(၆၉)ကြိမ်မြောက် တိပိဋကဓရတိပိဋကကောဝိဒချီးကျူးပူဇော်ပွဲနှင့် အောင်လက်မှတ် ဆက်ကပ်ပွဲ ကျင်းပ

Printer-friendly versionSend by email

ရန်ကုန် - မေ ၁၉

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ကြီးမှူး ကျင်းပခဲ့သော(၆၉)ကြိမ်မြောက် တိပိဋကဓရတိပိဋက ကောဝိဒ ရွေးချယ်ရေး စာမေးပွဲတွင် အောင်မြင်တော်မူကြသည့် သာသနာ့အာဇာနည် အရှင်သူမြတ်အပါး (၉၀)တို့အား ချီးကျူးပူဇော်ပွဲ နှင့် အောင်လက်မှတ်ဆက်ကပ် လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ သီရိမင်္ဂလာ ကမ္ဘာအေးကုန်း မြေမဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး၌ စည်ကား သိုက်မြိုက်စွာ ကျင်းပသည်။

ရှေးဦးစွာ တိပိဋကဓရတိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲဩဝါဒါစရိယအဖွဲ့ ဒုတိယ ဥက္ကဋ္ဌ ဟင်္သာတမြို့၊ မိုးကောင်းကျောင်းတိုက်ပဓာနနာယက၊ အဂ္ဂမဟာ ပဏ္ဍိတဘဒ္ဒန္တ သုဓမ္မာစာရာ ဘိဝံသထံမှ ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့်ဇနီး ဒေါ်ခင်သက်ဌေးတို့ အမှူးပြုသော ဧည့် ပရိသတ် တို့က ငါးပါးသီလခံယူဆောက်တည်ကြ သည်။

ထို့နောက် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၏ သာရဏီယဩဝါဒကထာကို နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ မန္တလေးမြို့ဗန်းမော်ကျောင်းတိုက်ဆရာတော် အဘိဓဇ မဟာ ရဌဂုရုအဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသက ဖတ်ကြား ချီးမြှင့်တော်မူသည်။

ယင်းနောက်သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက သာသနာရေးဆိုင်ရာများကို လျှောက်ထားသည်။

ထို့နောက် (၆၉)ကြိမ်မြောက် တိပိဋကဓရတိပိဋကကောဝိဒရွေးချယ်ရေး စာမေးပွဲအောင် သာသနာ့အာဇာနည် အရှင်သူမြတ်များအား ဘွဲ့တံဆိပ်တော်နှင့် အောင်လက်မှတ်များကို ဆက်ကပ်ကြရာ ဒုတိယသမ္မတဦးမြင့်ဆွေကတိပိဋကဓရ တိပိဋက ကောဝိဒဘွဲ့တံဆိပ်တော်ရ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်၊ စကားဝါလမ်း၊ တိပိဋကနိကာယကျောင်းတိုက်မှ အရှင်ဝီရိယာ နန္ဒအားတိပိဋကဓရဘွဲ့တံဆိပ်တော်၊ တိပိဋကဓရအောင်လက်မှတ်တော် နှင့် အဆောင်အယောင် တို့ကို ဆက်ကပ်သည်။

ထို့နောက်ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီး ချုပ်ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌဦး တင်မောင်ထွန်း၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်သက်ပုံ၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးများ နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ပိဋကနှစ်ပုံရေးဖြေအောင်တစ်ပါး၊ ပိဋကနှစ်ပုံ အာဂုံအောင် (၈)ပါး၊ ပိဋကတစ်ပုံရေးဖြေအောင် (၅)ပါး၊ပိဋကတစ်ပုံအာဂုံအောင် (၁၇)ပါး၊ ဝိနည်းပထမပိုင်းရေးဖြေအောင် (၁၁)ပါး၊ ဝိနည်းပထမပိုင်းအာဂုံအောင် (၄၇)ပါးတို့အား ဘွဲ့တံဆိပ်တော် နှင့် အောင်လက်မှတ်များ ဆက်ကပ်ကြသည်။

