နိုင်ငံတော် သံဃ မဟာနာယက ဆရာတော်ကြီးများအား နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သာသနာရေး ဆိုင်ရာ လျှောက်ထားလွှာ

Printer-friendly versionSend by email

ရန်ကုန် မေ ၁၄

နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများအား နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လျှောက်ထားခဲ့သည့် သာသနာရေးဆိုင်ရာ လျှောက်ထားလွှာ အပြည့်အစုံမှာ အောက်ပါ အတိုင်း ဖြစ်ပါသည်-

ရိုသေလေးမြတ်စွာ လျှောက်ထားအပ်ပါသည် ဥက္ကဋ္ဌ ဆရာတော် ဘုရားကြီး အမှူးပြုသည့် နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများ ဘုရား-

သာသနာတော်သုံးရပ် သန့်ရှင်းတည်တံ့  ပြန့်ပွားရေးကို အလေးဂရုပြုတော်မူကြပြီး သိက္ခာတော် သုံးရပ် အကျင့်မြတ်ကို မပြတ်ဆည်းပူး အားထုတ်တော်မူလျက်ရှိကြသည့် သက်တော်ရှည် သာသနာ့ ဦးသျှောင် ဆရာတော်ဘုရားကြီးများအား လာရောက် ဖူးမြော် ဆည်းကပ် ကြည်ညိုခွင့် ရရှိပါသဖြင့် စိတ်နှလုံးကြည်နူး အထူးဝမ်းမြောက်၍ ကုသိုလ်တရားဖြစ်ပွား ရပါကြောင်း ရှေးဦးစွာ လျှောက်ထားအပ်ပါသည် ဘုရား။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရအဖွဲ့သစ်သည် ၂၀၁၆ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှ စတင်ပြီး နိုင်ငံတော်၏ တာဝန် အရပ်ရပ်ကို လွှဲပြောင်း လက်ခံ၍ ငြိမ်းချမ်း စည်ပင် ဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်ကို တည်ဆောက်ရန် ကြိုးပမ်း အားထုတ်လျက်ရှိကြပါသည် ဘုရား။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကို တိုင်းရင်းသား လူမျိုးပေါင်းစုံ၊ ကိုးကွယ်မှု ဘာသာဝင် ပေါင်းစုံတို့ဖြင့် ပေါင်းစု ဖွဲ့စည်းထားသည်နှင့် လျော်ညီစွာ ပြည်သူလူထုက ရွေးချယ် တင်မြှောက် ထားသော တိုင်းရင်းသား ကိုယ်စားလှယ်များက ပြည်သူလူထု အများစု၏ ဆန္ဒနှင့်အညီ ငြိမ်းချမ်း စည်ပင် ဖွံ့ဖြိုး တိုးတက်သော မြန်မာနိုင်ငံတော်ကို တည်ဆောက်ရန် သန္နိဋ္ဌာန် ချမှတ်ကြပြီး ဖြစ်ပါသည် ဘုရား ။ ပြည်သူလူထု၏ အရွေးချယ်ခံ အစိုးရအဖွဲ့သစ် အနေဖြင့် နိုင်ငံအတွင်းရှိ တိုင်းရင်းသား မျိုးစုံ၊ ကိုးကွယ်မှု ဘာသာဝင် မျိုးစုံတို့၏ ဓမ္မနှင့် လျော်ညီ၍ သမာသမတ်ကျသော ဆန္ဒနှင့် မျှော်မှန်းချက်များကို အတတ်နိုင်ဆုံး ဖြည့်ဆည်း ကူညီပေးရန် တာဝန် ရှိနေပါသည် ဘုရား။

