ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့အကြား ပူးတွဲ ကြေညာချက်

Printer-friendly versionSend by email

ပေကျင်း ဩဂုတ် ၁၉

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့အကြား ပူးတွဲကြေညာချက်ကို ယနေ့ရက်စွဲဖြင့် ထုတ်ပြန်လိုက်ကြောင်း သိရှိရသည်။

 

အဆိုပါ ပူးတွဲကြေညာချက် အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့အကြား ပူးတွဲ ကြေညာချက်

၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် မစ္စတာလီခချန်း၏ ဖိတ်ကြားချက် အရ ၂ဝ၁၆ ခုနှစ်၊ ဩဂုတ်လ ၁၇ ရက်မှ ၂၁ ရက်အထိ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ တရားဝင်ခရီး သွားရောက်ခဲ့ပါသည်။ ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာရှီကျင့်ဖျင်နှင့် တွေ့ဆုံခဲ့ပါသည်။ ထို့ပြင် နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် မစ္စတာ လီခချန်းနှင့် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပြီး တရုတ် အမျိုးသားပြည်သူ့ ကွန်ဂရက် အမြဲတမ်း ကော်မတီဥက္ကဋ္ဌ မစ္စတာကျန်းတဲ့ကျန်း နှင့်လည်း တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။ နှစ်ဖက်လုံးမှ အစဉ်အလာရှိသော ချစ်ကြည် ရင်းနှီးမှုကို အနာဂတ်ကာလတွင် ဆက်လက်ဖော်ဆောင်ရေးနှင့် နှစ်နိုင်ငံအကြား ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေး တိုးတက်စေရေးတို့အပေါ် အလေးအနက် အမြင်ချင်း ဖလှယ်ခဲ့ကြပြီး အရေးပါသော တူညီဆန္ဒများ ချမှတ်နိုင်ခဲ့ပါသည်။

 

၂။ နှစ်ဖက်လုံးက မြန်မာ-တရုတ် ''ဆွေမျိုးပေါက်ဖော်'' ချစ်ကြည်ရေးနှင့် မြန်မာ နိုင်ငံနှင့် တရုတ် နိုင်ငံတို့သည် ငြိမ်းချမ်းစွာ အတူယှဉ် တွဲနေထိုင်ရေး မူကြီး(၅)ရပ်ကို အတူတကွဖော် ထုတ်ခဲ့ကြသည့် နိုင်ငံများဖြစ်ကြသည့် အားလျော်စွာ အဆိုပါ မူကြီးများကို ဆက်လက် ထိန်းသိမ်းကျင့်သုံးရေးနှင့် အပြန်အလှန်လေးစားမှု၊ အပြန်အလှန်ယုံကြည်မှု၊ တန်းတူညီမျှရေးနှင့် အပြန်အလှန် အကျိုးဖြစ်ထွန်းမှု တို့ကိုအခြေခံ၍ နှစ်နိုင်ငံဆက်ဆံရေး တိုးတက်ဖြစ်ပေါ်စေရေး အတွက် အတူတကွ ကြိုးပမ်းသွားကြရန် ဆွေးနွေးခဲ့ကြပါသည်။ နှစ်ဖက်အကြား အိမ်နီးချင်းကောင်း ပီသသော မူဝါဒကို ဆက်လက်ကျင့် သုံးသွား မည်ဖြစ်ပြီး နှစ်ဖက်ပြည်သူများ၏ အကျိုးစီးပွားနှင့် နှစ်နိုင်ငံလုံးအတွက် ပိုမိုကောင်းမွန်သော တည်ငြိမ်ရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးသည့် အကျိုးတူ ပူးပေါင်းဆောင် ရွက်ခြင်းဖြင့် နှစ်နိုင်ငံ ဆက်ဆံရေးကို မြှင့်တင်သွားမည်ဖြစ်ကြောင်း အတည်ပြုခဲ့ကြ ပါသည်။ နှစ်ဖက်အကြား ပြည်သူများ၏ အကျိုးစီးပွားကို အစဉ်ရှေ့တန်းတင်ရေးနှင့် ရေရှည်အကျိုးကိုမျှော်၍ ပြီးပြည့်စုံပြီး မဟာဗျူဟာကျသော မိတ်ဖက် ပူးပေါင်း ဆောင်ရွက်မှုတွင် တိုးတက်အောင်မြင်မှု အသစ်များရရှိရေး ဆောင်ရွက်သွားကြရန် အတည်ပြုခဲ့ကြ ပါသည်။

 