ယင်းနောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဆင်မင်းကျောင်း ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရုဘဒ္ဒန္တဩဘာသာ ဘိဝံသထံမှ ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် ဇနီး ဒေါ်ခင်သက်ဌေးနှင့် ဧည့်ပရိသတ်များက အနုမောဒနာ တရားနာယူကြပြီး လှူဒါန်းမ ှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။

အခမ်းအနားအပြီးတွင် တိပိဋကဓရတိပိဋကကောဝိဒ စာအောင်သံဃာ တော်များအား ဒုတိယ သမ္မတ ဦးမြင့်ဆွေနှင့် ဇနီးဒေါ်ခင်သက်ဌေးတို့အမှူးပြုသော အဖွဲ့ဝင်များနှင့် ဧည့်ပရိသတ်များက လှူဖွယ်ပစ္စည်းများ ဆက်ကပ်လောင်းလှူကြ သည်။

မြန်မာနိုင်ငံလွတ်လပ်ရေးရရှိတော့မည့် အကြိုကာလကတည်းက နိုင်ငံတော် အနေဖြင့် လွတ်လပ်ရေး ရရှိပြီးပါက ဆဋ္ဌသံဂါယနာတင်ရန် အာသီသပြင်းပြလျက်ရှိရာ ထိုသတင်း စကားကြားသိကြသော ကျန်ထေရဝါဒနိုင်ငံများက သံဂါယနာ တင်ရန်မှာ ပိဋကသုံးပုံ အာဂုံဆောင်ပုဂ္ဂိုလ်များရှိမှ သာသံဂါယနာတင်နိုင်ခွင့်ရှိကြောင်း ဝေဖန်ပြောဆိုချက်ကြောင့် ပိဋကအာဂုံဆောင်ပုဂ္ဂိုလ်များ ပေါ်ထွန်းစေရေး ရည်ရွယ် လျက် တိပိဋကဓရတိပိဋကကောဝိဒ ရွေးချယ်ရေး စာမေးပွဲကြီးကို နိုင်ငံတော်အစိုးရက ကြီးမှူးကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိပိဋကဓရတိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲကို နှစ်စဉ်ဒီဇင်ဘာလ စတုတ္ထပတ်တွင် ကမ္ဘာအေးကုန်းမြေရှိ ဆဋ္ဌသံဂါယနာတင်မဟာပါသဏ လှိုဏ်ဂူတော်ကြီးတွင် (၃၃)ရက်ကြာ ကျင်းပသည်။

ယခု(၆၉)ကြိမ်မြောက် တိပိဋကဓရတိပိဋကကောဝိဒရွေးချယ်ရေးစာမေးပွဲတွင် အောင်မြင်တော် မူခဲ့သည့် သက်တော်(၄၇)နှစ် ဝါတော်(၂၇)ဝါရှိ အရှင်ဝီရိယာနန္ဒသည် တိပိဋကဓရ တိပိဋက ကောဝိဒဘွဲ့ကို (၁၄)ပါးမြောက်ခံယူရရှိတော်မှုခြင်းဖြစ်သည်။ (၆၄)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲတွင် တိပိဋကဓရတိပိဋကကောဝိဒ တစ်ပါး ပေါ်ထွန်းခဲ့ပြီးနောက် (၅)နှစ်အကြာတွင် တိပိဋက ကောဝိဒ သာသနာ့အာဇာနည်တစ်ပါး ထူးထူးခြားခြားပေါ်ထွန်းလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိပိဋကဓရတိပိဋကကောဝိဒဘွဲ့ကို ယနေ့ထိဆရာတော်(၁၄)ပါး ခံယူရရှိတော်မူပြီး တိပိဋကဓရ တိပိဋကကောဝိဒ ဘွဲ့တံဆိပ်တော်ရ ဆရာတော်သက်ရှိ ထင်ရှား (၁၀)ပါးရှိကြောင်း သိရသည်။