နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်းသယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှု ဗဟိုကော်မတီ ဒုတိယအကြိမ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပ

Printer-friendly versionSend by email

နေပြည်တော် ၊ ဩဂုတ် ၉



နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်းသယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှု ဗဟိုကော်မတီ၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ သစ်တောဦးစီးဌာန၊ အင်ကြင်းခန်းမ၌ ကျင်းပရာ နိုင်ငံအဆင့်ပင်လယ် ကမ်းရိုးတန်းသယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှု ဗဟို ကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ ဗဟိုကော်မတီဝင်များဖြစ်ကြသည့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း၊ ပင်လယ်ကမ်းရိုးတန်းနှင့် သက်ဆိုင်သည့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ အမြဲတမ်းအတွင်းဝန်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြ သည်။

အစည်းအဝေးတွင် ဒုတိယသမ္မတ ဦးမြင့်ဆွေက မြန်မာနိုင်ငံ၏ ပင်လယ်ကမ်း ရိုးတန်းသည် ၂၈၃၂ ကီလိုမီတာ ရှည်လျားပြီး ဇီဝမျိုးစုံမျိုးကွဲများ ရှင်သန်ရပ်တည်ရာနေရာဖြစ်ကာ ပြန်လည်ပြည့်ဖြိုးမြဲနှင့် ပြည့်ဖြိုးမြဲ မဟုတ်သည့် သယံဇာတများပေါများသည့်နိုင်ငံ ဖြစ်ပါကြောင်း၊ အဓိက ကမ်းရိုးတန်း ဒေသများဖြစ်သည့် တနင်္သာရီတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် သန္တာကျောက်တန်းများ၊ ပင်လယ်မြက်ခင်း၊ ဒီရေတော၊ လတာပြင်၊ မြစ်၀နှင့် သဲသောင်ကမ်းခြ ေဂေဟ စနစ်များ များစွာတည်ရှိ နေသည်ကို တွေ့မြင်ကြရမည်ဖြစ်ပါကြောင်း၊ အဆိုပါဂေဟစနစ်များသည် အချင်းချင်း ဆက်နွှယ်မှီခိုရပ်တည် လျက်ရှိကြပြီး ပြည်သူတို့၏ လူမှုစီးပွားဖွံ့ဖြိုးရေးနှင့် ပတ်ဝန်းကျင် ထိန်းသိမ်း ရေးတို့အတွက် အရေးကြီးသည့် အခန်းကဏ္ဍတွင် ရပ်တည်လျှက်ရှိပါကြောင်း၊ တစ်နည်း အားဖြင့် အဆိုပါ ဂေဟစနစ်များသည် စိုက်ပျိုးရေး၊ သစ်တော၊ ရေလုပ်ငန်းနှင့် ခရီးသွားလာရေးစသည့် ကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးကို တိုက်ရိုက်အဖြစ် သော်လည်းကောင်း၊ သွယ်ဝိုက်၍ သော်လည်းကောင်း အထောက်အကူ ပြုလျက်ရှိပါကြောင်း၊ ဒီရေတော ဂေဟစနစ်များကိုထိန်းသိမ်းကာကွယ်ပြီး ၎င်းတို့မှရရှိလာသည့် သယံဇာတ များကို သင့်တင့်လျှောက်ပတ်စွာ အသုံးချခြင်းဖြင့် ရေရှည်တည်တံ့အောင် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ကမ္ဘာ့ရာသီဥတု ထိန်းညှိမှု လုပ်ငန်းစဉ်များတွင် ဒီရေတော ဂေဟစနစ် ထိန်းသိမ်းရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ထည့်သွင်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ မြန်မာ့ကမ်းရိုးတန်း ဒေသများတွင် ဒီရေတောများကို ခုတ်ထွင်ပြီး ပုစွန်မွေးမြူခြင်း၊ မိုင်းခွဲ၍ငါးဖမ်းခြင်း၊ သဲနှင့်သတ္တုတူးဖော်ခြင်း၊ အမှိုက် သရိုက်နှင့် အညစ်အကြေးများ စွန့်ပစ်ခြင်း၊ ရေယာဉ်များမှ စက်ဆီများယိုဖိတ်ခြင်းနှင့် တမင်စွန့်ထုတ်ခြင်း၊ ကုန်းတွင်းပိုင်းစိုက်ပျိုးရေးနှင့် သစ်တောလုပ်ငန်းများကြောင့် ပင်လယ်ကမ်းရိုးတန်းဒေသများတွင် နုန်းတင် အနည်ကျခြင်းနှင့် ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေး ဓါတ်ကြွင်းများ ရောက်ရှိလာခြင်းစသည့် လူတို့ ဖန်တီးသည့် လုပ်ရပ်များကြောင့် ဂေဟစနစ်များ ထိခိုက်မှု ရှိနေသည်ကို သတိပြုမိကြမည်ဖြစ်ပါကြောင်း။

