ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သမ္မတ၏ အိန္ဒိယနိုင်ငံခရီးစဉ်အတွင်း ထုတ်ပြန်သော ပူးတွဲကြေညာချက်

Printer-friendly versionSend by email

၁။ အိန္ဒိယသမ္မတနိုင်ငံ၏သမ္မတ ရှရီ ပရာနာ့ဗ် မူကာဂျီး၏ ဖိတ်ကြားချက်အရ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် ဇနီးဖြစ်သူ ဒေါ်စုစုလွင် လိုက်ပါလျက် ၂၀၁၆ ခုနှစ်၊ ဩဂုတ်လ ၂၇ ရက်နေ့မှ ၃၀ ရက်နေ့အထိ အိန္ဒိယသမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက် ခဲ့ပါသည်။ အိန္ဒိယနိုင်ငံခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတသည် ဗုဒ္ဓဂယာနှင့် အာဂရာ အပါအဝင် သမိုင်းကြောင်းနှင့် ယဉ်ကျေးမှုအရ အရေးပါသော နေရာများသို့လည်း သွားရောက် ခဲ့ပါသည်။

 

၂။ ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတနှင့်အတူ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ အလုပ်သမား၊ လူဝင်မှုနှင့် ပြည်သူ့စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး နှင့် အခြားအဆင့်မြင့်အရာရှိများ လိုက်ပါခဲ့ကြပါသည်။ အိန္ဒိယသမ္မတသည် နိုင်ငံတော်သမ္မတ ဦးထင်ကျော်အား ဩဂုတ်လ ၂၉  ရက်နေ့တွင် အိန္ဒိယသမ္မတ၏ အိမ်တော် (Rashtrapati Bhavan) ၌ တရားဝင် အခမ်းအနားဖြင့် ကြိုဆိုခဲ့ပြီးနောက် ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ပါသည်။

 

၃။ နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် မဟတ္တမဂန္ဒီ၏ အထိမ်းအမှတ် ဂူဗိမ္မာန်သို့ သွားရောက် ဂါရဝပြုခဲ့ပါသည်။

 

၄။ နိုင်ငံတော်သမ္မတ ဦးထင်ကျော်အား  အိန္ဒိယပြည်ပရေးရာဝန်ကြီး မစ္စစ်ဆူရှမာ ဆွာရာ့ရ်မှ နယူး ဒေလီမြို့၌ လာရောက်တွေ့ဆုံဂါရဝပြုခဲ့ပါသည်။

 

၅။ အိန္ဒိယနိုင်ငံတော်အကြီးအကဲက နိုင်ငံတော်သမ္မတဦးထင်ကျော်အား ၂၀၁၆ ခုနှစ်၊ ဧပြီလတွင် အစိုးရသစ် တက်လာပြီးနောက် အိန္ဒိယနိုင်ငံသမ္မတက သမ္မတဦးထင်ကျော်အား မြန်မာနိုင်ငံ၌ ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ အထွေထွေရွေးကောက်ပွဲ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အောင်မြင်မှုအပေါ် ချီးကျူးဂုဏ်ပြု၍ ဒီမိုကရေစီ အဖွဲ့အစည်းများ ဖွံ့ဖြိုးတိုးတက်ရေး အပါအဝင် မြန်မာပြည်သူ အားလုံး၏ ကောင်းကျိုးချမ်းသာအတွက် မြန်မာအစိုးရသစ်၏ ဆောင်ရွက်ချက်များအားလုံးကို ထောက်ခံကြောင်း ပြောကြားခဲ့ပါသည်။ နှစ်နိုင်ငံ သမ္မတတို့သည် လွှတ်တော် စည်းမျဉ်းဥပဒေ၊ လုပ်ငန်းစဉ်နှင့် ကျင့်ထုံးများ၊ ပြည်ထောင်စုနှင့် ပြည်နယ် ဆက်ဆံရေး၊ အာဏာနှင့် အရင်းအမြစ်များ ခွဲဝေရေးဆိုင်ရာ  အိန္ဒိယနိုင်ငံ၏ ကိုယ်ပိုင် အတွေ့အကြုံများကို ဝေမျှရန် ကမ်းလှမ်းခဲ့ပါသည်။

