်ပြီး ထိုမှတစ်ဆင့် အဆိုပါဖြစ်စဉ်များ လုံးဝပပျောက်သွားစေရန် စီမံ အကောင် အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ပြည်သူများပူးပေါင်းဆောင်ရွက်မှသာ အောင်မြင်မည့် လုပ်ငန်း ဖြစ်ကြောင်း၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ဖြစ်ပွားမှုများသည် လွန်စွာကြီးမားသည့် ခြိမ်း ခြောက်မှုအဖြစ် တဖြည်းဖြည်းကြီးထွားလျက်ရှိပြီး အဆိုပါကြီးထွားမှုကို ဟန့်တားထိန်းချုပ်နိုင်ရန် ကမ္ဘာတစ်ဝန်းလုံး၌ Road Safety ကိစ္စရပ်ကို အထူးအလေးအနက်ထား ဆောင်ရွက် လာကြပါကြောင်း၊ မြန်မာနိုင်ငံ၌လည်း National Road Safety Action Plan (2014- 2020) ကို ရေးဆွဲချမှတ်အကောင်အထည်ဖော်လျက်ရှိပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ဒုတိယသမ္မတ က တစ်ကမ္ဘာလုံးဆိုင်ရာ (Decade of Action For Road Safety 2011- 2020) ကို အကောင်အထည်ဖော်ဆောင်ရာတွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကြီးကြပ်မှု၊ ပိုမိုအန္တရာယ်ကင်းသောလမ်းများနှင့် ယာဉ်သွား လာမှု၊ ပိုမိုအန္တရာယ် ကင်းသောယာဉ်များ၊ ပိုမိုအန္တရာယ်ကင်းသည့်လမ်း အသုံးပြုသူများ၊ ယာဉ်တိုက်ခိုက်မှုဖြစ်ပြီးလျှင် ပြီးချင်း တုန့်ပြန်ဆောင်ရွက်မှု စသည့် မဏ္ဍိုင်ကြီး ၅ ရပ်ကို ချမှတ်ထားပါကြောင်း၊ အမျိုးသားယာဉ် အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ အနေဖြင့်လည်း အဆိုပါ မဏ္ဍိုင်ကြီး ၅ ရပ် ကိုအခြေပြု၍ Road Safety လုပ်ငန်းစဉ်များကို ဖော်ထုတ်ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊ အဆိုပါ လုပ်ငန်းစဉ်များ အောင်မြင်အောင် ဆောင်ရွက်နိုင်ရန် လမ်းအသုံးပြုသူများ ကို လေ့ကျင့်ပညာပေးခြင်း၊ ယာဉ်စည်းကမ်းလမ်း စည်းကမ်းများခိုင်ခိုင်မာမာပြဋ္ဌာန်းခြင်း၊ စည်းကမ်းလိုက်နာရန် တွန်းအားပေးခြင်းနှင့် စစ်ဆေး အရေးယူခြင်းများဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ထို့ပြင် မော်တော်ယာဉ်များ အသုံးပြုမှုနှင့် ကြံ့ခိုင်မှုစနစ်တကျစစ်ဆေး ကြပ်မတ်ရေးနှင့် လုံခြုံရေး အစီအများ ပြည့်စုံစွာ တပ်ဆင် ရေးတို့ကို ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ ထို့အတူ လမ်းဒီဇိုင်းမှန်ကန်ရေး၊ လမ်းများကို စံချိန်စံညွှန်းကိုက်ညီရန် တည်ဆောက်ရေးနှင့် ပုံမှန်ပြုပြင်ထိန်းသိမ်းရေး စသည့်လုပ်ငန်း စဉ်များကို မဖြစ်မနေ မပျက်မကွက် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့ပြင် နေပြည်တော်ကောင်စီ၊တိုင်းဒေသကြီးနှင့် ပြည်နယ်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး ကောင်စီများဖွဲ့စည်းနိုင်ခဲ့ပြီး Action Plan ပါ လုပ်ငန်းစဉ်များ ကို ပေါင်းစပ်ညှိ နှိုင်းဆောင်ရွက်နိုင်ရေးအတွက် Road Safety Task Force များကို ဖွဲ့စည်းဆောင်ရွက် နိုင်ခဲ့ကြောင်း၊ ရှင်းလင်းတင်ပြချက်များအပေါ် အစည်းအဝေးသို့ တက်ရောက်လာကြသူများ က လေ့လာသုံးသပ်ပြီး အတွေးသစ်၊ အကြံသစ်၊ ဉာဏ်သစ်များကို အခြေခံကာနိုင်ငံ၏ ပကတိအခြေအနေမှန်နှင့် ကိုက်ညီ ဆီလျော်သည့် လုပ်ငန်းစဉ်သစ်များ ဖော်ထုတ် နိုင်ရေးနှင့် အဆိုပါလုပ်ငန်းစဉ်များ အောင်မြင်ရန် ထိရောက်လျင်မြန် အောင်မြင်စေနိုင်မည့် နည်းလမ်း ကောင်းများရရှိနိုင်ရေးအတွက် ဝိုင်းဝန်း အကြံပြု ဆွေးနွေးကြရန် တိုက်တွန်း ပါကြောင်း၊ Road Safety နှင့် ပတ်သက်၍ အဓိက တာဝန်ရှိသည့် ဌာန၊ အဖွဲ့အစည်း၊ ပုဂ္ဂိုလ်များအနေဖြင့် အလေးအနက်ထားကြိုးပမ်းအားထုတ် ပူးပေါင်း ဆောင်ရွက် ကြရမည် ဖြစ်ကြောင်း၊ အမျိုးသား ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး သည် ပြည်သူလူထု ပူးပေါင်းပါဝင်မှသာ အောင်မြင်မှုရရှိနိုင်မည်ဖြစ်သည့်အတွက် ပြည်သူလူထုကို အသိပညာပေး စည်းရုံးပြီး ပြည်သူလူထုတက်ကြွနိုးကြားစွာ ပူ့းပေါင်းပါဝင်လာစေရန်  ဆောင်ရွက်ကြပါဟု တိုက်တွန်း လိုပါကြောင်း ဒုတိယသမ္မတက ပြောကြားသည်။