ပိဋကတ်တော် စာပေ၌ မင်းအစိုးရတို့ လိုက်နာ ကျင့်ဆောင်ရမည့် ဒါန၊ သီလ အစရှိသော မင်းကျင့်တရား ဆယ်ပါး (ဒဿရာဇဓမ္မ)တွင် အထူးကျင့်ဝတ် တစ်ခုဖြစ်သည့် "ရဟန်းရှင်လူ ပြည်သူလူထုနှင့် မဆန့်ကျင်ရခြင်း" (အဝိရောဓနကျင့်ဝတ်)ကို အစိုးရအဖွဲ့အနေ ဖြင့် အစွမ်းနိုင်ဆုံး ဖြည့်ဆည်းပေးရန် တာဝန်လည်း ရှိနေပါသည် ဘုရား။ ထိုတာဝန်ကို ဖြည့်ဆည်း ပေးနိုင်မည် ဆိုပါလျှင် နိုင်ငံသား အားလုံး မျှော်မှန်းလျက် ရှိကြသည့် အမျိုး ဘာသာ သာသနာ ထိန်းသိမ်း စောင့်ရှောက်ရေး တာဝန်ကို တစ်ပြိုင်နက်တည်း ထမ်းဆောင်ရာ ရောက်သည်ဟု မှတ်ယူထားကြ ပါသည်ဘုရား။

ဘုရား တပည့်တော်တို့သည် မြန်မာနိုင်ငံသား မိဘနှစ်ပါးမှ ပေါက်ဖွား ဆင်းသက်လာသော ဗုဒ္ဓ ဘာသာဝင်များ ဖြစ်သည့် အားလျော်စွာ မြတ်ဗုဒ္ဓ၏ အနှိုင်းမဲ့ အဆုံးအမတော်တို့ကို အစွမ်းနိုင်ဆုံး လိုက်နာ ကျင့်သုံးလျက်ရှိသည့် ဗုဒ္ဓဘာသာဝင်များ ဖြစ်ပါသည်ဘုရား။ မြတ်ဗုဒ္ဓဒေသနာတော် များသည် အစ အလယ် အဆုံး ကောင်းကျိုးနှင့် ပြည့်စုံ ညီညွတ်ကြောင်း ကိုယ်တိုင် ခံစားသိရှိ မှတ်သား ထားပါသည်။ အမှန်တကယ် လိုက်နာ ကျင့်ဆောင်သူ တစ်ဦး အတွက် အခြေခံအကျဆုံး ဒါန၊ သီလ စသည့် လူ့လောက ဘ၀နေနည်းမှအစ တစ်ကိုယ်ရည် ဘ၀ အေးချမ်း သာယာရေး လက်တွေ့ သမထကျင့်စဉ်နှင့် ဘ၀အမြင် ထွင်းဖောက်ရှုမြင်ရေး လက်တွေ့ ဝိပဿနာ ကျင့်စဉ်တို့၏ ကောင်းကျိုးများသည် ဗုဒ္ဓဘာသာဝင်များ၏ ဘဝမှီခို အားထားရာ အကောင်းဆုံးနှင့် အမွန်မြတ် ဆုံး တရားများ ဖြစ်ကြောင်း လက်တွေ့ ခံစား သိရှိခဲ့ရပါသည် ဘုရား။

မြတ်ဗုဒ္ဓဒေသနာတော်လာ မေတ္တာ- ကရုဏာ- မုဒိတာ- ဥပေက္ခာ ဟုဆိုသော ဗြဟ္မစိုရ် တရားလေးပါးသည် သက်ရှိ လောကတစ်ခုလုံးကို တစ်ပြေးညီဖြစ်စေရန် ထိန်းညှိ တည့်မတ် ပေးသော တရားများဖြစ်၍ ထိုဗြဟ္မစိုရ် တရား လေးပါးကို လက်တွေ့ကျင့်သုံးခြင်းဖြင့် အမျိုး ဇာတ်ခွဲခြားခြင်း၊ အသား အရောင် ခွဲခြားခြင်း၊ မိတ်ဆွေ ရန်သူ ခွဲခြားခြင်း၊ ယုံကြည်မှု အယူဝါဒ ခွဲခြားခြင်း စသည်တို့အပေါ် ကောင်းစွာချဉ်းကပ်မှု ပြုနိုင်ပါသဖြင့် မြတ်ဗုဒ္ဓ၏ ဗြဟ္မစိုရ်ကျင့်စဉ် တရားတော်သည် လူ့လောကကြီးအတွက် လွန်စွာ အားကိုးမြတ်နိုးဖွယ် ဖြစ်ကြောင်း ခံစားနိုင်ပါ သည် ဘုရား။ အစိုးရအဖွဲ့အနေဖြင့် ဘုရားရှင်၏ အဆုံးအမ ဗြဟ္မစိုရ်ကျင့်စဉ် အခြေခံဖြင့် မြန်မာနိုင်ငံတော်၏ အမျိုးဘာသာ သာသနာ အကျိုးစီးပွားကို အကောင်အထည်ဖော် ဆောင်ရွက် သွားမည်ဟု ခံယူထားပါကြောင်း လျှောက်ထားအပ်ပါသည် ဘုရား။ ယင်းဗြဟ္မစိုရ်ကျင့်စဉ် ကိုပင် အခြေခံလျက် တရားဥပဒေ စိုးမိုးရေး၊ တန်းတူညီမျှရေး၊ အဂတိလေးပါး လိုက်စားမှု ကင်းရှင်းရေး၊ လူတိုင်း၏ မွေးရာပါ အခွင့်အရေးများ မဆုံးရှုံးရစေရေး စသည်တို့ ထွန်းကားလာအောင် ကိုယ်နှင့်အသက် မငဲ့ကွက်ဘဲ အမြဲကြိုးပမ်း ထမ်းဆောင် သွားကြမည် ဖြစ်ပါကြောင်း လျှောက်ထားအပ်ပါသည်ဘုရား။

မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်မှု အများဆုံးဖြစ်သော နိုင်ငံတစ်နိုင်ငံ ဖြစ်ပါသည် ဘုရား။ နိုင်ငံအတွင်း မြန်မာလူမျိုးများ အပါအဝင် တိုင်းရင်းသား ညီအစ်ကို မောင်နှမများ၏ ကိုးကွယ်ရာဘာသာဝင် အသီးသီးအားလည်း ဗြဟ္မစိုရ်ကျင့်စဉ်ဖြင့် ကူညီအားပေး စောင့်ရှောက်ရန် တာဝန် ရှိသည်ဟု ယုံကြည်ထားပါသည် ဘုရား။ နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသား ညီအစ်ကို မောင်နှမများ အချင်းချင်း၊ ကိုးကွယ်ရာ ဘာသာ အယူဝါဒရှိသူ အချင်းချင်းတို့ အကြားတွင် ယုံကြည်ခြင်း၊ စာနာနား လည်ခြင်း၊ ချစ်ကြည် ရင်းနှီးခြင်း၊ အကျိုး လိုလားခြင်းတို့ကို အခြေခံလျက် အေးချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်ခွင့် ရှိကြမှသာလျှင် အေးချမ်း သာယာ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကို တည်ဆောက်နိုင်ကြမှာ ဖြစ်ပါသည်ဘုရား။ ဘာသာဝင် အသီးသီးတို့အနေဖြင့်လည်း မိမိတို့ဘာသာ၏ စစ်မှန် ငြိမ်းချမ်းသော အဆုံးအမများကို လိုက်နာကျင့်သုံး နေထိုင်ကြပြီး ငြိမ်းချမ်းညီညွတ်စွာ အတူယှဉ်တွဲ နေထိုင်န်ိုင်ရေးကို ရှေးရှုလျက် နိုင်ငံတော် ငြိမ်းချမ်း ဖွံ့ဖြိုးအောင် ကြိုးပမ်းသွားမည် ဖြစ်ပါသည် ဘုရား။

