ဒုတိယသမ္မတ ဦးမြင့်ဆွေ သိုင်းချောင်းတံတားတည်ဆောက်ပြီးစီးမှု၊ မင်းလှ - စိန်ကန့်လန့်-မြို့ချောင်း-ဖဒို-ကျွန်းကုန်းလမ်း နှင့် ပဲခူးရိုးမစိမ်းလန်းစိုပြေရေး ဆောင်ရွက်နေမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေး

Printer-friendly versionSend by email

နေပြည်တော် မေ ၁၇

ဒုတိယသမ္မတ ဦးမြင့်ဆွေသည် ယနေ့နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး ရေတာရှည် မြို့နယ် ကိုးပင်-သာဂရလမ်းပေါ်ရှိ တံတားအမှတ်(၂/၇) သိုင်းချောင်းတံတားတည်ဆောက်ပြီးစီးမှု၊ မင်းလှ - စိန်ကန့်လန့်-မြို့ချောင်း-ဖဒို-ကျွန်းကုန်းလမ်း နှင့် ပဲခူးရိုးမစိမ်းလန်းစိုပြေရေး ဆောင် ရွက် နေမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ဒုတိယသမ္မတဦးမြင့်ဆွေသည် ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် ကိုးပင်-သာဂရ လမ်းပေါ်ရှိ တံတားအမှတ်(၂/၇)သိုင်းချောင်းတံတားသို့ရောက်ရှိပြီး တံတား တည်ဆောက် ပြီးစီးမှုနှင့် ချဉ်းကပ်လမ်းကတ္တရာခင်းထားမှုတို့ကို ကြည့်ရှုစစ်ဆေးရာ တံတားဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ဆွေနှင့်တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက် ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့်လုပ်ငန်းများကို ရှင်းလင်းတင်ပြသည်။

တင်ပြချက်များအပေါ် ဒုတိယသမ္မတကသိုင်းချောင်းအတွင်းရေလမ်းကြောင်း ကောင်းမွန်ရေး၊  တံတားရေတိုက်စားမှုမရှိစေရန်မြေထိန်းနံရံများကိုစနစ်တကျဆောင်ရွက်ရေးနှင့် အရည်အသွေး ပြည့်မီအောင်စနစ်တကျဆောင်ရွက်ရန်မှာကြားသည်။

အဆိုပါ သိုင်းချောင်းတံတားမှာအရှည် ပေ(၄၀)ရှိပြီး သံကူကွန်ကရစ်တံတား ဖြစ်ကာ ပြီးခဲ့သည့် ဧပြီ ၂၂ရက်က ပြီးစီးခဲ့ကြောင်း သိရသည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ်ရှိ ရဲနွယ် ရေလှောင်တမံ ရှင်းလင်း ဆောင်သို့ရောက်ရှိရာ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းက စစ်တောင်းမြစ်ဝှမ်းတစ်လျှောက် တည်ဆောက်ပြီးစီးခဲ့သည့် ရေအား လျှပ်စစ် စက်ရုံများအရေအတွက်၊  ရဲနွယ်ရေအားလျှပ်စစ်စက်ရုံဆိုင်ရာ အချက်အလက်များ၊ နှစ်စဉ်ဓာတ်အားထုတ်လုပ်နိုင်မှု အခြေအနေများကိုလည်းကောင်း၊ ဆည်မြောင်းနှင့် ရေအသုံးချ မှု စီမံခန့်ခွဲရေးဦးစီးဌာန တည်ဆောက်ရေး(၁) ညွန်ကြားရေးမှူး ဦးတင်မောင်အေးက ရေလှောင်တမံဆိုင်ရာအချက်များနှင့် စိုက်ပျိုးရေပေးဝေနိုင်မှုအခြေအနေများကို ရှင်းလင်း တင်ပြရာ ဒုတိယသမ္မတက ရေလှောင်တမံကြံခိုင်ရေးနှင့် သဘာ၀ဘေးအတွက် ကြိုတင် ကာကွယ်ရေးလိုအပ်ချက် အစီအမံများကိုမှာကြားပြီး ရှင်းလင်းဆောင်ရှုရပ်မှ ရေလှောင်တမံ အား ကြည့်ရူစစ်ဆေးသည်။

ယင်းနောက် ဒုတိယသမ္မတသည် ရဲနွယ်ဓာတ်အားပေးစက်ရုံအတွင်းစက်များတပ်ဆင် ထားရှ ိမောင်းနှင်နေမှုအခြေအနေနှင့် လျှပ်စစ်ဓာတ်အားထုတ်လွှတ်မှု အခြေအနေတို့ကို လိုက်လံကြည့်ရှုစစ်ဆေးသည်။

