နိုင်ငံတော်သမ္မတ ဦးထင်ကျော် ပဉ္စမအကြိမ် အစိမ်းရောင်စီးပွားရေး အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်မှု ဖိုရမ်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက် မိန့်ခွန်းပြောကြား

Printer-friendly versionSend by email

နေပြည်တော် နိုဝင်ဘာ ၂၉

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ အစိမ်းရောင် စီးပွားရေး အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှုအသင်းတို့ ပူးပေါင်းစီစဉ်ကျင်းပသည့် ပဥ္စမအကြိမ် အစိမ်းရောင်စီးပွားရေး အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်မှုဖိုရမ် ဖွင့်ပွဲအခမ်း အနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန-၂ (MICC-II)၌ ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးထင်ကျော် တက်ရောက်မိန့်ခွန်း ပြောကြားသည်။

 

အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း၊ ဒေါက်တာ အောင်သူ၊ ဦးဖေဇင်ထွန်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ ဒုတိယ ဝန်ကြီးများ၊ နိုင်ငံတကာ သံရုံးများမှ သံအမတ်ကြီးများ၊ အစိမ်းရောင်စီးပွားရေး အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်မှုအသင်း(မြန်မာ)မှ ကိုယ်စားလှယ်များ၊ နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ကမ္ဘာနှင့်တစ်ဝန်းတွင် ကြုံတွေ့နေရသည့် ရာသီဥတုပြောင်းလဲမှု တိုးပွားလာခြင်း၏ ဆိုးကျိုးများ၊ ဂေဟစနစ် လျင်မြန်စွာ ယိုယွင်းပျက်စီးနေမှုများ၊ သစ်တောပြုန်းတီးမှုများ၊  မျိုးသုဉ်းရန် အန္တရာယ်ရှိ သော မျိုးစိတ်နှင့် တောရိုင်းတိရစ္ဆာန်ဆုံးရှုံးမှုများ၊ လေထု၊ သမုဒ္ဒရာ၊ မြစ်ချောင်း၊ ရေကန်၊ မြေထုညစ်ညမ်းမှုများနှင့် ကူးစက်ရောဂါများ တစ်နေရာမှ တစ်နေရာသို့ ရောက်ရှိပျံ့နှံ့နေမှု စသည့် ဖြေရှင်းရန်ခက်ခဲလှသည့် ပြဿနာများကို မြန်မာနိုင်ငံအနေဖြင့်လည်း ကြုံတွေ့ ခံစားနေ ရပါကြောင်း။

 

မိမိတို့အားလုံးကို ထိခိုက်မှုများဖြစ်စေသော ကမ္ဘာလုံးဆိုင်ရာ ပတ်ဝန်းကျင်နှင့် ဂေဟစနစ် ယိုယွင်းပျက်စီးမှုများ၊ ရာသီဥတုပြောင်းလဲမှုများကို တုံ့ပြန်နိုင်ရန်အတွက် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုသည် အလွန်အရေးကြီးပါကြောင်း။

 

စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး၊ ခံနိုင်ရည်ပြည့်ဝစေရေး၊ တန်းတူညီမျှမှုရှိစေရေး နှင့် အလုံးစုံ ပါဝင်သည့် အနာဂတ်ကို ပိုင်ဆိုင်နိုင်ရေးအတွက် ဖွံ့ဖြိုးတိုးတက်မှု၊ သယံဇာတ အရင်းအမြစ်၊ သဘာဝ ပတ်ဝန်းကျင်၊ စွမ်းအင်နှင့် ရာသီဥတုပြောင်းလဲမှု ဆိုင်ရာကိစ္စရပ်များ၏ ဖြေရှင်းရခက်သည့် ဆက်စပ်နေမှုများကို တုံ့ပြန်ဖြေရှင်းနိုင်ရန်အတွက် အရေးတကြီး လိုအပ်သည့်မူဝါဒများ၊ မဟာဗျူဟာများနှင့်  လက်တွေ့ဆောင်ရွက်မှုများကို ပေါင်းစပ် ဆောင်ရွက်နိုင်ရန် အထောက် အကူဖြစ်စေသည့် သဘောတူညီချက်များကို ကုလသမဂ္ဂညီ လာခံများတွင် ချမှတ်ပြီးဖြစ်ပါကြောင်း။

