အမျိုးသားသဘာ၀ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ပဲခူးတိုင်းဒေသကြီးအတွင်း သဘာ၀ဘေးအန္တရာယ်များနှင့် ပတ်သက်ပြီး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု သွားရောက်ကြည့်ရှုစစ်ဆေး

Printer-friendly versionSend by email

 

ရန်ကုန်၊ မေ ၁၃

အမျိုးသား သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ဒုတိယဝန်ကြီးများနှင့်အတူ ယနေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအတွင်း သဘာ၀ဘေးအန္တရာယ်များနှင့် ပတ်သက်ပြီး ကြိုတင် ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

 

ရှေးဦးစွာ ဒုတိယသမ္မတအား ပဲခူးတိုင်းဒေသကြီး သာယာဝတီမြို့နယ် သုံးဆယ်မြို့ တည်ဆောက်ရေး(၉) ရှင်းလင်းဆောင်၌ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်က ၂၀၁၆ ခုနှစ်တွင် သဘာ၀ဘေးအန္တရာယ်ကြောင့် တာများကျိုးပေါက်ခဲ့ရပြီး ပြန်လည်ပြင်ဆင်မွမ်းမံပြီးစီးမှု၊ ပင်လယ်ဒီရေ တက်ရောက်နိုင်မှု၊ သဘာ၀ဘေးအန္တရာယ်ကြောင့် မိုးသီးနှံများ ပျက်စီးခဲ့ပြီး ပျက်စီးဆုံးရှုံးမှုအပေါ် မျိုးစပါးထောက်ပံ့ပေးအပ်မှု၊ သဘာ၀ဘေးအန္တရာယ်ကြောင့် ပျက်စီးသွားသော လမ်း၊ တံတား လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ ရေကြီးနှစ်မြုပ်ခဲ့သည့် ငါးမွေးကန်များအား ငါးသားပေါက်များ ထောက်ပံမှု ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေး အပ်ခဲ့မှုနှင့်  ၂၀၁၇-၂၀၁၈ခုနှစ် ဘဏ္ဍာနှစ်တွင် ဆောင်ရွက်မည့်လုပ်ငန်းများကို ရှင်းလင်း တင်ပြသည်။

 

ထို့နောက် ဒုတိယသမ္မတက ရှင်းလင်းတင်ပြမှုများနှင့် စပ်လျဉ်းပြီး  သဘာ၀ဘေးကြိုတင် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရေရှည်အတွက် ခိုင်ခံ့လုံခြုံမှုရှိပြီး ကောင်းမွန်အောင် ဆောင်ရွက်ရန်မှာကြားသည်။

 

ထို့နောက်  မိုးညိုမြို့နယ် အတွင်းရှိ မြစ်မခမြစ် အနောက်ဘက်ကမ်း မြစ်မခတာ တာပတ် လုပ်ငန်းဆောင်ရွက်နေမှုနှင့် ဘုရားကြီးကုန်း ခအောင်းပင်တာအား စက်ယန္တရားကြီးများနှင့် တာမြေဖို့ခြင်း လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။

 

ထို့နောက် လုပ်ငန်းခွင်ရှင်းလင်းဆောင်၌ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူက ရေဘေးကာကွယ်ရေးတာများ ပြုပြင်ဆောင်ရွက်နေမှုနှင့် ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး ဒေသခံပြည်သူများက တင်ပြလာသည့် တာကြံခိုင်မှုအတွက် လိုအပ်သည့်နေရာများတွင် ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရန် တာဝန်ရှိသူများအား မှာကြား သည်။

 

ပဲခူးတိုင်းဒေသကြီးသည် နှစ်စဉ် ဧရာဝတီမြစ်ရေကြီးမြင့်မှုနှင့် ပဲခူးရိုးမတောင်ကျရေများ စီးဆင်းမှု၊  မြစ်ရေလျှံမှု ဖြစ်ပေါ်နေခြင်းတို့ကြောင့် ဒေသခံပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်များ ပျက်စီးဆုံးရှုံးခြင်း၊ စိုက်ပျိုးသီးနှံများပျက်စီး ဆုံးရှုံး ခြင်းမဖြစ်ပေါ်စေရေးအ တွက် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ တာတမံများတည်ဆောက်၊ တာဘောင် များ မြင့်တင်ခြင်းတို့အား ဆောင်ရွက်လျက်ရှိသည်။

 

ပဲခူးတိုင်းဒေသကြီးတွင် ရေဘေးကာကွယ်ရေးတာများ ပြုပြင်ခြင်းလုပ်ငန်းများကို ၂၀၁၆-၂၀၁၇ ခုနှစ်တွင် ပြည်ထောင်စုရန်ပုံငွေဖြင့် သာယာဝတီခရိုင်တွင်  (၃)ခု၊ ပြည် ခရိုင်တွင် (၃)ခု၊ တိုင်းဒေသကြီး ရံပုံငွေဖြင့် သာယာဝတီခရိုင် တွင်(၁၅)ခု၊ ပြည်ခရိုင် တွင် (၄)ခု၊ အမျိုးသား သဘာ၀ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရံပုံငွေဖြင့်  သာယာဝတီခရိုင်တွင် (၂)ခု တည်ဆောက်ခဲ့ကြောင်း သိရသည်။

 

ယင်းနောက် ဒုတိယသမ္မတသည် လက်ပံတန်း-ထိန်တော-မိုးညို-တာပွန်-နတ္တလင်း လမ်းပေါ်ရှိငါးပြေမတံတား ဆောက်လုပ်ပြီးစီးမှု အခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေးရာ ရှင်းလင်းဆောင်၌ လမ်းဦးစီးဌာနမှ တာဝန်ရှိသူက တံတားတည်ဆောက် ရခြင်းနှင့် စပ်လျဉ်းပြီး ရှင်းလင်းတင်ပြသည်။

 

ငါးပြေမတံတားသည် တံတားအရှည်ပေ ၂၆၀ ရှိပြီး ယာဉ်သွားလမ်းအကျယ် ၁၂ ပေရှိ နှစ်လွာ တစ်ထပ် ဘေလီတံတားအမျိုးအစားဖြစ်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့၏ သီးသန့် ရံပုံငွေဖြင့် တည်ဆောက်ကာ ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် ရေကြီးရေလျှံ ဖြစ်ပေါ်လာပါက ရေကိုပြန်လည်လျော့ချသည့် ရေထွက်ပေါက် သုံးခုအနက်မှ ရေထွက်ပေါက်တစ်ခု အပေါ်တွင် တည်ဆောက်ထားခြင်းဖြစ်သည်။