စာရင်းအင်းအချက်အလက်များမှန်ကန်ရေးနှင့် အရည်အသွေးပြည့်ဝရေးကော်မတီ (၂/၂၀၁၇) အစည်းအဝေး ကျင်းပ

Printer-friendly versionSend by email

နေပြည်တော် မေ ၁၈

စာရင်းအင်းအချက်အလက်များ မှန်ကန်ရေးနှင့် အရည်အသွေးပြည့်ဝရေးကော်မတီ (၂/၂၀၁၇) အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင်  စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပရာ စာရင်းအင်းအချက်အလက်များ မှန်ကန်ရေးနှင့် အရည်အသွေး ပြည့်ဝရေး ကော်မတီနာယက ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်အဖွင့်အမှာစကား ပြောကြား သည်။      

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက  နိုင်ငံဖွံ့ဖြိုးရေးအတွက် မူဝါဒများ ချမှတ်ရာတွင် လည်းကောင်း၊ လက်တွေ့ကျသည့် စီမံကိန်းများ ရေးဆွဲရာတွင်လည်းကောင်း စီမံကိန်းများ အကောင်အထည်ဖော်ခြင်း၊ စောင့်ကြည့်အကဲဖြတ်ခြင်း၊ နိုင်ငံဖွံ့ဖြိုးမှုအတွက် ဦးစားပေး အရေးကြီး လုပ်ငန်းစဉ်များ ရွေးချယ်ဆောင်ရွက်နိုင်ရေး အစရှိသည့် ကိစ္စရပ်များအတွက် စာရင်းအင်း အချက်အလက်များ မှန်ကန်ရေးနှင့် အရည်အသွေး ပြည့်ဝရေးသည် အလွန်အရေးကြီးပါကြောင်း။

ထို့ကြောင့် လိုအပ်နေသည့် စာရင်းအင်းအချက်အလက်များ ရှေ့နောက်ညီညွတ်မှုရှိရန်၊ အချိန်နှင့် တစ်ပြေးညီရရှိရန်၊ ယုံကြည်ကိုးစားနိုင်သော ခိုင်မာသော စာရင်းအင်းများ ဖြစ်စေရန်၊ အရှိန်အဟုန် မြှင့်ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း။

စာရင်းအင်းဆိုင်ရာ ဖွံ့ဖြိုးမှုအမျိုးသားအဆင့်မဟာဗျူဟာ (National Strategy for the Development of Statistics – NSDS) ကို ကာလရှည် အကောင်အထည်ဖော် ဆောင်ရေး စီမံချက်ကိုလည်းစာရင်းအင်းဆိုင်ရာ လုပ်ငန်းအဖွဲ့များနှင့် ပူးပေါင်းရေးဆွဲနေပြီး အကောင်အထည် ဖော်ဆောင်ရန်လိုအပ်သည့် Trust Fund နှင့် နည်းပညာ အကူအညီများ ရရှိစေရေးအတွက် ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများနှင့် ချိတ်ဆက် အကောင်အထည်ဖော်သွားရမည်ဖြစ်ပါကြောင်း။

စာရင်းအင်းလွှမ်းခြုံမှု အားကောင်းနိုင်ရေး၊ ပုဂ္ဂလိကကဏ္ဍ စာရင်းအင်းများကို ရယူနိုင်ရေး အတွက် ညှိနှိုင်းပေါင်းစပ်နိုင်ရေး၊ စာရင်းအင်းဥပဒေပြဋ္ဌာန်းပြီးပါက အာဏာ သက်ရောက်စေရေး အတွက်လည်း ဆက်လက်တွန်းအားပေးဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ Stakeholder များ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန် Platform တစ်ရပ်ထူထောင်ဆောင်ရွက်ရာတွင် ဝန်ကြီးဌာန အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုနှင့် တိုင်းဒေသကြီး၊ ပြည်နယ်များနှင့် ပူးပေါင်း ဆောင်ရွက်မှုများသည် အဓိကကျသည့်အတွက် အင်နှင့်အားနှင့်ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်း လိုပါကြောင်း။

အရည်အသွေးပြည့်၀ပြီး တိကျမှန်ကန်သည့် စာရင်းအင်းများကို အသုံးပြုနိုင်ခြင်းအားဖြင့် အစိုးရနှင့် ပြည်သူများအကြား၊ နိုင်ငံတကာအသိုင်းအဝိုင်းများအကြား ယုံကြည်မှုတိုးမြှင့် စေနိုင်မည်ဖြစ်ပါကြောင်း။