ကမ်းရိုးတန်းဂေဟစနစ်များ ထိခိုက်လာသည်နှင့်အမျှ ကမ်းရိုးတန်းဒေသမြေ သယံဇာတများ၏ ထုတ်လုပ်မှု စွမ်းအင်လျော့ကျခြင်း၊ ငါးသယံဇာတများပြုန်းတီးခြင်း၊ ကမ်းရိုးတန်းဒေသများ မြေပြိုရေတိုက်စားခြင်း စသည့် ပြဿနာများ ရင်ဆိုင်ကြုံတွေ့ နေကြရသည်ကိုလည်း မြင်တွေ့ကြရမည်ဖြစ်ပါကြောင်း၊ ရာသီဥတု ပြောင်းလဲမှုကြောင့် ပေါ်ပေါက်လာသည့် သဘာ၀ဘေးအန္တရာယ်များကြောင့်လည်း ကမ်းရိုးတန်း ဒေသများ၏ သဘာဝပတ်ဝန်းကျင်နှင့် လူမှုစီးပွားရေးတို့ကို ထိခိုက်စေပါကြောင်း၊ ဒီရေတောများကို အပြောင်ခုတ်ပြီး စပါးစိုက်ခြင်းနှင့် ပုစွန်ကန် ထူထောင်ခြင်းတို့ကို ပြုလုပ်လာကြပါကြောင်း၊ သို့သော် အချိန်ကြာ လာသည်နှင့်အမျှ စပါးနှင့် ပုစွန်အထွက်နှုန်း လျော့ကျလာပြီး စီးပွားရေးတွက်ချေမကိုက်သဖြင့် ၎င်းနေရာများကို စွန့်ပစ်ကာ ဒီရေတောများကို နောက်ထပ် ထပ်မံခုတ်ထွင်ရှင်းလင်းပြီး စပါးနှင့် ပုစွန်ကန်များ ထပ်မံထူထောင်သဖြင့် စွန့်ပစ်မြေ အများအပြားပေါ်ပေါက်လာသည်ကို တွေ့ရှိရပါကြောင်း၊ အဆိုပါ အကျိုးဆက်ကြောင့် သဘာဝဒီရေတောများမှ ပုံမှန်ရရှိနေသည့် ဝန်ဆောင်မှုများနှင့် ထုတ်ကုန်ပစ္စည်းများ လည်း ဆုံးရှုံးရပါကြောင်း၊ တနင်္သာရီ ကမ်းရိုးတန်းဒေသများတွင် ဇီဝမျိုးစုံမျိုးကွဲများ ကြွယ်၀သည့် အပူပိုင်း မိုးသစ်တောများကို ခုတ်ထွင်ရှင်းလင်းခဲ့သဖြင့် ကမ်းရိုးတန်းဒေသအတွင်းရှိ ဂေဟ စနစ်များကို ပိုမိုယိုယွင်း ပျက်စီးစေခဲ့ကြောင်း၊ ကုန်းတွင်းပိုင်းတွင် ဆောင်ရွက်သည့် မြေအသုံးချမှုလုပ်ငန်းများသည် ကမ်းရိုးတန်း နှင့် ပင်လယ်ပြင်တို့ကို တိုက်ရိုက်အကျိုးသက်ရောက်စေသည်ကို လေ့လာတွေ့ရှိကြရမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ကမ်းရိုးတန်းဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ကုန်းတွင်းနှင့် ပင်လယ်နှစ်မျိုးစလုံးကို ထည့်သွင်း စဉ်းစားပြီး လုပ်ငန်းမဆောင်ရွက်မီ ပတ်ဝန်းကျင်ကို ထိခိုက်မှုဆန်းစစ်ခြင်းနှင့် ဆန်းစစ်ရရှိမှုများကို အခြေခံပြီးစနစ်ကျသည့် ဘက်စုံ စီမံကိန်းများ ရေးဆွဲဆောင်ရွက်ရန်လိုအပ်မည်ဖြစ်ပါကြောင်း၊ အချို့နိုင်ငံ များတွင် ကုန်းနှင့် ရေဧရိယာနှစ်မျိုးလုံးကို ထည့်သွင်းစဉ်းစားပြီး ပင်လယ်ရေအောက် သန္တာ ကျောက်တန်းမှ မြေပေါ်တောင်ထိပ်အထိ လွှမ်းခြုံဆောင်ရွက်သည့် ချဉ်းကပ်နည်း (Reef to Ridge Approach ) နှင့် စီမံကိန်း၊ စီမံချက်များ ရေးဆွဲဆောင်ရွက်ကြသကဲ့သို့ မြန်မာနိုင်ငံတွင်လည်း နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ကြရန် ပြောကြားလိုပါကြောင်း၊ ကမ်းရိုးတန်း ဂေဟစနစ်များ၏ အရေးပါမှုကို အသိအမှတ်ပြုပြီး လက်ရှိပျက်စီးယိုယွင်းမှုများကို လျော့နည်း ရပ်တန့်သွားရေးနှင့် ပြန်လည်ရှင်သန် ဖွံ့ဖြိုးရေး တို့ကို ဆောင်ရွက်ကြရန်လိုအပ်မည်ဖြစ်ပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် ကမ်းရိုးတန်း