အမျိုးသားသဘာ၀ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူ ဧရာဝတီတိုင်းဒေသကြီးအတွင်း သဘာ၀ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု သွားရောက်ကြည့်ရှု

Printer-friendly versionSend by email

ရန်ကုန် မေ-၁၆

အမျိုးသားသဘာ၀ဘေး အန္တရာယ်ဆိုင်ရာ စီမံခန်ှု့ခွဲမှုကော်မတီ ဥက္ကဌ ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူသည် ယနေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့ ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် ဧရာဝတီတိုင်းဒေသကြီး သဘာ၀ဘေးနှင့် ပတ်သက်ပြီး ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု ရှင်းလင်းပွဲ အခမ်းအနားသို့  တက်ရောက်သည်။

 

အခမ်းအနားတွင် ဒုတိယသမ္မတအား မအူပင်ခရိုင်၊ ပုသိမ်ခရိုင်၊ ဟင်္သာတခရိုင်တို့မှ ခရိုင် အုပ်ချုပ်ရေးမှူးများက ဒေသတွင်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေ အနေ၊ သဘာ၀ ဘေးအန္တရာယ် ကျရောက်လာပါက ကြိုတင်ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် သက်ဆိုင်ရာ ဌာနများမှ တာဝန်ရှိသူများက ဌာနအလိုက် လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

 

ထို့နောက် ဒုတိယ သမ္မတက မြန်မာနိုင်ငံသည် ယခင်က သဘာ၀ဘေးဒဏ် ဖြစ်ပွားမှု နည်းပါးခဲ့သော်လည်း ယခုနောက်ပိုင်း မကြာခဏ ကြုံတွေ့နေရသောကြောင့် ပြည်သူအားလုံး သတိပြုရန် လိုအပ်ပါကြောင်း၊ သဘာ၀ဘေးနှင့်ပတ်သက်ပြီး ကြိုတင်ကာကွယ်ခြင်းများ ထိထိရောက်ရောက် လုပ်မှသာလျင် သဘာ၀ဘေး ကျရောက်လာပါက ထိခိုက်ဆုံးရှုံးမှု နည်းပါးသက်သာမည်ဖြစ်ပါကြောင်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် စေတနာထားပြီး ပြည်သူနှင့်အတူ လက်တွဲကာ ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော် ဖွံ့ဖြိုးရေးလုပ်ငန်းများ စီမံကိန်းချမှတ်ဆောင်ရွက်ရာတွင် စာရင်းအင်း အချက် အလက်များ မှန်ကန်တိကျရန် အရေးကြီးပါကြောင်း၊ ယင်းအပေါ် အခြေခံပြီး လုပ်ဆောင်မှသာ လုပ်ငန်းများ အောင်မြင်နိုင်မည်ဖြစ်ကြောင်း။

 

ဧရာဝတီတိုင်းဒေသကြီးသည် မိမိတို့နိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍအတွက်သာမက ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးအတွက်ပါ ကောင်းမွန်သည့် အခြေခံအရင်း အမြစ်များ ရှိသဖြင့် နိုင်ငံစီးပွား တိုးတက်စည်ပင်ရေးတွင် အဓိက စွမ်းဆောင်ပေးနိုင်မည့် ဒေသဖြစ်လာမည်ဟု မျှော်လင့်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် ဒုတိယသမ္မတနှင့် တာဝန်ရှိသူများသည် မအူပင်မြို့မှ ညောင်တုန်း မြို့သို့ မော်တော်ယာဉ်များဖြင့် ထွက်ခွာပြီး ညောင်တုန်းမြို့ (၂၁)လမ်းထိပ်မှ (၂၇)လမ်းထိပ်ထိ မြစ်ရေးတိုက်စားပြီး ကမ်းပါးပြိုမှုအား ရေအရင်းအမြစ်နှင့်မြစ်ချောင်း များ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကမ်းထိန်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို သွားရောက် ကြည့်ရှုစစ်ဆေးသည်။

 

ညောင်တုန်းမြို့သည် ဧရာဝတီမြစ်နှင့်ပန်းလှိုင်မြစ်ဆုံရာ အနီးတွင် တည်ရှိပြီး မြစ်ကမ်းပါးနှင့် မြေသားတာတို့မှာ ကပ်လျက်တည်ရှိနေခြင်း၊ ပန်းလှိုင်မြစ်နှင့် ဧရာဝတီမြစ် ဆုံရာတွင်ရှိ၍ မိုးရာသီရေများချိန် ရေစီးဆင်းနှုန်း များပြားခြင်း ၊ရေနည်းရာသီမြစ်ရေကျဆင်းချိန်တွင် မြေတွင်းအောင်းရေ စိမ့်ထွက်မှုများ ပြားခြင်း စသည့်တို့ကြောင့် ကမ်းပါးမြေသားများ နှစ်စဉ်နီးပါး အိကျမှုများ ဖြစ်ပေါ် လျက်ရှိရာ ယခုနှစ်တွင် ညောင်တုန်းမြို (၂၁)လမ်းထိပ် မြစ်ကမ်း ကမ်းထိန်းလုပ်ငန်းကို ဘိုးပိုင်အခြေပြု ကျောက်စီမြေထိန်းနံရံ အလျား (၂၅၀)ပေ၊ မျောတိုင်တန်း အခြေထိန်း ရေကာ အလျား(၂၅၀)ပေ၊ (၂၄)လမ်းတွင် ဘိုးပိုင်အခြေပြု ကျောက်စီမြေထိန်းနံရံ အလျား (၁၁၅)ပေနှင့် (၂၅)လမ်းမှ(၂၇)လမ်းအထိ ဘိုးပိုင်အခြေပြု ကျောက်စီမြေထိန်း နံရံ အလျား(၂၁၅)ပေ တည်ဆောက်ခြင်း လုပ်ငန်းများဆောင်ရွက်လျက်ရှိသည်။