ဘေးအန္တရာယ်လျော့ပါးရေးစီမံခန့်ခွဲမှု တိုးတက်မှုအခြေအနေကို သုံးသပ်နိုင်သည့် ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးဆိုင်ရာ ဆန်ဒိုင်း မူဘောင်ပါ သတ်မှတ်ချက်များ အကောင်အထည်ဖော်ရေး၊ ညွှန်ကိန်းများ တိုးတက်ဖြစ် ပေါ်လာစေရန် အတွက်လည်း မိမိနိုင်ငံနှင့်ကိုက်ညီသည့် အဓိပ္ပာယ်သတ်မှတ်ချက်များ၊ နည်းလမ်းများကို ဌာနဆိုင်ရာများက ပူးပေါင်းဝိုင်းဝန်းပြီး အဖြေရှာကြရန် လိုအပ်ပါ ကြောင်း။

SDGs ပန်းတိုင်များ၊ ဆန်ဒိုင်းမူဘောင်ပါသတ်မှတ်ချက်များ၊ အောင်မြင်စေရေးအတွက် ကဏ္ဍ ဆိုင်ရာ၊ ဒေသန္တရဆိုင်ရာ ရည်မှန်းချက်များ ချမှတ်ပြီး အကောင်အထည် ဖော်မှုများအား ရေးဆွဲ ဖော်ဆောင်ကြရန်၊ နှစ်တိုနှစ်ရှည် စီမံကိန်းများမှာထည့်သွင်း အကောင်အထည်ဖော်နိုင်ရေး၊ ညွှန်ကိန်းများ တိုးတက်စေရေးကိစ္စများ ဆောင်ရွက်ကြရန်လည်း တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။

အစည်းအဝေးတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက စာရင်းအင်းအချက်အလက်များ မှန်ကန်ရေး၊ အရည်အသွေးပြည့်ဝရေးနှင့် စပ်လျဉ်း၍ တွေ့ကြုံခဲ့ ရသည့် အခက်အခဲနှင့် စိန်ခေါ်မှုများ၊ အားနည်းချက်နှင့် လိုအပ်ချက်များ၊ ဆောင်ရွက်ရန် နည်းလမ်းများ၊ လိုအပ်ချက်များ ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ် များကို ရှင်းလင်းတင်ပြသည်။

ထို့နောက် စာရင်းအင်းအချက်အလက်များမှန်ကန်ရေးနှင့် အရည်အသွေးပြည့်ဝ ရေးကော်မတီ အတွင်းရေးမှူး ဗဟိုစာရင်းအင်းအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝါဝါမောင်က လုပ်ငန်းအဖွဲ့ များအလိုက် ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက် ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်း ဆွေးနွေးသည်။

ထို့နောက် အစည်းအဝေးတက်ရောက်လာသူများက ဒေသအလိုက်၊ နယ်ပယ် ကဏ္ဍအလိုက် အတွေ့အကြုံများအပေါ်အခြေခံ၍ အခက်အခဲ၊ လိုအပ်ချက်နှင့် နည်းလမ်းများကို ဝိုင်းဝန်း ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ပြန်လည်ရှင်း လင်းဆွေးနွေးသည်။

ယင်းနောက် ဒုတိယသမ္မတက ပြည်သူများ၏ လိုအပ်ချက်များကို ဖြည်ဆည်းရန် လက်တွေ့ ကျသည့် မူဝါဒများကို ခိုင်မာအောင် ဆောင်ရွက်သည့်နေရာတွင် အရည်အသွေးရှိသည့် စာရင်းအင်းများ မရှိမဖြစ် အရေးပါသကဲ့သို့ ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်နေသည့်ကဏ္ဍများ၊  နေရာဒေသများနှင့် ဦးစားပေးဖော်ထုတ်မှုများတွင် စာရင်းအင်း မှန်ကန်မှုများ လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ဗဟိုစာရင်းအင်းအဖွဲ့အနေဖြင့် ခေတ်စနစ်နှင့်ကိုက်ညီသည့် မြန်မာနိုင်ငံစာရင်းအင်း ဥပဒေသစ် ရေးဆွဲတင်ပြ ဆောင်ရွက်လျက်ရှိပြီး မကြာမီ ပြဋ္ဌာန်းနိုင်တော့မည်ဖြစ်ကြောင်း၊  စာရင်းအင်း ဆိုင်ရာ ဖွံ့ဖြိုးမှု အမျိုးသားအဆင့် မဟာဗျူဟာ (National Strategy for the Development of Statistics-NSDS) အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် စာရင်းအင်းအချက်အလက်များ မှန်ကန်ရေးနှင့် အရည်အသွေး ပြည့်ဝရေးကော်မတီအောက်ရှိ လုပ်ငန်းအဖွဲ့(၁၀)ဖွဲ့ဖြင့်  ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

အစည်းအဝေးသို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း၊ ဒုတိယ ဝန်ကြီး ဦးမောင်မောင်ဝင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များမှ စီးပွားရေးနှင့် သက်ဆိုင်သည့်ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊  စာရင်းအင်း ဆိုင်ရာဖွံ့ဖြိုးမှု အမျိုးသားအဆင့်မဟာဗျူဟာ ဖော်ဆောင်နိုင်ရေး လုပ်ငန်းအဖွဲ့ခေါင်းဆောင် များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။