ဒုတိယသမ္မတဦးမြင့်ဆွေ နိုင်ငံ့ဝန်ထမ်းအိမ်ရာနှင့် အငှားအိမ်ရာ စီမံကိန်း ပန္နက်တော်တင် မင်္ဂလာအခမ်းအနားသို့တက်ရောက်၊ ရဲရွာရေအားလျှပ်စစ်စီမံကိန်း လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး

Printer-friendly versionSend by email

မန္တလေး၊ ဇူလိုင် ၂၆

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးမြင့်ဆွေ သည် ယနေ့တွင် မန္တလေးတိုင်းဒေသကြီးအတွင်း အကောင်အထည်ဖော်တည်ဆောက်မည့် အောင်မြေ မန္တလာနိုင်ငံ့ဝန်ထမ်းအိမ်ရာနှင့် အငှားအိမ်ရာစီမံကိန်း ပန္နက်တော်တင်မင်္ဂလာအခမ်းအနား သို့တက်ရောက်ပြီး ရဲရွာရေအားလျှပ်စစ်စီမံကိန်းရှိ စီမံကိန်းလုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။

မန္တလေးတိုင်းဒေသကြီး အောင်မြေမန္တလာနိုင်ငံ့ဝန်ထမ်းအိမ်ရာနှင့် အငှားအိမ်ရာ စီမံကိန်း ပန္နက်တော်တင်မင်္ဂလာအခမ်းအနားကို နံနက် ၉ နာရီခွဲတွင် မန္တလေးတိုင်း ဒေသကြီး ပုသိမ်ကြီးမြို့နယ် မဲကင်းကုန်းကျေးရွာရှိ အဆိုပါ စီမံကိန်းဧရိယာအတွင်း ကျင်းပရာ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်ချီးမြှင့်သည်။

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးကျော်ဝင်း၊ ဦးဝင်းခိုင်၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ ဒုတိယဝန်ကြီး ဦးကျော်လင်း၊ တိုင်းဒေသကြီးအစိုးအဖွဲ့ဝင်ဝန်ကြီးများ၊ မြန်မာနိုင်ငံဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌနှင့်အသင်းဝင်များ၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးကျော်ဝင်းနှင့် ဦးဝင်းခိုင်၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်၊ ဒုတိယဝန်ကြီး ဦးကျော်လင်း၊ မန္တလေးတိုင်းဒေသကြီး စည်ပင်သာယာရေး ဝန်ကြီး ဒေါက်တာ ရဲလွင်၊ လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်တို့နှင့် မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးသာဋ္ဌေးတို့က သတ်မှတ်နေရာ များတွင် ပန္နက်တော်တင်၊ တွင်းတော်ဝန် ပေးကြသည်။

ထို့နောက် ဒုတိယသမ္မတ က အောင်မြေမန္တလာနိုင်ငံ့ဝန်ထမ်းအိမ်ရာနှင့် အငှားအိမ် ရာ စီမံကိန်းပန္နက်တော်တင်မင်္ဂလာအခမ်းအနားနှင့်စပ်လျဉ်း၍ မြန်မာ့ဓလေ့ထုံးတမ်းအစဉ် အလာများနှင့်အညီ ပန္နက်တော်တင်ပေးပြီး အမွှေးနံ့သာများဖြင့်ပက်ဖြန်းပေးသည်။

ယင်းနောက် ဒုတိယသမ္မတ ဦးမြင့်ဆွေသည် အခမ်းအနားသို့ တက်ရောက်လာ ကြသူများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

အောင်မြေမန္တလာနိုင်ငံ့ဝန်ထမ်းအိမ်ရာနှင့် အငှားအိမ်ရာစီမံကိန်းသည် မန္တလေး တောင်တော်အရှေ့ဘက်ရှိ ပုသိမ်ကြီးမြို့နယ် မဲကင်းကုန်းကျေးရွာအနီး၌ တည်ရှိပြီး စီမံကိန်းတစ်ခုလုံး ၏ဧရိယာမှာ ၃၃ ဒဿမ ၂၂ ဧက ရှိပြီး ယခုပန္နက်တော်တင်သည့်နေရာသည် ၈ ခန်းတွဲ ၅ ထပ်အငှားအိမ်ရာ တည်ဆောက်မည့် မြေနေရာဖြစ်ကြောင်း သိရသည်။

အဆိုပါစီမံကိန်းတွင် အငှားအိမ်ရာများအနေဖြင့် ၂၄ ခန်းတွဲ ၅ ထပ် ၃ လုံး၊ ၈ ခန်းတွဲ ၅ ထပ် ၁၅ လုံး နှင့် အရောင်းအိမ်ရာများအနေဖြင့် ၄ ခန်းတွဲ ၅ ထပ် ၁၄ လုံး လျာထား တည်ဆောက်သွားမည်ဖြစ်ပြီး ၎င်းစီမံကိန်းဧရိယာအတွင်း ရဲစခန်း၊ မီးသတ်စခန်း၊ အခြေခံပညာ အလယ်တန်းကျောင်း၊ ဆေးပေးခန်း၊ ပန်းခြံ၊ အားကစားကွင်း၊ ဓမ္မာရုံ၊ ဈေးဆိုင်ခန်းများ၊ ရေပေးဝေရေးရေကန်နှင့် အုပ်ချုပ်မှုဆိုင်ရာအဆောက်အဦများ ထည့်သွင်းတည် ဆောက်သွားမည် ဖြစ်ကြောင်းသိရသည်။

