နိုင်ငံအတွင်း မြန်နှုန်းမြှင့် တယ်လီဖုန်းဆက်သွယ်ရေးစနစ် ဆောင်ရွက်မည့် မိုင်တဲလ်ကုမ္ပဏီရုံးချုပ် ရန်ကုန်မြို့၌ ဖွင့်လှစ်

Printer-friendly versionSend by email

နိုင်ငံအတွင်း မြန်နှုန်းမြှင့် တယ်လီဖုန်းဆက်သွယ်ရေးစနစ် ဆောင်ရွက်မည့် မိုင်တဲလ်ကုမ္ပဏီရုံးချုပ် ရန်ကုန်မြို့၌  ဖွင့်လှစ်

ရန်ကုန် ဩဂုတ် ၂၆

ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး မစ္စတာ ငုယင်ဖူးကျောင့် ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့သည် ယနေ့ နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ ဒဂုံမြို့နယ်ရှိ မိုင်တဲလ်ကုမ္ပဏီ ဌာနချုပ်၌ ကျင်းပသည့် Telecom International Myanmar Co.,Ltd.(Mytel) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။

အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးစိန်ဝင်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသန့်စင်မောင်၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီးညိုစော၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်သက်ပုံ၊ မိုင်တဲလ်ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

ရှေးဦးစွာ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီအထွေထွေ အတွင်းရေးမှူး မစ္စတာငုယင်ဖူးကျောင့်၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ စစ်ထောက်ချုပ် ဒုတိယ ဗိုလ်ချုပ်ကြီးညိုစောနှင့် မိုင်တဲလ်ကုမ္ပဏီ CEO နှင့်တာဝန်ရှိသူများက မိုင်တဲလ်ကုမ္ပဏီရုံးချုပ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

ထို့နောက် မိုင်တဲလ်ကုမ္ပဏီ CEO က ကုမ္ပဏီ၏စီမံကိန်းလုပ်ငန်းများဆောင်ရွက်ပြီးစီးမှု အခြေအနေ များကို ရှင်းလင်းပြောကြားပြီး မိုင်တဲလ်ကုမ္ပဏီဥက္ကဋ္ဌ ဦးခင်မောင်စိုးက ကုမ္ပဏီမှ နိုင်ငံအတွင်း မြန်နှုန်းမြှင့် တယ်လီဖုန်းဆက်သွယ်ရေးစနစ် အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်သွားမည့်အခြေအနေနှင့် ရှေ့လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ပညာရေးဝန်ကြီးဌာနနှင့် မိုင်တဲလ်ကုမ္ပဏီတို့အကြား ပညာရေးပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက်များကို လက်မှတ်ရေးထိုးကြသည်။ ယင်းနောက် ဧည့်သည်တော် ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး မစ္စတာငုယင်ဖူးကျောင့် က နိဂုံးချုပ်အမှာစကားပြောကြားသည်။

ထို့နောက် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး မစ္စတာငုယင်ဖူးကျောင့် နှင့် ဒုတိယသမ္မတတို့သည် ဧည့်သည်တော်မှတ်တမ်း စာအုပ်တွင် လက်မှတ်ရေး ထိုးခဲ့ကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။