 

၆။ သမ္မတဦးထင်ကျော်သည်  အိန္ဒိယသမ္မတ၊ ဝန်ကြီးချုပ်တို့နှင့် နှစ်နိုင်ငံဆက်ဆံရေးဆိုင်ရာ ကိစ္စရပ် များနှင့် နှစ်နိုင်ငံအကျိုးတူဆိုင်ရာ ဒေသဆိုင်ရာနှင့် အပြည်ပြည်ဆိုင်ရာကိစ္စများနှင့်စပ်လျဉ်း၍ ကျယ်ပြန့်စွာ ဆွေးနွေးခဲ့ကြပါသည်။ နှစ်နိုင်ငံဆက်ဆံရေးဆိုင်ရာ ကိစ္စရပ်များအပေါ် ပြန်လည်သုံးသပ် ဆွေးနွေးကြရာ၌  နှစ်နိုင်ငံအတွင်းသာမက ဒေသတွင်း တည်ငြိမ်ရေး၊ ငြိမ်းချမ်းရေးနှင့် ပြည့်စုံကြွယ်ဝမှု တို့အတွက် အထောက်အကူ ဖြစ်စေရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန်အလို့ငှာ နှစ်နိုင်ငံအကြား ပိုမို ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ကြောင်း နှစ်ဖက်သဘောတူညီခဲ့ကြပါသည်။ ပူးတွဲဆွေးနွေး ညှိနှိုင်းမှုကော်မရှင်၊ နိုင်ငံခြားရေးဝန်ကြီးဌာနများအကြား ညှိနှိုင်းဆွေးနွေးပွဲ၊ ပူးတွဲ ကုန်သွယ်ရေး ကော်မတီ၊ နိုင်ငံတော် အဆင့်နှင့် ဒေသအဆင့် အစည်းအဝေးများ၊ ဒေသဆိုင်ရာ နယ်ခြားရေးရာ ကော်မတီ၊ နယ်ခြား ဆက်ဆံရေး အစည်းအဝေးများ၊ မြေတိုင်းဦးစီးဌာန အကြီးအကဲများ အစည်းအဝေး အစရှိသော လက်ရှိ နှစ်နိုင်ငံ အဖွဲ့အစည်းများဆိုင်ရာ ယန္တရားများ၏ မူဘောင်အတွင်း ဆွေးနွေးမှုများ ဆက်လက် တိုးမြှင့် လုပ်ဆောင်သွားရေးအတွက် ထောက်ခံကြောင်း ပြောကြား ခဲ့ကြပါသည်။

 

၇။ အိန္ဒိယ ခေါင်းဆောင်ပိုင်းက မြန်မာအစိုးရ၏ (၂၁) ရာစု ပင်လုံညီလာခံဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဖေါ်ဆောင်နေမှုကို ထောက်ခံကြောင်း ဖော်ပြခဲ့ကြပါသည်။

 

၈။ မြန်မာ-အိန္ဒိယ နယ်စပ်တစ်လျှောက် တည်ငြိမ်အေးချမ်းမှု ထိန်းသိမ်းရေးအတွက် အရေးကြီးသော နှစ်နိုင်ငံ လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်ရေး အတွက်လည်း ထပ်လောင်း ကတိကဝတ်ပြုခဲ့ကြပါသည်။ အကြမ်းဖက်ဝါဒ၏ အန္တရာယ်နှင့် နည်းလမ်း အမျိုးမျိုးဖြင့် လှုပ်ရှားလျက်ရှိသည့် သောင်းကျန်းမှုလုပ်ရပ်အားလုံးတို့ကို တိုက်ဖျက်ရန် ထပ်လောင်း ကတိပြုခဲ့ ကြပါသည်။ တစ်နိုင်ငံ၏ အချုပ်အခြာနှင့် ပိုင်နယ်နယ်မြေ တည်တံ့ခိုင်မြဲရေးကို တစ်နိုင်ငံက လေးစားကြောင်းနှင့် တစ်နိုင်ငံကို ရန်လိုတိုက်ခိုက်ရန် အခြားတစ်နိုင်ငံ၏ နယ်မြေကို အသုံးပြုခွင့်အား မည်သည့် သောင်းကျန်းသူအုပ်စုကိုမျှ ခွင့်မပြုရေးမူကို ဆက်လက်ကျင့်သုံးရန်လည်း နှစ်ဖက်လုံးက ထပ်လောင်း ပြောကြားခဲ့ကြပါသည်။