 

ထို့နောက် အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေက အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး ဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးသည်။

 

ယင်းနောက် အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် က အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး ကောင်စီ၏ ၂၀၁၆ ခုနှစ် လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းဆွေးနွေးသည်။

 

ထို့နောက် စီမံခန့်ခွဲရေးဆပ်ကော်မတီ၊ ပညာပေးရေးနှင့် စစ်ဆေးအရေးယူရေးဆပ် ကော်မတီ၊ သုတေသနပြုရေးနှင့် ကျန်းမာရေးဆပ်ကော်မတီနှင့် ဘဏ္ဍာရေးဆပ်ကော်မတီ အတွင်းရေးမှူးများက ဆပ်ကော်မတီများ၏ လုပ်ငန်းတာဝန်များနှင့် ပထမအကြိမ် အစည်း အဝေးဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှုအခြေအနေများ ကို ရှင်းလင်းတင်ပြကြသည်။

 

ယင်းနောက် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်လမ်းပန်း ဆက်သွယ်ရေး ဆိုင်ရာဝန်ကြီးများက တိုင်းဒေသကြီးနှင့်ပြည်နယ် ယာဉ်အန္တရာယ်၊ လမ်း အန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်ထားရှိမှုနှင့် လုပ်ငန်းကောင်အထည်ဖော်ဆောင် ရွက်နေ မှုများကို ရှင်းလင်းတင်ပြကြသည်။

 

ထို့နောက် အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီအတွင်းရေးမှူး ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်မင်းဦး က Suu Foundation နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနတို့ ပူးပေါင်း ကျင်းပ သည့် အလုပ်ရုံဆွေးနွေးပွဲ သုံးသပ်ဖော်ထုတ်ချက်များနှင့် Suu Foundation Report ပါ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် တာဝန်ယူဆောင်ရွက်မည့်ဌာန၊ အဖွဲ့အစည်း များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက အမျိုးသားယာဉ် အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးနှင့်စပ်လျဉ်း၍ အထွေထွေဆွေးနွေးကြရာ ဒုတိယသမ္မတက ဖြည့်စွက်ဆွေးနွေးသည်။

 

ဆက်လက်၍ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ က  အမျိုးသားယာဉ် အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးနှင့်စပ်လျဉ်း၍ Road Safety  Fund တစ်ရပ်ထူထောင်နိုင်ရန် ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းများသတ်မှတ်ပြဋ္ဌာန်းပြီး စနစ်တကျ သုံးစွဲနိုင်ရန်ကြိုးပမ်း ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ အခြေခံပညာအဆင့် ကျောင်းသားကျောင်းသူများအား လမ်းအန္တရာယ် အသိ ပညာပေးနိုင်ရန် သက်ဆိုင်ရာဆပ် ကော်မတီနှင့် ဝန်ကြီးဌာနများ ပူးပေါင်း အကောင် အထည်ဖော် ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။