ဒုတိယသမ္မတ ဦးမြင့်ဆွေ မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များနှင့် အဋ္ဌမအကြိမ်ပုံမှန်တွေ့ဆုံ ဆွေးနွေးပွဲသို့ တက်ရောက်အမှာစကားပြောကြား

Printer-friendly versionSend by email

ရန်ကုန်  ဇူလိုင် ၂၀

 

ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီသည် မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များ၏ အခက်အခဲ များနှင့် လိုအပ်ချက်များ အဆင်ပြေချောမွေ့စေရန် ရည်ရွယ်ချက်ဖြင့် မြန်မာ့ စီးပွားရေးလုပ်ငန်းရှင်များနှင့် အဋ္ဌမအကြိမ် ပုံမှန်တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)  အစည်းအဝေးခန်းမ၌ ကျင်းပရာ ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက် အမှာစကားပြောကြားသည်။

 အခမ်းအနားသို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ပညာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များအသင်းချုပ် ဥက္ကဋ္ဌနှင့် ဗဟိုအလုပ် အမှုဆောင် အဖွဲ့ဝင်များ၊ ညီနောင်အသင်း အဖွဲ့များမှတာဝန်ရှိသူများ တက်ရောက်ကြသည်။

ဒုတိယသမ္မတက အမှာစကားပြောကြားရာတွင် ယနေ့ကျင်းပသည့် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် စီးပွားရေးလုပ်ငန်းရှင်များ လစဉ် တွေ့ဆုံခြင်းမှာ အဋ္ဌမအကြိမ်ဖြစ်ပါကြောင်း၊ ယခင် (၇)ကြိမ်တွေ့ဆုံ ခဲ့သည့် အစည်းအဝေးများတွင် စီးပွားရေးလုပ်ငန်းရှင်များမှ အကြံပြုတင် ပြချက်(၁၀၂)ချက်ကို တင်ပြခဲ့ရာ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်မှ စုစည်း၍ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီ၏ တာဝန်ခံဝန်ကြီးဌာန စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေး ကြီးဌာနသို့ ပေးပို့ခဲ့ပါကြောင်း၊ ပေးပို့လာသည့် အကြံပြုချက်များကို သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များနှင့် လုပ်ငန်းကော်မတီများသို့ ထပ်မံပေးပို့ခဲ့ပြီး အဆိုပါအကြံပြုချက် (၁၀၂)ချက် အပေါ်တွင် ပြန်ကြားချက် (၁၀၁)ချက်အား ပြန်ကြား ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ အချို့အချက်များမှာ ပထမ အဆင့် ဖြေကြားချက်ရရှိပြီးသော်လည်း ဒုတိယဆက်နွယ်နေသည့် အချက်များ ရှိနေ၍ ဆက်လက် ဆောင်ရွက်သွားရန်ရှိနေပါကြောင်း၊ ထို့ကြောင့် ထပ်မံရရှိပါက ဆက်လက် ပြန်ကြားပေးသွားမည်ဖြစ်ပါကြောင်း၊

ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏ အစည်းအဝေးကို နှစ်လ(၁) ကြိမ်နှင့် မဏ္ဍိုင်(၅)ရပ်ကို တာဝန်ယူထားကြသည့် သက်ဆိုင်ရာ လုပ်ငန်း ကော်မတီ များ၏ အစည်းအဝေးကို တစ်လ(၁)ကြိမ်ကျင်းပလျက် ရှိပါကြောင်း၊ ယခုဆိုလျင် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ကော်မတီအစည်းအဝေး (၄)ကြိမ်နှင့် လုပ်ငန်း ကော်မတီအစည်းအဝေး(၃၃)ကြိမ် ကျင်းပပြီး ဖြစ်ပါကြောင်း၊ ယခုအစည်း အဝေးတွင် လည်း ပုဂ္ဂလိကကဏ္ဍ၏ တင်ပြချက်များ အပေါ်လိုအပ်သလို ဆက်လက်ဆောင် ရွက်နိုင်ရန်အတွက် လုပ်ငန်းကော်မတီ(၅)ရပ်မှ တာဝန်ရှိသူများ တက်ရောက် လျက်ရှိပါကြောင်း၊ ယခုကဲ့သို့ ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးမှုမှ ရရှိသည့် အကြံပြုချက်များကို သက်ဆိုင်ရာလုပ်ငန်း ကော်မတီများမှ ဆွေးနွေးညှိနှိုင်း၍ ဖြေရှင်းဆောင်ရွက်ပေး သွားမည်ဖြစ်ပါကြောင်း၊ အချို့အချက်များကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ် ညှိနှိုင်း ဖြေရှင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊

ကမ္ဘာ့ဘဏ်မှ နှစ်စဉ်ထုတ်ပြန်သည့် ၂၀၁၇ခုနှစ် Doing Business အစီရင်ခံစာအရ လုပ်ငန်းကဏ္ဍ(၁၀)ရပ်၏ ညွှန်းကိန်းရမှတ်များအပေါ် နိုင်ငံအလိုက် အဆင့်သတ်မှတ်ရာတွင် အဆင့် ကောင်းမွန်စေရေးအတွက် လိုအပ်သည်များကို သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများ ဆွေးနွေးညှိနှိုင်းခဲ့ပါကြောင်း၊ အဆင့် ကောင်းမှသာ နိုင်ငံတကာမှ ရင်းနှီး မြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာမည်ဖြစ်ပါကြောင်း၊ ပုဂ္ဂလိကကဏ္ဍဖွံဖြိုး တိုးတက်ရေးအတွက် လုပ်ငန်းရှင်များအနေဖြင့် ပြည်တွင်းရော ပြည်ပမှာပါ ရင်းနှီး မြှုပ်နှံမှုများ ပိုမိုတိုးတက်အောင် လုပ်ဆောင်ရ မည်ဖြစ်ပါကြောင်း၊ ပြည်တွင်းရင်းနှီးမြှုပ်နှံမှု၊ ပြည်ပရင်းနှီးမြှုပ်နှံမှုနှင့် အသေးစား အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် နိုင်ငံတော်အနေဖြင့် အဘက်ဘက်မှ အားပေး ဆောင်ရွက်လျက်ရှိပါ ကြောင်း။

ယနေ့ ဆွေးနွေးပွဲသည် ပွင့်လင်းမြင်သာမှုရှိသော ဆွေးနွေးပွဲဖြစ်ပြီး ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်ရှိတွေ့ကြုံနေသော အခြေ အနေ အခက်အခဲများ အပေါ် ပွင့်ပွင့်လင်းလင်း အကြံပြုဆွေးနွေးသွား စေလိုပါကြောင်း၊ ကော်မတီအနေဖြင့် လည်း အကြံပြုတင်ပြချက်များအပေါ် မြန်မြန်ဆန်ဆန် အကောင်အထည်ဖော် ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ လုပ်ငန်းတိုင်း အခက်အခဲ ရှိမည်ဖြစ်သော်လည်း ကျော်လွှားနိုင်ရန် လိုအပ်ပါကြောင်း၊ ပြဿနာတိုင်းတွင် အဖြေရှိပြီး ဖြစ်သော်လည်း အချို့ ပြဿနာများမှာ တစ်ကြိမ်တည်းဖြင့် ဆောင်ရွက်၍ မရဘဲ စဉ်ဆက်မပြတ် ဆွေးနွေးညှိနှိုင်းပြီးမှ အဖြေရှာ ဆောင်ရွက်ရမည့် လုပ်ငန်းများဖြစ်ပါကြောင်း၊ နိုင်ငံတကာဈေးကွက်၊ ပြည်တွင်းဈေးကွက် တွင် ယှဉ်ပြိုင်နိုင်စွမ်းရှိအောင် စဉ်းစားဆောင် ရွက်ရမည်ဖြစ်ကြောင်း တိုက်တွန်းပြောကြားသည်။

ထို့နောက် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူနှင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့က ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး အတွက် ကဏ္ဍအလိုက်လုပ်ငန်းဆောင်ရွက် နေမှု အခြေအနေများကို ရှင်းလင်းပြောကြား ကြသည်။           

ဆက်လက်၍ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း ချုပ်ဥက္ကဋ္ဌဦးဇော်မင်းဝင်းက ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အကြံပြု ဆွေးနွေးပြောကြားပြီး မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင် ပို့ရောင်းချ သူများအသင်း၊ မြန်မာ နိုင်ငံ သကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များ အသင်း၊မြန်မာနိုင်ငံ ပလတ်စတစ် လုပ်ငန်းရှင်များအသင်း၊ ပဲခူးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် များအသင်း နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များ အသင်းတို့မှ တာဝန်ရှိသူများက သက်ဆိုင်ရာလုပ်ငန်းကဏ္ဍများအလိုက် ဆွေးနွေးတင်ပြကြရာ ဒုတိယသမ္မတ၊ ပြည်ထောင်စု ဝန်ကြီးများနှင့် တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းပေးသည်။        

ယင်းနောက်       ဒုတိယသမ္မတ ဦးမြင့်ဆွေက နိဂုံးချုပ်အမှာစကားပြောကြားပြီး တွေ့ဆုံ ဆွေးနွေးပွဲကို ရုပ်သိမ်းလိုက်သည်။