ဒုတိယသမ္မတ ဦးမြင့်ဆွေ မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များနှင့် နဝမအကြိမ် တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်အမှာစကားပြောကြား

Printer-friendly versionSend by email

ဒုတိယသမ္မတ ဦးမြင့်ဆွေ မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များနှင့် နဝမအကြိမ် တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်အမှာစကားပြောကြား

ရန်ကုန် ဩဂုတ် ၂၈

ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ကော်မတီသည် မြန်မာ့စီးပွားရေး လုပ်ငန်းရှင်များ၏ အခက်အခဲ များနှင့် လိုအပ်ချက်များ အဆင်ပြေချောမွေ့စေရန် ရည်ရွယ်ချက်ဖြင့် မြန်မာ့စီးပွားရေး လုပ်ငန်းရှင် များနှင့် နဝမအကြိမ် ပုံမှန်တွေ့ဆုံ ဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI) အစည်းအဝေးခန်းမ၌ ကျင်းပရာ ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကား ပြောကြားသည်။

တွေ့ဆုံဆွေးနွေးပွဲသို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ၊ ဗဟိုအလုပ်အမှုဆောင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ရှေးဦးစွာဒုတိယသမ္မတက အမှာစကားပြောကြားရာတွင် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး အတွက် စီးပွားရေးလုပ်ငန်းရှင်များနှင့် လစဉ်ပုံမှန် တွေ့ဆုံဆွေးနွေးပွဲများကို ၂၀၁၆ခုနှစ် ဒီဇင်ဘာ ၁ရက်မှ စတင်၍ ကဏ္ဍအလိုက်တွေ့ဆုံဆွေးနွေးခဲ့ရာ ယခုအကြိမ်သည် နဝမအကြိမ်မြောက် ဖြစ်ပါကြောင်း၊ ပြီးခဲ့သည့် အဋ္ဌမအကြိမ်အထိ စီးပွားရေးလုပ်ငန်းရှင်များ၏ အခက်အခဲများနှင့် အကြံပြုတင်ပြချက်များအပေါ် သက်ဆိုင်ရာ ဝန်ကြီးဌာနများ တိုင်းဒေသကြီး၊ပြည်နယ် အစိုးရအဖွဲ့များနှင့်လုပ်ငန်း ကော်မတီများက ပြန်လည်ဖြေရှင်း ပြန်ကြားခဲ့ရာ အားလုံးပြန်ကြား ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ အချို့အချက်များမှာ ဝန်ကြီးဌာန နှစ်ခု/သုံးခုနှင့် ဆက်စပ် နေသဖြင့် အမြန်ဆုံးပြီး ပြတ်အောင် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

 

ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏ အစည်းအဝေးများကို နှစ်လ တစ်ကြိမ် ကျင်းပခဲ့ရာ (၄)ကြိမ် ကျင်းပပြီးဖြစ်ပါကြောင်း၊ မဏ္ဍိုင်(၅) ရပ်ကို တာဝန်ယူ ထားကြသည့် သက်ဆိုင်ရာ လုပ်ငန်းကော်မတီများ၏ အစည်းအဝေးများကိုလည်း တစ်လ တစ်ကြိမ် ကျင်းပခဲ့ရာ (၃၈)ကြိမ် ကျင်းပခဲ့ပြီးဖြစ်ပါကြောင်း။

နိုင်ငံတော်က စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် ဘက်စုံကြိုးပမ်းလျက်ရှိရာ လက်ရှိ ဘဏ္ဍာနှစ်အတွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှုအနေဖြင့် အမေရိကန်ဒေါ်လာသန်း (၃၅၀၀) အထိရှိပြီး ယခင်နှစ် ကာလတူ အချိန်တွင် အမေရိကန်ဒေါ်လာ သန်း(၄၀၀) ခန့်သာ ရှိသောကြောင့် ယခင်နှစ်ထက် များစွာ တိုးတက်လာသည်ကို တွေ့ရမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသားရင်းနှီး မြှုပ်နှံမှုအနေဖြင့် ယခုနှစ် တွင် ငွေကျပ် (၁၂၇၅)ဘီလီယံ နီးပါးရှိပြီး ယခင်နှစ် ကာလတူတွင် ငွေကျပ် (၁၀၉) ဘီလီယံသာ ရှိသဖြင့် နှိုင်းယှဉ်ပါက များစွာ တိုးတက်မှုရှိနေသည်ကို တွေ့ရမည် ဖြစ်ပါကြောင်း။

တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် ရင်းနှီးမြှုပ်နှံမှုတွင် ရန်ကုန်တိုင်း ဒေသကြီး၌ (၈၀)ရာခိုင်နှုန်း၊ ပဲခူးတိုင်းဒေသကြီး၌ (၁၁)ရာခိုင်နှုန်း ရှိသဖြင့် ရန်ကုန်နှင့် အနီး တစ်ဝိုက်ဒေသများတွင်သာ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာသည်ကို တွေ့ရပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှုများသည် တိုင်းဒေသကြီး၊ ပြည်နယ်များအလိုက် အချိုးညီညီ မျှမျှတတ ဝင်ရောက်နိုင်ရန်အတွက် အဖက်ဖက်မှ ဆက်လက်ကြိုးပမ်း ဆောင်ရွက် သွားရန် လိုအပ်ပါကြောင်း။

တိုင်းဒေသကြီး၊ ပြည်နယ်များတွင် ရင်းနှီးမြှုပ်နှံမှုကော်မတီများကိုလည်း ဖွဲ့စည်း တာဝန်ပေးထား ပြီးဖြစ်ရာ ယင်းကော်မတီများအနေဖြင့် ရင်းနှီးမြှုပ်နှံမှု တန်ဖိုး အမေရိကန် ဒေါ်လာ (၅)သန်း သို့မဟုတ် မြန်မာကျပ်ငွေ (၆၀၀၀)သန်း အောက် လုပ်ငန်းများကို အတည်ပြုမိန့်ထုတ်ပေးနိုင်ရန် အတွက် လုပ်ဆောင် နေပြီဖြစ်ပါကြောင်း။

ယခုကာလတွင် အိန္ဒိယသမ္မတနိုင်ငံမှ ပဲတီစိမ်း၊ မတ်ပဲနှင့် ပဲစင်းငုံများ တင်သွင်းမှုကို အရေအတွက် ကန့်သက်လိုက်သဖြင့် ပဲလုပ်ငန်းရှင်များ၏ အခက်အခဲများကို ဖြေရှင်းနိုင်ရန်အတွက် နှစ်နိုင်ငံ ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်း။

ယနေ့အစည်းအဝေးတွင်လည်း ပုဂ္ဂလိလုပ်ငန်းရှင်များနေဖြင့် တွေ့ကြုံနေရသည့် အခက်အခဲ များနှင့် အကြံပြုချက်များကို ပွင့်လင်းမြင်သာစွာ ဆွေးနွေးကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။

 

ထို့နောက် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း၊ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းတို့က ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး အတွက် ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းပြောကြားကြသည်။

ဆက်လက်၍ SMES Development Strategy "Issues & Solutions" ဖိုရမ်၊ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်၊ မြန်မာစီးပွားရေးဖိုရမ် မြေယာလုပ်ငန်းအဖွဲ့၊ မြန်မာနိုင်ငံကြိမ်နှင့် ဝါး လုပ်ငန်းရှင်များအသင်း၊ ဧရာဝတီတိုင်းဒေသကြီး ကုန်သည်များ နှင့် စက်မှုလက်မှုလုပ်ငန်းရှင် များအသင်း၊ ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၊ မောင်တော နယ်စပ် ကုန်သွယ်ရေး ကုန်သည်များအသင်း၊ မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း၊ မြန်မာနိုင်ငံ ကွန်ပျူတာ လုပ်ငန်းရှင်များအသင်းနှင့် တရားဝင်အသိအမှတ်ပြု မော်တော်ယာဉ် ဖြန့်ဖြူး ရောင်းချရေး အသင်းတို့မှ တာဝန်ရှိသူများက သက်ဆိုင်ရာလုပ်ငန်း ကဏ္ဍများအလိုက် ၎င်းတို့ တွေ့ကြုံနေရသည့် အခက်အခဲများ၊ လုပ်ငန်းများ ပိုမို လွယ်ကူချောမွေ့ အဆင်ပြေစေရေး အတွက် ဆွေးနွေးတင်ပြကြရာ ဒုတိယသမ္မတ၊ ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းပေးသည်။

ယင်းနောက် ဒုတိယသမ္မတဦးမြင့်ဆွေက နိဂုံးချုပ်အမှာစကားပြောကြားပြီး တွေ့ဆုံ ဆွေးနွေးပွဲကို ရုပ်သိမ်းလိုက်သည်။