၃။ နှစ်နိုင်ငံအကြား အစဉ်အလာရှိသော အဆင့်မြင့်ခေါင်းဆောင်များအကြား ရင်းနှီးစွာဆက်ဆံမှုကို ဆက်လက်၍ ထိန်းသိမ်းရန်၊ မဟာဗျူဟာမြောက် ဆက်သွယ်မှုမြှင့်တင်ရန်နှင့် အုပ်ချုပ်မှုဆိုင်ရာ အတွေ့အကြုံ ဖလှယ်မှု ပိုမို နက်ရှိုင်းစေရန်တို့ကို သဘောတူခဲ့ကြပါသည်။ နှစ်နိုင်ငံအကြား အဆင့် အသီးသီး တွင် အထူးသဖြင့် နိုင်ငံရေးပါတီများနှင့် ပြည်သူများအကြား ချစ်ကြည် ရင်းနှီးမှု ဖလှယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကို မြှင့်တင်သွားရန် သဘော တူညီခဲ့ ကြပါသည်။

 

၄။ နှစ်ဖက်နယ်စပ်ဒေသများတွင် တရားဥပဒေစိုးမိုးရေးမြှင့်တင်ရန်၊ ပြည်သူတို့၏ လူမှုဘဝဖူလုံရေးကို အထောက်အကူဖြစ်စေမည့် ကုန်သွယ်မှု၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု၊ ဖွံ့ဖြိုးတိုးတက်မှုတို့ မြှင့်တင်ရေးနှင့် အသွင်အမျိုးမျိုးဖြင့် ချစ်ကြည်ရင်းနှီးမှု ဖလှယ်ရေးတို့ကို တိုးမြှင့်ဆောင်ရွက်သွားရန် သဘော တူညီခဲ့ကြသည်။

 

၅။ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာမျက်နှာစာတွင် နီးကပ်သည့်ညှိနှိုင်းမှု ဆက်လက်ဆောင်ရွက် သွားရန် နှစ်ဖက်သဘောတူညီခဲ့ကြသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများ ရင်ဆိုင်နေရသည့် ရာသီဥတုပြောင်းလဲမှု၊ သဘာဝ ဘေးအန္တရာယ်များနှင့် ကူးစက်ရောဂါများကဲ့သို့သော စိန်ခေါ်မှုများနှင့် ကမ္ဘာလုံး ဆိုင်ရာ အရေးကိစ္စရပ် များကို နှစ်နိုင်ငံအကြား နီးကပ်စွာ ပူးပေါင်း ညှိနှိုင်းဆောင်ရွက်မှုကို ထိန်းသိမ်းသွားရန် နှစ်ဖက် သဘော တူညီခဲ့ကြသည်။

 

၆။ တရုတ်နိုင်ငံ၏ ''တစ်ခုတည်းသောရပ်ဝန်း၊ တစ်ခုတည်းသော လမ်းကြောင်းနှင့် ''ဘင်္ဂလားဒေ့ရှ်-တရုတ်-အိန္ဒိယ-မြန်မာ (BCIM) စီးပွားရေးစင်္ကြံ'' ကနဦး ဆောင်ရွက်ချက်များကို မြန်မာနိုင်ငံမှ ကြိုဆို ခဲ့ပါသည်။ နှစ်နိုင်ငံ အကြား ဖွဲ့စည်းပြီး ဖြစ်သော စီးပွားရေးနှင့် ကုန်သွယ်ရေးပူးတွဲကော်မတီ၊ စိုက်ပျိုးရေး ပူးပေါင်း ဆောင်ရွက်မှုကော်မတီနှင့် လျှပ်စစ် ပူးပေါင်းဆောင်ရွက်မှုကော်မတီများ အပါအဝင် အစိုးရ အဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်မှု ယန္တရားများကို ကောင်းမွန်စွာ ဆက်လက် အသုံးပြု သွားကြမည်ဖြစ်ပြီး စီးပွားရေး၊ ကုန်သွယ်ရေး၊ စိုက်ပျိုးရေး၊ ရေအရင်းအမြစ်၊ လျှပ်စစ်၊ ထုတ်လုပ်မှုနှင့် ဘဏ္ဍာရေး အစရှိသော ကဏ္ဍများတွင်လည်း အကျိုးတူ ပူးပေါင်းဆောင်ရွက်မှု ကို မြှင့်တင်ကြ မည်ဖြစ်ပါသည်။

 