ထို့နောက်  မင်းလှ - စိန်ကန့်လန့်- မြို့ချောင်းလမ်း မိုင်တိုင်အမှတ် ၆၉ရှိ ဖြိုးစည်သူထ ရေးဒင်း ကုမ္ပဏီ၏ ပုဂ္ဂလိက ကျွန်းစိုက်ခင်းသို့ရောက်ရှိပြီး ကျွန်းပင်များစိုက်ပျိုး ထားရှိမှုကို ကြည့်ရှုစစ်ဆေးကာ ပဲခူးရိုးမစိမ်းလန်းစိုပြေရေးအတွက် ပုဂ္ဂလိများ၏ပူးပေါင်းဆောင် ရွက်မှုကို အားပေးကြောင်း ပြောကြားသည်။

ဆက်လက်၍ မင်းလှ - စိန်ကန့်လန့်- မြို့ချောင်း-ဖဒို- ကျွန်းကုန်း လမ်း မိုင်တိုင်အမှတ် ၅၁ရှိ ဆောက်လုပ်ရေးရှင်းလင်းဆောင်သို့ရောက်ရာ ပဲခူးတိုင်းဒေသကြီး လမ်းဦးစီးဌာန အင်ဂျင်နီ ယာမှူးကြီး ဦးဇော်ထွန်းက မင်းလှ - စိန်ကန့်လန့်- မြို့ချောင်း-ဖဒို- ကျွန်းကုန်း လမ်း ပြုပြင်ထိန်းသိမ်းရန်အတွက် ဘဏ္ဍာငွေရရှိမှု၊ အပိုင်းအလိုက် ကတ္တရာခင်းခြင်း လုပ်ငန်း ဆောင်ရွက်ထားရှိမှု၊ ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ လည်းကောင်း၊ သစ်တောဦးစီးဌာန တိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဦးဇော်ဝင်းမြင့်က  ပဲခူးရိုးမစိမ်းလန်းစိုပြေရေးနှင့် သစ်တောများပြန်လည်တည်ထောင်ရေးစီမံကိန်း အကောင် အထည်ဖော်ဆောင်ရွက်နေသည့် ကြိုးဝိုင်းကြိုးပြင်ကာကွယ်တောများတိုးချဲ့ စိုက်ပျိုးထားရှိမှု၊ ဓမ္မတာမျိုးပျိုးထောင်ထားရှိမှု၊  ဌာနပိုင်သစ်တောစိုက်ခင်းများတည်ထောင်ထားရှိမှု၊ ဒေသခံ ပြည်သူများအစုအဖွဲ့လိုက် သစ်တောများစိုက်ပျိုးထားရှိမှု၊ ပျိုးပင်များဖြန့်ဝေပေးမှုတို့ကို လည်းကောင်း ရှင်းလင်းတင်ပြရာ ဒုတိယသမ္မတက လမ်းကိုလက်ရှိအခြေအနေထက်အရည် အသွေးမကျအောင်ထိန်းသိမ်းထားရန်၊ ပဲခူးရိုးမ သစ်ထုတ်လုပ်မှု ရပ်နားထားချိန်တွင် သဘာဝအခြေခံ ခရီးသွားလုပ်ငန်းများကို ဖော်ဆောင်သွားရန်နှင့် ပဲခူးရိုးမသည် သစ်တော လွှမ်းခြုံမှု ၂၉ရာခိုင်နှုန်းကျော်သာရှိသည့်အတွက် တစ်ပြည်လုံး သစ်တောလွှမ်းခြုံမှု ပျမ်းမျှ ၄၃ရာခိုင်နှုန်းခန့်အထိ အမြန်ရောက်ရှိအောင် ကြိုးပမ်းဆောင်ရွက်ရန်မှာကြားသည်။

ထို့နောက်  မင်းလှ - စိန်ကန့်လန့်လမ်း မိုင်တိုင်အမှတ် ၁၆/၄ရှိ ၁/၂၀၁၄ စီးပွားရေးကျွန်း စိုက်ခင်း ဧက(၅၀)နှင့် ၁/၂၀၁၇ စီးပွားရေးကျွန်းစိုက်ခင်း ဧက(၁၀၀) သို့ရောက် ရှိပြီး ကျွန်းစိုက်ခင်းပြန်လည်စိုက်ပျိုးထားမှုကိုနှင့် ကျွန်းပျိုးပင်များပျိုးထောင်ထားရှိမှုကို ကြည့်ရှု စစ်ဆေးခဲ့သည်။