 

မြန်မာနိုင်ငံသည် ရာသီဥတုပြောင်းလဲမှုကို ရင်ဆိုင်ဖြေရှင်းနိုင်ရန် ကမ္ဘာလုံးဆိုင်ရာ သဘော တူညီမှုဖြစ်သည့် ၂၀၁၅ ခုနှစ် ပါရီသဘောတူညီချက်၊  ကုလသမဂ္ဂ၏ ရေရှည်စဉ် ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များ၊ ဟိုက်ဒရိုဖလူရိုကာဗွန် (HFC) ထုတ်လုပ်မှုနှင့် သုံးစွဲမှုလျှော့ချ ရပ်ဆိုင်းရေးစသည့် လတ်တလောချမှတ်ဆောင်ရွက် ခဲ့သည့် နိုင်ငံတကာကြိုးပမ်းမှုများတွင် ပါဝင်ဆောင်ရွက်လျက်ရှိသကဲ့သို့ မိမိတို့အားလုံးနှင့် နောင်လာနောက်သားများအပေါ် အမှန်တကယ် ဆိုးကျိုးဖြစ်ပေါ်စေမည့် ကမ္ဘာလုံးဆိုင်ရာ ခြိမ်းခြောက်မှုများကို တုံ့ပြန်ဆောင်ရွက်ရန်အတွက် အပြည်ပြည်ဆိုင်ရာအသိုက်အဝန်းတွင် အလေးအနက်ထား ပါဝင်ဆောင်ရွက်လျက်ရှိပါကြောင်း။

 

မိမိတို့အနေဖြင့် ဆင်းရဲမှုလျှော့ချရန်နှင့် ငတ်မွတ်ခေါင်းပါးမှုကို တားဆီးရန်၊ ကလေးသူငယ်များ အာဟာရချို့တဲ့မှုနှင့် ဖွံ့ဖြိုးမှုနိမ့်ကျနေမှု ပပျောက်စေရန်၊ ဘေးကင်း လုံခြုံပြီး ကျန်းမာရေးနှင့် ညီညွတ်သည့် အလုပ်အကိုင်အခွင့်အလမ်းများ တိုးပွားစေရန်၊ အရည် အသွေးပြည့်မီသည့် ပညာရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ပံ့ပိုးပေးရန်၊ သဘာဝ ဘေးအန္တရာယ်များနှင့် အခြားသော ဦးစားပေး ကိစ္စရပ်များကို လျင်မြန်စွာတုံ့ပြန် ဆောင်ရွက် နိုင်ရန်လိုအပ်ပါကြောင်း၊ ယင်းတို့ကို မြန်မာနိုင်ငံ အနေဖြင့် အခြားနိုင်ငံများနည်းတူ ရင်ဆိုင်ကြုံတွေ့နေပြီး အတူတကွဖြေရှင်းဆောင်ရွက်ရမည့် ဦးစားပေး ကိစ္စရပ်များ ဖြစ်ပါကြောင်း။

 

မိမိတို့အနေဖြင့် ယင်းစိန်ခေါ်မှုများကို တုံ့ပြန်နိုင်ရန်အတွက် မိမိတို့၏ အမျိုးသား စွမ်းဆောင်ရည် များကို မြှင့်တင်တည်ဆောက်သွားရမည် ဖြစ်ပါကြောင်း၊ မိမိတို့သည် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ထူးခြားသော ပြောင်းလဲမှုကို ဦးတည်စေသည့် လမ်းကြောင်းနှင့် ပေါင်းစည်းဆောင်ရွက်သွားရမည့် အခွင့်အလမ်းများကို ဖော်ထုတ်သတ်မှတ်ပြီး ရရှိသည့် အခွင့်အလမ်းများအပေါ်မူတည်ပြီး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ဆောင်ရွက်သည့် နေရာတွင်လည်း စရိတ်ကုန်ကျမှုများပြားပြီး ရေရှည်တည်တံ့နိုင်မှု မရှိသည့်၊ ပြည့်စုံမှု မရှိသည့် မူဝါဒများနှင့် စီမံကိန်းများကို ရှောင်ရှားရမည် ဖြစ်ပါကြောင်း။