၇။ တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ အမျိုးသားပြန်လည် စည်းလုံးညီညွတ်မှုနှင့် ပြည်သူများ၏နေထိုင်မှုဘဝမြှင့်တင်ရေးအတွက် အစိုးရ၏ အမြင်နှင့်မူဝါဒများကို အသိအမှတ်ပြုပြီး မြန်မာနိုင်ငံ၏ အမျိုးသား ပြန်လည် စည်းလုံးညီညွတ်မှုနှင့် ငြိမ်းချမ်းရေးခိုင်မာစေရန်နှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုနှင့် လူမှုရေးသဟဇာတဖြစ်မှု မြှင့်တင်ရန် ရည်ရွယ်၍ အမျိုးသားရေးအခြေအနေနှင့် ကိုက်ညီပြီး အားလုံးပါဝင်သည့် ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်း အပေါ် လျှောက် လှမ်းရေးနှင့် ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး တို့ကို ထောက်ခံခဲ့ပါသည်။တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုး တိုးတက်ရေး တို့အတွက် အစွမ်းကုန်ဆက်လက်၍ အကူအညီများပေး သွားရန်နှင့် မြန်မာပြည်သူ များ၏ လူနေမှုအဆင့်အတန်းမြှင့်တင်ရေးအတွက် ကြိုးပမ်းအားထုတ်မှု များကို ခိုင်မာသော ဆောင်ရွက်မှုများဖြင့် ပံ့ပိုးကူညီသွားရန် အသင့်ရှိမည်ဖြစ်သည်။ မြန်မာနိုင်ငံ အစိုးရ၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းဆောင်ရွက်မှုအပေါ် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ပံ့ပိုး ကူညီခြင်းအတွက် ကျေးဇူးတင်ရှိကြောင်း၊ မြန်မာနိုင်ငံ၏ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးနှင့် ညီတူညီမျှ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုစေမည့် အလုပ်အကိုင်အခွင့် အလမ်းများ ဖန်တီးပေးနိုင်မည့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံ မှုမြှင့်တင်ရေး တို့ကို မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံ အစိုးရနှင့်အတူ လက်တွဲဆောင်ရွက် ရန်အသင့်ရှိကြောင်း ထုတ်ဖော် ပြောကြားခဲ့ ပါသည်။ မြန်မာနိုင်ငံ အစိုးရအနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ တရုတ်တစ်နိုင်ငံတည်း မူဝါဒကို ထပ်လောင်း အတည်ပြုခဲ့ပြီး ထိုင်ဝမ်၊ တိဘက်နှင့် ရှင်းကျန်းဒေသ အရေးကိစ္စတို့နှင့် ပတ်သက်၍ တရုတ်နိုင်ငံ၏ ရပ်တည်ချက်အား နားလည်ကြောင်း ဖော်ပြခဲ့ ပါသည်။

 

၈။ မြန်မာ-တရုတ် နယ်စပ်ဒေသများ၌ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး ခိုင်မာစေရန်နှင့် ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရန် နှစ်ဖက် သဘောတူညီခဲ့ကြပါသည်။ မြန်မာနိုင်ငံ၌ နိုင်ငံရေး ဆွေးနွေးမှုများမှ တစ်ဆင့် ပြည်တွင်းငြိမ်းချမ်း ရေးနှင့် အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေး အတွက် အကောင် အထည်ဖော်ကြိုး ပမ်းဆောင်ရွက်မှုများကို တရုတ်နိုင်ငံ အနေဖြင့် ထောက်ခံ အားပေးခဲ့ပါသည်။ မြန်မာနိုင်ငံ၏ အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ် တို့အတွက် ကြိုးပမ်းချက်များအပေါ် တက်ကြွ၍အပြု သဘောဆောင်သည့် တရုတ်နိုင်ငံ၏ ပံ့ပိုး ကူညီမှုများ အတွက် ကျေးဇူးတင် ရှိကြောင်း ဖော်ပြခဲ့ပါသည်။

 

၉။ နိုင်ငံတော်သမ္မတ ဦးထင်ကျော်က တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင်အား မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ရန် ဖိတ်ကြားကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြား ခဲ့ရာ တရုတ်နိုင်ငံ သမ္မတက ကျေးဇူးတင်ရှိကြောင်း ဖော်ပြခဲ့ပါသည်။

 

၁ဝ။ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ၎င်း၏ တရုတ်နိုင်ငံခရီးစဉ်အတွင်း လှိုက်လှဲ နွေးထွေးစွာကြိုဆိုမှုနှင့် ထူးခြားကောင်းမွန်သော ဧည့်ဝတ်ကျေပွန်မှုများအတွက် တရုတ် ပြည်သူ့ သမ္မတနိုင်ငံ နိုင်ငံတော် ကောင်စီ ဝန်ကြီးချုပ် မစ္စတာလီခချန်းနှင့် အစိုးရအဖွဲ့ တို့ ကို ကျေးဇူး တင်ရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး ဝန်ကြီးချုပ် မစ္စတာ လီခချန်းအား မြန်မာနိုင်ငံသို့ မကြာမီ ကာလ အတွင်း၌ လာရောက်လည်ပတ်ရန် ဖိတ်ကြားခဲ့ရာ တရုတ်နိုင်ငံတော် ကောင်စီဝန်ကြီးချုပ်က ဖိတ်ကြားချက်အား ဝမ်းမြောက်စွာ လက်ခံခဲ့ပါသည်။