ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ပထမအကြိမ် မြန်မာ့ကျောက်မျက်ရတနာနေ့ အခမ်းအနားသို့ တက်ရောက်ချီးမြှင့်

Printer-friendly versionSend by email

နေပြည်တော် ဩဂုတ် ၃

ပထမအကြိမ် မြန်မာ့ကျောက်မျက်ရတနာနေ့ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီခွဲ တွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ မျက်နှာစာ၌ ကျင်းပရာ ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူ တက်ရောက်ချီးမြှင့်သည်။

 

ရှေးဦးစွာ မြန်မာ့ကျောက်မျက်ရတနာနေ့အခမ်းအနားကို ပြည်ထောင်စုဝန်ကြီး  ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဦးသန့်စင်မောင်၊ ဦးအုန်းဝင်း၊ ဒေါက်တာသန်းမြင့်၊ ဦးအုန်းမောင်၊ အမျိုးသားလွှတ်တော် သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေး ကော်မတီဥက္ကဋ္ဌ ဦးကျော်သီဟ၊ ပြည်သူ့ လွှတ်တော် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဦးစိုးသူရထွန်းနှင့် မြန်မာနိုင်ငံကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌ ဦးရုံးမူတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

 

ထို့နောက် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက မြန်မာ့ကျောက်မျက်ရတနာနေ့ ဆိုင်းဘုတ် ကို စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးသည်။

 

ယင်းနောက် မြန်မာ့ကျောက်မျက်ရတနာနေ့ အခမ်းအနားကို မဏိရတနာ ကျောက်စိမ်းခန်းမအတွင်း ဆက်လက်ကျင်းပရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက နှုတ်ခွန်းဆက်စကား ပြောကြား သည်။

 

ထို့နောက် မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးရုံးမူ က ကြိုဆို နှုတ်ခွန်းဆက်စကားပြောကြားပြီး အသင်းချုပ်အတွင်းရေးမှူး ဦးခင်ဇော် က မြန်မာ့ကျောက်မျက် ရတနာနေ့ ဂုဏ်ပြုသဝဏ်လွှာကို ဖတ်ကြားသည်။

 

ယင်းနောက် မြန်မာကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌ က ဂုဏ်ပြုခံပုဂ္ဂိုလ်များကို ဂုဏ်ပြုလွှာများပေးအပ်ပြီး နိုင်ငံတော်သို့ တန်ချိန် ၃ ထောင်ကျော် ကျောက်စိမ်းတုံး လှူဒါန်းခဲ့သည့်Ruby Dragon & Gems ကုမ္ပဏီ၊ ဥရုရတနာ ကျောက်စိမ်းတောင် တံတား ဆောက်လုပ်လှူဒါန်းခဲ့သည့် ကျောက်စိမ်းတောင်ကျောက်မျက် ကုမ္ပဏီနှင့် နိုင်ငံတော်သို့ အလေးချိန် ၉၉ ဒသမ ၃၀ ကီလို ရှိသည့် ပယင်းတုံးကို လှူဒါန်းခဲ့သည့် အမျိုးသားကြီးပွား တိုးတက်ရေး ကုမ္ပဏီတို့ကို ထပ်ဆင့်ဂုဏ်ပြုလွှာများပေးအပ် သည်။

 

ယင်းနောက် အသင်းချုပ်ဥက္ကဋ္ဌ ဦးရုံးမူ မိသားစု က မြန်မာ့ကျောက်မျက်ရတနာ ပြတိုက်သို့ ကျောက်စိမ်း ပန်းပုရုပ်တု ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း က လက်ခံရယူသည်။

 

ထို့နောက် မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်းမှ မြန်မာ့ကျောက်မျက်ရတနာနေ့ အထိမ်းအမှတ် ပြပွဲ၊ ပြိုင်ပွဲများတွင် ဆုရရှိသူများစာရင်း၊ နိုင်ငံတော်သို့ ကျောက်စိမ်းနှင့် ကျောက်မျက်အများဆုံး တင်ပြရောက်ချခဲ့သည့် ကုမ္ပဏီများစာရင်း၊   အခွန်များဆုံးထမ်း ဆောင်ခဲ့သည့်ကုမ္ပဏီများစာရင်းနှင့် ငွေအပြည့်အဝပေးချေ၍ဝယ်ယူခဲ့သည့် ကုမ္ပဏီများ စာရင်း တို့ကို  ထုတ်ပြန်ကြေညာသည်။

 

ယင်းနောက် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ သည် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့် မှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။

 

ဆက်လက်၍ ဒုတိယသမ္မတ နှင့် အဖွဲ့ဝင်များသည်  မဏိရတနာကျောက်စိမ်းခန်းမ အတွင်းရှိ မြန်မာ့ကျောက်မျက်ရတနာနေ့ အထိမ်းအမှတ်ခင်းကျင်းပြသထားသည့် ပြခန်း များကို လှည့်လည် ကြည့်ရှုသည်။

 

ထို့နောက် မြန်မာ့ကျောက်မျက်ရတနာနေ့အထိမ်းအမှတ်အဖြစ် နိုင်ငံတော်သံဃ မဟာနယက အဖွဲ့ ဥက္ကဋ္ဌ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဗန်းမော်ဆရာတော်ကြီး အမှူးပြုသည့် ဆရာတော် သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းပြီး ၅၄ ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဒုတိယနေ့ကို စည်ကား သိုက်မြိုက်စွာ ဆက်လက်ကျင်းပသည်။