နိုင်ငံတော်သမ္မတ ဦးထင်ကျော် ပြည်ထောင်စုလွှတ်တော်တွင် မိန့်ခွန်း ပြောကြား

Printer-friendly versionSend by email

 

နေပြည်တော် မတ် ၃၀

နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ယနေ့ နံနက်ပိုင်းတွင် ကျင်းပသည့် ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော် ပထမပုံမှန်အစည်းအဝေး (၁၅) ရက်မြောက်နေ့တွင် မိန့်ခွန်း ပြောကြားခဲ့သည်။

 

နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းအပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -

 

လွှတ်တော် နာယကကြီး၊ လွှတ်တော် ကိုယ်စားလှယ်များ၊ တက်ရောက်လာသော ဂုဏ်သရေရှိ ဧည့်သည်တော်များနဲ့ နိုင်ငံသူ နိုင်ငံသားများ ခင်ဗျား

ဒီပြည်ထောင်စုလွှတ်တော်ကြီးက ကျွန်တော်ကို နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက် ခံရတာဟာ အထင်ကရ သမိုင်းဝင်ဖြစ်ရပ်ကြီး တစ်ခုဖြစ်တဲ့အတွက် ကျွန်တော် များစွာဂုဏ်ယူ ဝမ်းမြောက်ကြောင်း ပြောကြားလိုပါတယ်။ နိုင်ငံတော်သမ္မတ ဖြစ်လာတာနဲ့အညီ ကျွန်တော်က ပြည်ထောင်စုလွှတ်တော်ကို တာဝန်ခံရမယ့်ပုဂ္ဂိုလ် ဖြစ်လာပါတယ်။

 

၂၀၁၅ ခုနှစ် နိုဝင်ဘာလ ရွေးကောက်ပွဲ ရလဒ်ကြောင့် ဖြစ်ထွန်းလာတဲ့ ဒုတိယအကြိမ် လွှတ်တော်နဲ့ အစိုးရအဖွဲ့များဟာ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ မူဝါဒများနဲ့ ကိုက်ညီစွာ ဖွဲ့စည်းထားခြင်း ဖြစ်ပါတယ်။ ယခု အစိုးရသစ်အနေဖြင့် အောက်ပါ မူဝါဒများဖြစ်တဲ့

-

အမျိုးသားရင်ကြားစေ့ရေး

-

ပြည်တွင်းငြိမ်းချမ်းရေး

-

ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု ဖြစ်ပေါ်ရေးကို ရှေးရှုတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေတစ်ခု ပေါ်ပေါက်ရေးနဲ့

-

ပြည်သူလူထု အများစု၏ လူနေမှုဘ၀ အဆင့်အတန်း တိုးတက် မြင့်မားရေးတို့ကို အကောင် အထည်ဖော် ဆောင်သွားမှာ ဖြစ်ပါတယ်။

 

လွှတ်တော် နာယကကြီး၊ လွှတ်တော် ကိုယ်စားလှယ်များ၊ တက်ရောက် လာကြသော ဂုဏ်သရေရှိ ဧည့်သည်တော်များနဲ့ နိုင်ငံသူ နိုင်ငံသားများ ခင်ဗျား

ဒီနေ့ဒီအချိန်မှာ လေးနက်စွာ တင်ပြလိုတဲ့ အချက်တစ်ခု ရှိပါတယ်။ ဒီအချက်ကတော့ မကြာမီကပဲ ကျွန်တော်ဟာ နိုင်ငံတော် သမ္မတအဖြစ် ကတိသစ္စာပြုခဲ့ပြီး ဖြစ်ပါတယ်။ အဲ့ဒီ ကတိသစ္စာကို ထိန်းသိမ်း စောင့်ရှောက်ရမယ့် တာဝန်ရှိကြောင်းကိုလည်း အစဉ်သတိချပ်နေမှာ ဖြစ်ပါတယ်။

 

ဒါ့အပြင် နိုင်ငံနဲ့ သင့်တော်မယ့်ဒီမိုကရေစီ စံချိန်စံညွှန်းများနဲ့ ကိုက်ညီတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ တစ်ရပ် ဖြစ်ပေါ်လာရေးအတွက်လည်း ဆောင်ရွက်ရမယ့်တာဝန်ရှိပါတယ်။ နှစ်ရှည်လများ ပြည်သူလူထု လိုလားတောင့်တနေတဲ့ ဒီနိုင်ငံရေး ရည်မှန်းချက် အကောင်အထည်ပေါ်လာရေးအတွက် စိတ်ရှည် သည်းခံပြီး ဆောင်ရွက် သွားရမှာကိုလည်း သိရှိ နားလည်ထားပါတယ်။

 

နိဂုံးချုပ်အားဖြင့် တင်ပြချင်တာကတော့ ယခု ပေါ်ပေါက်လာတဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ဟာ ပြည်သူလူထုရဲ့ မျှော်လင့်ချက်များ၊ ဆန္ဒများ ပြည့်၀စေရန် မမှိတ်မသုန် ကြိုးပမ်း ဆောင်ရွက် သွားမှာ ဖြစ်ကြောင်း အလေးအနက် ပြောကြားလိုခြင်း ဖြစ်ပါတယ်။

 

နိုင်ငံသူ နိုင်ငံသားအားလုံး ချမ်းမြေ့သာယာစွာနဲ့ မိမိတို့ဘ၀လမ်းကြောင်းကို ဖြောင့်တန်းစွာ လျှောက်လှမ်းနိုင်ကြပါစေ။