 

နယ်စပ်ဒေသများ၌ တည်ငြိမ်အေးချမ်း လုံခြုံမှုရှိစေရေး အလုံးစုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီး သည့် အလျောက် နှစ်ဖက်လုံခြုံရေးတပ်ဖွဲ့များနှင့် နယ်ခြားစောင့် တပ်ဖွဲ့ဝင်များအကြား အချင်းချင်း ပိုမို ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ကြောင်း အလေးအနက် ဆွေးနွေးခဲ့ကြပါသည်။

 

၉။ နှစ်နိုင်ငံ နယ်စပ်တစ်လျှောက်လုံး၏ လုံခြုံမှုနှင့် တည်ငြိမ်အေးချမ်းမှုတို့ကို ထိန်းသိမ်းရန်အတွက် ခိုင်မာသော နယ်စပ်စီမံခန့်ခွဲရေး၏ အရေးပါမှုကို နှစ်ဖက်စလုံးက ဖေါ်ညွှန်းဆွေးနွေးခဲ့ကြပါသည်။

 

၁၀။ ပင်လယ်ရေကြောင်းလုံခြုံရေးအတွက် လက်ရှိဆောင်ရွက်နေသည့် နှစ်ဖက်ဆွေးနွေးပွဲများကို ရည်ညွှန်းလျှက် ဘင်္ဂလားပင်လယ်အော်အတွင်း ပင်လယ်ရေကြောင်း လုံခြုံရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုသည် နှစ်နိုင်ငံလုံးအတွက် အရေးကြီးကြောင်း နှစ်ဖက်သဘောတူညီခဲ့ကြပါသည်။

 

၁၁။ နှစ်နိုင်ငံ ဆက်သွယ်မှု၊ စွမ်းဆောင်ရည်မြှင့်တင်ရေး၊ ကျန်းမာရေးနှင့် ပညာရေးဆိုင်ရာ အခြေခံ အဆောက်အအုံ၊ စိုက်ပျိုးရေး၊ သတင်းအချက်အလက်နည်းပညာ၊ စက်မှုဆိုင်ရာ သင်တန်းနှင့် သင်တန်း အစီအစဉ် အမျိုးမျိုးအပါအဝင် အခြားသောကဏ္ဍများတွင် အိန္ဒိယအစိုးရ၏ နည်းပညာနှင့် ဘဏ္ဍာရေး ဆိုင်ရာ ကူညီထောက်ပံ့မှုများဖြင့် ဆောင်ရွက်ဆဲဖြစ်သည့် ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်း ဆောင်ရွက်ရေး လုပ်ငန်းစဉ် များကို နှစ်ဖက် ပြန်လည်သုံးသပ်ခဲ့ကြပါသည်။

 