 

မြန်မာနိုင်ငံအနေဖြင့် အခြားနိုင်ငံများ တွေ့ကြုံခဲ့ရသည့် သင်ခန်းစာများမှ အကျိုး ကျေးဇူးများ အသေအချာရရှိနိုင်မည်ဖြစ်ပါကြောင်း၊  လူသားနှင့် သဘာဝသယံဇာတ အရင်းအမြစ်ပေါများသည့်  ဖွံ့ဖြိုးစနိုင်ငံတစ်နိုင်ငံအနေနှင့် ရေရှည်တည်တံ့သည့်၊  ခံနိုင်ရည်ရှိသည့်၊ စနစ်ကျသည့်၊ အလုံးစုံ ပါဝင်သည့်၊ ညီညွတ်မျှတသည့် ပြုပြင်ပြောင်းလဲမှု များအတွက် အလားအလာကောင်းများ ရှိနေပါကြောင်း၊ ထိုအချက်များသည် မိမိတို့ ရရှိနိုင် ရန် ရည်မှန်းထားသည့် ဆွေစဉ်မျိုးဆက်ဆိုင်ရာ အခွင့်အလမ်းတစ်ရပ် ဖြစ်ပါကြောင်း။

 

မြန်မာနိုင်ငံအနေဖြင့် ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များ ရရှိစေရန် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍကို ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများတွင် ပေါင်းစပ် အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် အမျိုးသားအဆင့် ပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒနှင့် ပင်မ လုပ်ငန်းစဉ်၊ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာမူဝါဒ၊ မဟာဗျူဟာနှင့် လုပ်ငန်း အစီအစဉ်၊ အစိမ်းရောင် စီးပွားရေးဆိုင်ရာ မူဘောင်နှင့် စွန့်ပစ်ပစ္စည်းစီမံမှုဆိုင်ရာမဟာ ဗျူဟာနှင့် လုပ်ငန်းစဉ်များကို နိုင်ငံတကာအဖွဲ့အစည်းများနှင့်ပူးပေါင်းပြီး ရေးဆွဲဆောင် ရွက်လျက်ရှိပါကြောင်း။

 

မိမိအနေဖြင့် နိုင်ငံတော်၏ ရှေ့ဆက်ဆောင်ရွက်မည့် အစိမ်းရောင်စီးပွားရေး ကူးပြောင်းဆောင်ရွက်မှု နည်းလမ်းများအနေဖြင့် စွမ်းအင်အသစ်နှင့် ပြန်လည်ပြည့် ဖြိုးမြဲ စွမ်းအင်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အချိန်ကာလသတ်မှတ်ချက်နှင့်အတူ ပြန်လည်ပြည့်ဖြိုး မြဲ စွမ်းအင်အသုံးပြုရေးအတွက် ရည်မှန်းချက် ပန်းတိုင်များချမှတ်ခြင်း၊ စွမ်းအင်၊ ရေ၊ မြေနှင့် ဇီဝမျိုးစုံမျိုးကွဲများကို ထိန်းသိမ်းခြင်းနှင့် အကျိုးရှိစွာ အသုံးချနိုင်ရေးအတွက် တိုးမြှင့် ဆောင်ရွက်ခြင်း၊ စားသုံးမှုနှင့် ထုတ်လုပ်မှုပုံစံဆိုင်ရာ အပြုအမူနှင့် အလေ့အကျင့်ကောင်း များ ပြောင်းလဲခြင်း၊   စွန့်ပစ်ပစ္စည်းကို အရင်းအမြစ်တစ်ခုအဖြစ် အလေးထား စဉ်းစားရမည့် အခြေခံသဘောတရားများ ပြောင်းလဲခြင်း၊ဆန်းသစ်တီထွင်ဖန်တီးမှုများကို အထောက်အပံ့ ဖြစ်စေမည့် စီပွားရေးဆိုင်ရာမက်လုံးပေးမှုများနှင့် ဘဏ္ဍာရေးဆိုင်ရာ ယန္တရားများ ဖန်တီးခြင်းနှင့် အခွင့်အလမ်းများ ပေါ်ထွက်လာစေရေးအတွက် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုး ရေးနှင့် ပညာရေးမြှင့်တင်ခြင်းတို့ကို ဖော်ညွှန်းလိုပါကြောင်း။