နိုင်ငံတော် သံဃ မဟာနာယက ဆရာတော်ကြီးများဘုရား-

၁၉၈၀- ပြည့်နှစ်တွင် သာသနာတော် သန့်ရှင်းရေး တည်တံ့  ပြန့်ပွားရေး ပထမအကြိမ် ဂိုဏ်းပေါင်းစုံ သံဃာ့ အစည်းအဝေးကြီးကို အောင်မြင်စွာ ကျင်းပခဲ့ပြီးနောက် ထိုကာလမှ စတင်၍ ငါးသိန်းကျော်ရှိသော သံဃာထု ကိုယ်စား ဖွဲ့စည်းထားသည့် နိုင်ငံတော် ဩဝါဒါစရိယအဖွဲ့၊ နိုင်ငံတော် ဗဟိုသံဃာ့ ဝန်ဆောင်အဖွဲ့၊ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့တို့က တိုင်းဒေသကြီး/ ပြည်နယ်၊ မြို့နယ်၊ ရပ်ကွက်/ ကျေးရွာ သံဃနာယက အဖွဲ့များကို ဦးဆောင်မှုပေးလျက် “သံဃာ့ကိစ္စ သံဃာဆောင်ရွက်ရေးမူ”  ဖြင့် ယနေ့ထက်တိုင် သံဃာ့ အဖွဲ့ကြီးကို ထိန်းသိမ်း ဆောင်ရွက်လျက် ရှိသည်မှာ အားရဂုဏ်ယူဖွယ် သမိုင်းမှတ်တိုင်ကြီး ဖြစ်ပါသည်ဘုရား။ နိုင်ငံတော် တစ်ဝန်းလုံးရှိ သံဃာထုကိုယ်စား နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ကြီးက ဦးဆောင်၍ သာသနာရေးရာ၊ ဝိနိစ္ဆယရေးရာ၊ ပညာရေးရာကိစ္စများကို ဥပဒေ၊ စည်းမျဉ်း၊ လုပ်ထုံး လုပ်နည်းများနှင့် မဆန့်ကျင်စေဘဲ ဓမ္မဝိနယနှင့်အညီ ဆောင်ရွက်လျက် ရှိသဖြင့်လည်း စင်စစ်အား ဖြင့် မြန်မာ နိုင်ငံတော်၏ တည်ငြိမ်အေးချမ်း သာယာရေး ဖွံ့ဖြိုး တိုးတက်ရေးတို့ကို အတိုင်းအတာ တစ်ရပ်အထိ အထောက်အကူ ပြုလျက်ရှိသည်ဟု မှတ်ယူ ကြရပါသည် ဘုရား။

ဘုရားတပည့်တော်တို့ အစိုးရအဖွဲ့အနေနှင့် တာဝန်ယူ ဆောင်ရွက်ခွင့် ရရှိသည့် ကာလအတွင်း နိုင်ငံတော် ဖွံ့ဖြိုးမှု၌ ထင်သာ မြင်သာရှိသော တိုးတက်မှု တစ်စုံတစ်ရာ ပြသနိုင်လိမ့်မည်ဟု မမှိတ်မသုံ ယုံကြည်ပါကြောင်းနှင့် ယင်း တိုးတက် ဖြစ်ထွန်းမှုကို ကြည့်ရှုလျက် ပြည်သူ ပြည်သား အားလုံး၏ “သာဓု” အကြိမ်ကြိမ် ခေါ်သံကို ဝမ်းမြောက် ရွှင်လန်းစွာ နာကြားခွင့် ရရှိအောင် ကိုယ်စွမ်း၊ ဉာဏ်စွမ်း ရှိသမျှ ကြိုးပမ်း အားထုတ်သွားကြမည် ဖြစ်ပါကြောင်း လျှောက်ထား အပ်ပါသည် ဘုရား။

ဘုရားတပည့်တော်တို့ အနေဖြင့် နိုင်ငံတော် သံဃမဟာနာယက ဆရာတော် အရှင်မြတ်ကြီး များအား ဖူးမြော်ခွင့် ကြုံတုံးအခိုက်တွင် ဗုဒ္ဓသာသနာတော်မြတ်ကြီး သန့်ရှင်း တည်တံ့  ပြန့်ပွား ရေးနှင့် စပ်လျဉ်း၍လည်းကောင်း၊ နိုင်ငံသူ၊ နိုင်ငံသား တိုင်းရင်းသား ပြည်သူ အားလုံး အစဉ် ထာဝရ စည်းလုံး ညီညွတ်ရေးနှင့် စပ်လျဉ်း၍ လည်းကောင်း၊ နိုင်ငံတော် ကြီးပွား တိုးတက်ရေး တို့နှင့် စပ်လျဉ်း၍ လည်းကောင်း လိုအပ်သော ဩဝါဒများကို အချိန်အခါမရွေး ချီးမြှင့်ပေးနိုင်ပါရန် ရိုသေ လေးမြတ်စွာ လျှောက်ထားရင်း တပည့်တော်၏ လျှောက်ထားလွှာကို နိဂုံးချုပ် အပ်ပါသည် ဘုရား။