ဒေသ သယံဇာတများနှင့် ပတ်သက်နေသည့် ဌာနများအနေဖြင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ဒုတိယသမ္မတ က ကမ်းရိုးတန်းဒေသ ဘက်စုံစီမံအုပ်ချုပ်လုပ်ကိုင်မှု ( Integrade Coastal Management - ICM ) သည် ၁၉၉၂ ခုနှစ်တွင် ကမ္ဘာ့ ကုလသမဂ္ဂပတ်ဝန်းကျင်နှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ညီလာခံက ထုတ်ပြန်ခဲ့သည့် ပတ်ဝန်းကျင်နှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အခြေခံမူများဖြစ်သည့် လူသား မျိုးဆက်များအတွင်း သာတူညီမျှရှိစေရန်၊ ကြိုတင်ကာကွယ်ထိန်းသိမ်းရန်နှင့် ပတ်ဝန်းကျင်ကို ထိခိုက်ခဲ့ပါက ပြုလုပ်သူက ပေးလျော်စေရန် စသည့် အခြေခံမူများနှင့်အညီ ပေါ်ပေါက်လာသည့် စီမံအုပ်ချုပ် လုပ်ကိုင်မှု စနစ်တစ်ရပ်ဖြစ်ပါကြောင်း၊ အဆိုပါစနစ်သည် ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေဖြစ်ပြီး သယံဇာတများကို သက်ဆိုင်ရာလုပ်ငန်းကဏ္ဍများအကြား ပေါင်းစပ်ညှိနှိုင်း စီမံအုပ်ချုပ် လုပ်ကိုင်သည့် နည်းစနစ်ဖြစ်သည့် အပြင် သယံဇာတထုတ်လုပ် သုံးစွဲရာတွင်လည်းကောင်း၊ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လည်းကောင်း ပတ်ဝန်းကျင်နှင့် သဟဇာတ ဖြစ်စေရန်သုံးသပ်ဆောင်ရွက်သည့် နည်းစနစ်ဖြစ်ပါကြောင်း၊ တစ်နည်းဆိုသော် လူမှုရေး၊ စီးပွားရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုသည့် မဏ္ဍိုင်များကို ထည့်သွင်းစဉ်းစားပြီး သိပ္ပံပညာ (Science) နှင့် စီမံခန့်ခွဲမှု (Administration) နယ်ပယ်နှစ်ရပ်စလုံးကို ပေါင်းစပ်ချိတ်ဆက် ဆောင်ရွက်သည့် နည်းစနစ်ဖြစ်ပါကြောင်း၊ ကော်မတီအနေဖြင့် ကမ်းရိုးတန်းဒေသ ဘက်စုံ စီမံအုပ်ချုပ် လုပ်ကိုင်မှု ICM စနစ်နှင့်အညီ ကမ်းရိုးတန်းသယံဇာတများကို စနစ်တကျ စီမံခန့်ခွဲသွားမည်ဖြစ်ပါကြောင်း၊ ကမ်းရိုးတန်း ဒေသစနစ်ကြီးတစ်ခုလုံးသည် စနစ်ခွဲများဖြင့် ဖွဲ့စည်းထားပြီး ထိုစနစ်ခွဲများက စနစ်ကြီး တစ်ခုလုံးပုံမှန်လည်ပတ်စေရန် လုပ်ငန်းတာဝန် အသီးသီးကို ဆောင်ရွက်နေကြပါကြောင်း၊ စနစ်ခွဲတစ်ခု ပျက်စီးသွားသည်နှင့် စနစ်ကြီး တခုလုံးအပေါ် အကျိုးသက်ရောက်စေမည်ဖြစ်သည်ကို ဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်သူ များအနေဖြင့် သိရှိနားလည်ထားရန် လိုအပ်မည် ဖြစ်ပါကြောင်း၊ ကမ်းရိုးတန်းဒေသတွင် ဆောင်ရွက်သော ဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်ကြသည့် စိုက်ပျိုးရေး၊ ရေလုပ်ငန်း၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း၊ သယံဇာတထုတ်လုပ်မှုလုပ်ငန်း၊ စက်မှုလုပ်ငန်းများနှင့် တည်ဆောက်ရေး လုပ်ငန်းများကြောင့် ကမ်းရိုးတန်း ဒေသပတ်ဝန်းကျင်နှင့် လူမှုစီးပွားရေးတို့အပေါ် ရေတို ရေရှည်အကျိုးသက်ရောက်မှုများကို ထည့်သွင်း