 

ဖိုရမ်အစီအစဉ်တွင် အစိမ်းရောင်စီးပွားရေး အစိမ်းရောင်ဖွံ့ဖြိုးမှုကို မြှင့်တင်နိုင်ရန် မူဝါဒများ၊ မဟာဗျူဟာများ၊  ဘဏ္ဍာရေးကိစ္စများ၊ နည်းပညာများ၊  အကောင်းဆုံးစီမံခန့်ခွဲမှု များ၊  ပညာရေး၊ စွမ်းဆောင်ရည်မြှင့်တင်ရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု များကို ဆွေးနွေး သွားမည်ဟု  သိရပါကြောင်း၊ ခေါင်းစဉ်များသည် ကဏ္ဍအလိုက် သင့်လျော်သည့် အဆိုပြုမှုများ၊ အသိပညာပိုင်းဆိုင်ရာများနှင့် ပတ်သက်ပြီး ကျယ်ကျယ် ပြန့်ပြန့်ဆွေးနွေးနိုင်ရန် အတွက် ပြည့်စုံသည့် အစီအစဉ်တစ်ရပ်အနေဖြင့် အထောက်အကူ ဖြစ်စေပါကြောင်း။

 

ဖိုရမ်မှ ထွက်ပေါ်လာမည့် ဆွေးနွေးညှိနှိုင်းမှုရလဒ်များသည် ပြည်သူအားလုံး၏ အကျိုး စီးပွား အတွက် မြန်မာနိုင်ငံတွင် အစိမ်းရောင်စီးပွားရေးဖွံ့ဖြိုးမှုကို အလေးထား ဆောင်ရွက်နိုင်ရန် အသုံးဝင်သည့် အကြံဉာဏ်များ၊ ထည့်သွင်းဆောင်ရွက်ရမည့် အချက်အလက်များ ပံ့ပိုးပေးနိုင်မည်ဟု မိမိအနေဖြင့် ယုံကြည်ပါကြောင်းပြောကြားသည်။

 

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ကမ္ဘာလုံးဆိုင်ရာ သဘောတူညီချက်နှစ်ခုဖြစ်သည့် ရာသီဥတုပြောင်းလဲ မှုနှင့် ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးသည် တစ်ခုနှင့်တစ်ခု ဆက်စပ်နေပါ ကြောင်း၊ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု ရေရှည်တည်မြဲစေရန်နှင့် အထောက်အကူ ဖြစ်စေရန်အတွက် အစိမ်းရောင်စီးပွားရေးဆိုင်ရာ ချဉ်းကပ်မှုနှင့် အစိမ်းရောင်စီးပွားရေး မူဝါဒမူဘောင် ရေးဆွဲရန်ဆုံးဖြတ်ခဲ့ပါကြောင်း။

 

မြန်မာနိုင်ငံသည် ရေရှည်ဖွံ့ဖြိုးရေးနှင့်ပတ်သက်၍ အိမ်နီချင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက သူမတူသည့် အခွင့်အလမ်းများရှိပါကြောင်း၊ အစိမ်းရောင် စီးပွားရေး လမ်းစဉ်ကို လျှောက်လှမ်းရန်စတင်ရမည့် အချိန်သည် ယခုအချိန် ပင်ဖြစ်ပါ ကြောင်း၊ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ရာသီဥတု ပြောင်းလဲမှုကြောင့် ထိခိုက်ခံစားရအလွယ်ဆုံးသော နိုင်ငံများ အနက် တစ်ခုအပါအဝင် ဖြစ်သည့်အတွက် နိုင်ငံသားများ၊ နိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးမှုကို ကာကွယ်စောင့်ရှောက်နိုင်ရန်နှင့် နိုင်ငံ၏ သဘာဝအရင်းအမြစ်များကို ရေရှည်တည်တံ့အောင် စီမံခန့်ခွဲရန် အလွန်ပင် အရေးကြီး ပါကြောင်း ပြောကြားသည်။

