ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ (၅၄)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲသို့ တက်ရောက် အားပေး

Printer-friendly versionSend by email

နေပြည်တော် ဩဂုတ် ၂

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန မြန်မာ့ကျောက်မျက် ရတနာပြပွဲ ဗဟိုကော်မတီက ကြီးမှူးကျင်းပသည့် (၅၄)ကြိမ်မြောက် မြန်မာ့ကျောက်မျက် ရတနာပြပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ စတင်ကျင်းပရာ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်အားပေးသည်။



ယနေ့ပြပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ဦးအုန်းဝင်း၊ ဒေါက်တာမျိုးသိမ်းကြီး၊ ဦးဝင်းခိုင်၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ဦးမော်သန်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် အသင်းဝင်များ၊ ပြပွဲဗဟိုကော်မတီ အတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဒုတိယသမ္မတသည် နံနက် ၉ နာရီတွင် (၅၄)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာ ပြပွဲကျင်းပလျက်ရှိသည့် မဏိရတနာကျောက်စိမ်းခန်းမသို့ ရောက်ရှိလာရာ မြန်မာ့ ကျောက်မျက် ရတနာပြပွဲ နောက်ခံသမိုင်းအကျဉ်း၊ ပြပွဲရည်ရွယ်ချက်၊ စည်းကမ်းချက်များ၊ ပြပွဲဆိုင်ရာ အချက်အလက်များနှင့် သက်ဆိုင်သည့် ဗီဒီယိုကို မြန်မာ့ကျောက် မျက်ရတနာပြပွဲဗဟိုကော်မတီက ပြသသည်။



ထို့နောက် ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များသည် မဏိရတနာကျောက်စိမ်းခန်းမအတွင်း အပေါ်ထပ်၌ ဧရိယာအလိုက် ခင်းကျင်းပြသထားသည့် ကျောက်မျက်နှင့် ကျောက်စိမ်းအတွဲများကိုလည်းကောင်း၊ ခန်းမမြေညီထပ်၌ ခင်းကျင်းပြသထားသည့် လက်ဝတ်ရတနာ အရောင်းဆိုင်များကိုလည်းကောင်း လှည့်လည်ကြည့်ရှုရာ အသင်းဥက္ကဋ္ဌနှင့် ပြပွဲဗဟိုကော်မတီဝင်များက လိုက်လံရှင်းလင်းပြသသည်။



ယခုပြပွဲတွင် နိုင်ငံတော်နှင့်အကျိုးတူကုမ္ပဏီများက တင်ပြသည့် ကျောက်မျက် ၇၈ တွဲ၊ ပုဂ္ဂလိက ကုမ္ပဏီများက တင်ပြသည့် ကျောက်မျက် ၁၇၁ တွဲ၊ ရတနာဆိုင်များက တင်ပြ သည့် ကျောက်မျက် ၄၇ တွဲ၊ ပုဂ္ဂလိကမှ တင်ပြသည့် ကျောက်မျက် ၂၉ တွဲ၊ ပုဂ္ဂလိက ကုမ္ပဏီတစ်ခုက တင်ပြသည့် လက်ဝတ်ရတနာ ၁ တွဲ အပါအဝင် စုစုပေါင်း ကျောက်မျက်အတွဲ ၃၂၆ တွဲကို ခင်းကျင်း ပြသထားကြောင်းနှင့် အခြေခံဈေး ယူရို ၅၀၀နှင့် အထက် ကျောက်မျက်အတွဲ ၃၂၆ တွဲပါဝင်ပြီး ဩဂုတ် ၅ ရက်တွင် အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချ သွားမည်ဖြစ်ကြောင်း သိရသည်။



ကျောက်စိမ်းတွဲများအနေဖြင့် နိုင်ငံပိုင်ကျောက်စိမ်းအချောထည် အတွဲ ၂၀၊ နိုင်ငံပိုင် ကျောက်စိမ်း အရိုင်း အတွဲ ၂၀၊ နိုင်ငံတော်နှင့် အကျိုးတူကုမ္ပဏီများက တင်ပြသည့် ကျောက်စိမ်းအရိုင်းတွဲ ၂၉၀၀၊ ပုဂ္ဂလိကကျောက်စိမ်းအရိုင်း ၃၅၄၅ တွဲ၊ ကျောက်စိမ်း မဟုတ်သော အခြားတွင်းထွက်အရိုင်း ၁၆ တွဲ၊ ပုဂ္ဂလိကကျောက်စိမ်းအချောထည် ၂၅ တွဲ၊ ကျောက်စိမ်းဖြင့် ဆင်ယဉ်ထားသော ခုတင် ၃ လုံး၊ ကျောက်စိမ်းမဟုတ်သော အခြားတွင်းထွက် အချောထည် ၃၂ တွဲ အပါအဝင် စုစုပေါင်း ကျောက်စိမ်းအတွဲ ၆၅၆၁ တွဲကို ခင်းကျင်းပြသထားကြောင်းနှင့် အခြေခံဈေး ယူရိုငွေ ၄၀၀၀ နှင့် အထက် သတ်မှတ်ထားသည့် ကျောက်စိမ်းအတွဲပေါင်း ၆၄၈၁တွဲ၊ အခြေခံဈေး ယူရိုငွေ ၁၀၀၀ နှင့် အထက် ကျောက်စိမ်းအချောထည်အတွဲ ၈၀ ပါဝင်ပြီး ဩဂုတ် ၆ ရက်မှ ၁၁ ရက်အထိ အိတ်ဖွင့်တင်ဒါစနစ်ဖြင့်ရောင်းချ သွားမည်ဖြစ်ကြောင်း သိရသည်။

ပြပွဲဝင်ကြေးအနေဖြင့် နိုင်ငံခြားသားတစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၁၀၀ နှင့်ညီမျှသော မြန်မာ ကျပ်ငွေ၊ ပြည်တွင်းရတနာကုန်သည် တစ်ဦးလျှင် ငွေကျပ် ၆၀၀၀၀၊ ကုမ္ပဏီ လုပ်ငန်းဆောင်ရွက်သူ တစ်ဦးလျှင် ငွေကျပ် ၆၀၀၀၀၊ ကျောက်အတွဲထိန်းသိမ်း သူတစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀နှင့် ရတနာဆိုင်ဝန်ထမ်းတစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀ နှုန်း ကောက်ခံလျက်ရှိကြောင်း။



ပြပွဲသို့ တက်ရောက်ခွင့်လျှောက်ထားသည့် ပြည်တွင်းရတနာကုန်သည် ၂၀၀၀ ခန့်၊ ပြည်ပရတနာ ကုန်သည် ၂၀၀ ခန့်ရှိကြောင်းနှင့် (၅၄)ကြိမ်မြောက် မြန်မာ့ကျောက်မျက် ရတနာပြပွဲကို မဏိရတနာ ကျောက်စိမ်းခန်းမ ၌ ဩဂုတ် ၂ ရက်မှ ၁၁ ရက်အထိ ကျင်းပသွားဖြစ်ကြောင်း သိရသည်။