တွက်ချက်ထားရန် လိုအပ်သည့်အပြင် ကမ်းရိုးတန်းသယံဇာတအသုံးပြုသူများအကြား၌ လည်းကောင်း၊ လုပ်ငန်းဌာနများအကြား၌ လည်းကောင်း၊ အဖွဲ့အစည်းနှစ်ခုအကြား၌ လည်းကောင်း ပဋိပက္ခများ ပေါ်ပေါက်ပါက ပေါင်းစပ်ညှိနှိုင်းခြင်းနှင့် နိုင်ငံ၏ အကျိုးစီးပွားကို အခြေခံ၍ အလျော့အတင်း ပြုလုပ်ခြင်း တို့ကို ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသည် ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံဖြစ်သည်နှင့် အညီ သဘာဝပတ်ဝန်းကျင် ထိ်န်းသိမ်းရေးနှင့်ပတ်သက်သည့် စာချုပ်စာတမ်းများကို လက်မှတ် ရေးထိုးထားပြီး လိုက်နာ ဆောင်ရွက်ရမည့် ကတိကဝတ်များနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်ကြ ရမည် ဖြစ်ပါကြောင်း၊ ရာသီဥတုပြောင်းလဲမှုပြဿနာသည် လူမှုစီးပွားဖွံ့ဖ်ြိုးရေးလုပ်ငန်းများကို အနှုတ် လက္ခဏာ ဆောင်သည့် အကျိုးသက်ရောက်မှုဖြစ်စေသည့် အတွက် ပစ္စုပ္ပန်အတွက် သာမက အနာဂါတ် မျိုးဆက်သစ်များ အတွက်ပါ အရေးတကြီးဖြေရှင်းရမည့် ပြဿနာ ဖြစ်ပါကြောင်း၊ သစ်တောများ၊ အထူးသဖြင့် ကမ်းရိုးတန်း ဒေသနှင့် ကျွန်းစုများပေါ်ရှိ သစ်တောများသည် ရာသီဥတုပြောင်းလဲမှု ထိန်းချုပ်ရေးတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်နေသည့်အတွက် အဆိုပါသစ်တောများကို ထိန်းသိမ်းနိုင်ရန် ကြိုးဝိုင်းနှင့် ကြိုးပြင်ကာကွယ်တောနှင့် သဘာဝနယ်မြေများအဖြစ် ဖွဲ့စည်းဆောင်ရွက်ရန် လိုအပ်မည်ဖြစ် ပါကြောင်း၊ အဆိုပါ သစ်တောများ ထိန်းသိမ်းရာတွင် ပြည်ထောင်စုအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့များအနေဖြင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုး တိုးတက်ရန် သဘာဝအရင်းအမြစ် သည် အခြေခံအုတ်မြစ်ဖြစ်ပါကြောင်း၊ ကမ်းရိုးတန်းသယံဇာတ များသည် နိုင်ငံအတွက် အရေးပါသည့် သဘာဝအရင်းအမြစ် ဖြစ်သည့် အတွက် ကော်မတီဝင်များအနေဖြင့် အားတက်သရော ပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။

ထို့နောက် ပင်လယ်ကမ်းရိုးတန်းသယံဇာတထိန်းသိမ်းရေး အသိပညာပေး မှတ်တမ်း ဗီဒီယိုကို ပြသသည်။

ယင်းနောက် ဗဟိုကော်မတီ အတွင်းရေးမှူး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ရီက ပထမအကြိမ်အစည်းအဝေး၏ ဆုံးဖြတ်ချက်များကို ဆောင်ရွက်ပြီးစီး မှုများနှင့် လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ဗဟိုကော်မတီဝင်များနှင့် တွဲဖက်အတွင်းရေမှူးများက သက်ဆိုင်ရာ ကဏ္ဍများအလိုက် ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း က နိုင်ငံအဆင့်ပင်လယ်ကမ်းရိုးတန်း သယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှုများနှင့် စပ်လျဉ်း၍ ဖြည့်စွက်ဆွေးနွေးသည်။

ယင်းနောက် ဒုတိယသမ္မတ ဦးမြင့်ဆွေ က ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းပေးပြီး အခမ်းအနားကိုရုပ်သိမ်းခဲ့သည်။