 

ထို့နောက် အစိမ်းရောင်စီးပွားရေးနှင့် အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်ရေးအသင်း အဖွဲ့ဝင် ဦးတင်ဝင်းအောင်၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး Mr. Vikram Misri၊   နော်ဝေသံအမတ်ကြီး Mr. Tone Tinnes နှင့် Global Enviroment Action မှ Director General ဖြစ်သူ Madam Wakako Hironaka တို့က နှုတ်ခွန်းဆက်စကားများ ပြောကြား ကြပြီး အစိမ်းရောင်းစီးပွားရေးနှင့် အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်ရေးအသင်း တည်ထောင်သူ  ပါမောက္ခ ဦးနေထွန်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ ဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

 

အခမ်းအနားအပြီးတွင် နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုဝန်ကြီးများ၊ ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ကြသည့် ဧည့်သည်တော်များနှင့်အတူ စုပေါင်း၍ မှတ်တမ်း တင်ဓာတ်ပုံရိုက်ကြသည်။

 

နံနက်၁ဝနာရီခွဲတွင် ပဥ္စမအကြိမ် အစိမ်းရောင်စီးပွားရေး အစိမ်းရောင်ဖွံ့ဖြိုးတိုး တက်မှု ဖိုရမ်ကို အစီအစဉ်အတိုင်း ဆက်လက်ကျင်းပရာ ပြည်တွင်း ပြည်ပမှ မှဆွေးနွေးသူ ၈၀ ကျော် တက်ရောက်ဆွေးနွေးခဲ့ကြောင်းနှင့် ယခုဖိုရမ်သည် စဉ်ဆက်မပြတ်ရှိစေမှုနှင့် ပြန်လည်ဖွံ့ဖြိုးလာစေရန် အားလုံးပူးပေါင်းပါဝင် ချဉ်းကပ်လုပ် ဆောင်မှုအတွက် လမ်းကြောင်းဖော်ဆောင်ပေးနိုင်မည့်အပြင် စားပွဲဝိုင်းဆွေးနွေးပွဲများ၊ စုပေါင်းတင်ပြချက် များသည် မူဝါဒများ၊ မဟာဗျူဟာများ၊ ကောင်းမွန်သော စီမံခန့်ခွဲမှုများ၊ ရင်းနှီးမြှုပ်နှံမှုများ၊ သိပ္ပံနှင့် နည်းပညာများအတွက် အကျယ်တဝင့် ရေးသားချက် များကို အထောက် အကူပြု နိုင်မည်ဖြစ်သည်။

 

ယခုဖိုရမ်ကို အစိမ်းရောင်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများ “လက်ရှိကာလ၏ အရေးတကြီးလိုအပ်မှုနဲ့ စံနမူနာပြောင်းလဲမှုအတွက် ဘယ်လိုဆောင်ရွက်မလဲ” (Greening of Economic Growth, Challenges and opportunities-The Urgency of Now and How for Transformational Paradigm Change)ဆိုသည့်ခေါင်းစဉ်ဖြင့် ကျင်းပခြင်း ဖြစ်ပြီး လတ်တလော ဦးတည်နေသည့်  အလားအလာများကို ပြောင်းလဲပြီး ကြုံတွေ့ရမည့်စိန်ခေါ်မှုများနှင့်  ပြဿနာများကို ဖြေရှင်းနိုင်ရန်အတွက် လိုအပ်သည့် ဆောင်ရွက်မှုများကို ခြုံငုံမိစေရန် ရည်ရွယ်ခြင်း ဖြစ်သည့်အတွက် အရေးပါပြီး အချိန်ကိုက် ဖြစ်နေကြောင်းသိရသည်။

 

ပဥ္စမအကြိမ်အစိမ်းရောင်စီးပွားရေး အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်မှုဖိုရမ်ကို မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန -၂ ၌ နိုဝင်ဘာ ၃၀ ရက်အထိ ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။