ဆက်လက်၍ ဒုတိယသမ္မတနှင့်အဖွဲ့ဝင်များသည် ရဲရွာရေအားလျှပ်စစ်စီမံကိန်းသို့ ရောက်ရှိကြရာ စီမံကိန်းရှင်းလင်းဆောင်၌ ဒုတိယသမ္မတ အား ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ဒုဋ္ဌဝတီမြစ်ပေါ်၌ ဆက်လက်ဆောင်ရွက်သွားမည့် စီမံကိန်းလုပ်ငန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းက ရဲရွာရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ၏ ဓာတ်အားထုတ်လုပ်မှု အခြေအနေများကိုလည်းကောင်း၊ ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအေးဆန်း က ရဲရွာရေအားလျှပ်စစ်စီမံကိန်းအကောင်အထည် ဖော်ဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ ရဲရွာ ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ၏ တမံ ထိန်းသိမ်းခြင်းနှင့် ထပ်မံဆောင်ရွက်မည့် စီမံကိန်းဆိုင်ရာများနှင့်စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းတင်ပြကြသည်။

ထို့နောက် ဒုတိယသမ္မတ ဦးမြင့်ဆွေ က ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ လျှပ်စစ်ဓာတ်အားသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရန်အတွက် အဓိကကျသည့် လိုအပ်ချက်များတွင် တစ်ခုအပါအဝင်ဖြစ်ပါကြောင်း၊ လျှပ်စစ်ဓာတ်အားရရှိရေးအတွက် ရေ၊မြေသဘာ၀နှင့် ပတ်ဝန်းကျင်အခြေအနေပေါ်မူတည်ပြီး နည်းမျိုးစုံဖြင့် ဆောင်ရွက် လျက်ရှိပါကြောင်း၊ မိုးတွင်းကာလအတွင်း ရေအားလျှပ်စစ်မှရရှိလာသည့် လျှပ်စစ် ဓာတ်အားများကို အပြည့်အဝအသုံးချသွားရန်နှင့် အလေအလွင့်မရှိအောင် ထိန်းသိမ်းသွား ရန်လိုအပ်ပါကြောင်း၊ လျှပ်စစ်ဓာတ်အားလုံလောက်စွာရရှိသုံးစွဲနိုင်မှသာ နိုင်ငံဖွံ့ဖြိုး တိုးတက်မည်ဖြစ်ပါကြောင်း၊ စီမံကိန်းများကောင်အထည်ဖော်ဆောင်ရွက်ရာ တွင်ဖြစ် ပေါ်လာနိုင်သည့် သဘာ၀ဘေးအန္တရာယ်များကိုကြိုတင်တွက်ချက်စီမံ ဆောင်ရွက်ကြရ မည်ဖြစ်ပြီး သဘာ၀ဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍လည်း စဉ်ဆက်မပြတ် စောင့်ကြပ်ကြည့်ရှု စစ်ဆေးနေကြရမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများ၏ သက်သာချောင် ချိရေးကိုလည်း ထိုက်သင့်သလို ဆောင်ရွက်ပေးကြရမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် ဒုတိယသမ္မတ ဦးမြင့်ဆွေ သည် ရဲရွာရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံသို့ ရောက်ရှိရာ ဦးဆောင်ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းနှင့် တာဝန်ရှိသူများ က ဓာတ်အားပေးစက်ရုံနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ဒုတိယသမ္မတသည် တမံရှုရပ်သို့ရောက်ရှိပြီး ရဲရွာတမံနှင့် ရဲရွာရေအားလျှပ်စစ်စီမံကိန်းကိုကြည့်ရှုကာ သက်တမ်း နှစ်သန်းပေါင်း ၅၅၀ ခန့်ရှိ အသွင်ပြောင်းသဲကျောက်တုံး၌ မှတ်တမ်းတင် ကမ္ဗည်းလက်မှတ်ရေးထိုးသည်။

ရဲရွာရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ သည် အလျား ၂၂၆၄ ပေ၊ အမြင့် ၄၃၃ ပေရှိ Roller Compacted Concrete (RCC) ရဲရွာရေလှောင်တမံကိုအမီပြုတည် ဆောက်ထားခြင်းဖြစ်ပြီး စက်တပ်ဆင်စွမ်းအား ၇၉၀ မဂ္ဂါဝပ်ရှိကာ တပ်ဆင်ထားသည့် ဒီဇိုင်းအရတစ်နှစ်လျှင် လျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီသန်း ၃၅၅၀ ထုတ်လုပ်နိုင်ကြောင်း သိရသည်။