 

ဆက်လက်၍  ဗိုလ်မြတ်ထွန်းတံတား ကမ်းထိန်းခြင်းလုပ်ငန်းများ ဆောင်ရွက် နေမှုနှင့် ရေလမ်းကြောင်း ကောင်းမွန်ရေးအတွက် လုပ်ငန်းများဆောင်ရွက်နေမှုကို သွားရောက် ကြည့်ရှုစစ်ဆေးရာ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန တာဝန်ရှိသူက သောင်တူးခြင်းလုပ်ငန်း၊ ရေကာတာများ တည်ဆောက် ခြင်းလုပ်ငန်း၊ ကျောက်စီကမ်းထိန်း တမံတည်ဆောက်ခြင်း၊ ကျောက်စီနံရံ တည်ဆောက်ခြင်းနှင့် သဲအိတ်ခံကျောက်စီ ရေကာတာတည်ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် စပ်လျဉ်းပြီး ရှင်းလင်းတင်ပြပြီး ဒုတိယသမ္မတသည် လုပ်ငန်း ဆောင်ရွက်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုသည်။

 

ဗိုလ်မြတ်ထွန်းတံတား၏ ကြိမ်ပင်ဆယ်ရွာဘက်ကမ်းပါးများမှာ ရေနက်စီးကြောင်းကြောင့် လည်းကောင်း၊ ဝဲပြန်ရေစီးကြောင်းကြောင့်လည်းကောင်း ကမ်းပါးအိကျ မှုများရှိ၍ ရေလမ်းကြောင်းကောင်းမွန်းရေး လုပ်ငန်းများကို ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် တွင် ပြည်ထောင်စုသီးသန့် ရန်ပုံငွေမှ ငွေကျပ် (၃၀၃၆)သန်း ကျခံဆောင်ရွက် လျက်ရှိရာ ၉၈ ရာခိုင်နှုန်း ပြီးစီးပြီးဖြစ်သည်။

 

ယင်းနောက် ဗိုလ်မြတ်ထွန်းတံတားမှ ဓနုဖြူမြို့ မရမ်းချောင်းကျေးရွာရှိ မရမ်းချောင်းတာ တည်ဆောက်နေမှု အခြေအနေများကို သွားရောက်ကြည့်ရှု စစ်ဆေး သည်။

 

မရမ်းချောင်းတာကို ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စု သီးသန့် ရန်ပုံငွေမှ ငွေကျပ်(၉၈၆)သန်းဖြင့် ကျခံဆောင်ရွက်လျက်ရှိပြီး လက်ရှိတွင် ဘိုးပိုင် အခြေပြု ကျောက်စီနံရံ၊ အခြေထိန်းမျောကျောက်ဖြည့် ရေကာတည် ဆောက်ခြင်း၊ ရေထဲပိုင်း ကျောက်ချခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၈၅ရာခိုင်နှုန်း ပြီးစီးပြီဖြစ်သည်။

 

ထို့နောက် ဓနုဖြူမြို့မှ  ဇလွန်မြို့သို့ သွားရောက်ပြီး  ဒေါင့်ကြီးကျေးရွာဆိမ်ကမ်းမှ ကူးတ်ို့ဆိပ်ကျေးရွာသို့ စက်လှေများဖြင့် သွားရောက်ကာ မြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုမှုကို သွားရောက်ကြည့်ရှုသည်။

 

ဒုတိယသမ္မတသည် ကူးတ်ို့ဆိပ်ကျေးရွာတွင် ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ဒေသခံပြည်သူများက တင်ပြလာသည့်အခက်ခဲများကို တိုင်းဒေသကြီးအစိုးရနှင့် ဌာနဆိုင်ရာများက ပူးပေါင်းကူညီဖြေရှင်းပေးရန် မှာကြားပြီး မြစ်ရေတိုက်စားပြီး ကမ်းပါးပြိုမှုကြောင့် နေအိမ်များ ပြောင်းရွှေ့ခဲ့ရသည့် အိမ်ထောင်စု ၅၀ အား တစ်အိမ်ထောင်လျင် ငွေကျပ်တစ်သိန်းနှုန်းဖြင့် ငွေကျပ်သိန်း ၅၀ ကို အမျိုးသား သဘာ၀ဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ရန်ပုံငွေမှ ထောက်ပံ့သည်။

 

ဧရာဝတီတိုင်းဒေသကြီးအတွင်း Cyclone Shelterများ၊ School Cum Shelterများ တည်ဆောက်ရန်၊ သောက်သုံးရေရှိရေးနှင့် ရေတွင်းရေကန်များ တူးဖော်ရန်တို့အတွက် ၂၀၁၆-၂၀၁၇ဘဏ္ဍာရေးနှစ်နှင့် ယခုနှစ် မေလအထိ အမျိုးသား သဘာ၀ဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ရန်ပုံငွေမှ ငွေကျပ် (၉၃၅၁) သိန်းအား ထောက်ပံ့ ပေးအပ်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။