၁၂။ ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး ပို့ဆောင်ရေး စီမံကိန်း အကောင်အထည်ဖော်ဆောင်မှု၏ တိုးတက်မှု အခြေအနေကိုလည်း နှစ်ဖက်လုံးက အားရကျေနပ်မှု ရှိကြောင်း ပြောကြားခဲ့ကြပါသည်။  ယင်းစီမံကိန်း၏ စစ်တွေနှင့် ပလက်ဝအကြား လုပ်ငန်းပိုင်းကို ၂၀၁၆ခုနှစ်၊ ဒီဇင်ဘာလ မတိုင်မီ အပြီးဆောင်ရွက်ရန်နှင့် လုပ်ငန်းလည်ပတ်မှုနှင့် ထိန်းသိမ်းမှုစနစ်များကို အဆောလျှင်ဆုံး ဆောင်ရွက် သင့်ကြောင်း နှစ်ဖက် သဘောတူညီခဲ့ကြပါသည်။ အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းမကြီး စီမံကိန်းနှင့် ဆက်စပ်နေသည့် နားလည်မှုစာချွန်လွှာ နှစ်ခု လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်းကိုလည်း နှစ်ဖက်လုံးက အားရကျေနပ်ကြောင်း ထုတ်ဖေါ်ပြောကြားခဲ့ကြပါသည်။

 

၁၃။ နယ်စပ်ဒေသနေပြည်သူများ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် အကျိုးစီးပွားအတွက် အထူးအလေးပေး ဆောင်ရွက်ရန် လိုအပ်ကြောင်း အသိအမှတ်ပြုလျှက် အိန္ဒိယ-မြန်မာ နယ်စပ်ဒေသ ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာနှင့်အညီ  အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှုနှင့် အသေးစား စီးပွားရေးစီမံကိန်းများ၊ ကားလမ်းအဆင့်မြှင့်တင်ရေး၊ စာသင်ကျောင်းများ၊ ကျန်းမာရေး ဌာနများ၊ တံတားများ၊ စိုက်ပျိုးရေးနှင့် ဆက်စပ် လေ့ကျင့်သင်တန်းပေးရေးဆိုင်ရာ ဆောင်ရွက်မှုများ ဆောင်ရွက်ခြင်းဖြင့် နယ်စပ်ဒေသ၌ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှုအတွက် အလုံးစုံဖော်ဆောင်ရာတွင် ပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်ရန် နှစ်ဖက်သဘောတူခဲ့ကြပါသည်။

 

၁၄။ အိန္ဒိယနိုင်ငံမှ နည်းပညာနှင့် ဘဏ္ဍာငွေကြေး အထောက်အပံ့ဖြင့် ရန်ကုန် ကလေးဆေးရုံနှင့် စစ်တွေ အထွေထွေဆေးရုံ အဆင့်မြှင့်တင်ရေးလုပ်ငန်း၏ သိသာသော အောင်မြင်မှုအတွက် နှစ်ဖက် ခေါင်းဆောင်များက အသိအမှတ်ပြုခဲ့ကြပါသည်။ အဆင့်မြင့် ဆေးကုသမှု အထောက်အကူပြု ပစ္စည်း များနှင့်အတူ အရေးကြီးသော ပူးပေါင်းဆောင်ရွက်မှုအတွက်မြန်မာဘက်က အိန္ဒိယဘက်ကို ကျေးဇူးတင် ရှိကြောင်း ပြောကြားခဲ့ပါသည်။မြန်မာသတင်းအချက်အလက်နှင့် နည်းပညာသိပ္ပံ (Myanmar Institute of Information Technology-MIIT) ဆောင်ရွက်နေမှုနှင့်  နေပြည်တော် ရေဆင်းတက္ကသိုလ်၌ ဆန်စပါး ဇီဝဥယျာဉ် (Rice Bio-Park) တည်ထောင်ခဲ့ခြင်းကိစ္စများအတွက် ကျေနပ်အားရမှုရှိကြောင်း နှစ်ဖက် ပြောကြားခဲ့ကြပါသည်။ နေပြည်တော်၌ စိုက်ပျိုးရေးသုတေသနနှင့် ပညာရေးဆိုင်ရာ အဆင့်မြင်ဗဟိုဌာန (Advanced Centre for Agricultural Research and Education –‌ CARE) တည်ထောင်ရေးဆိုင်ရာ တိုးတက်မှု အခြေအနေကိုလည်း သုံးသပ်ဆွေးနွေး ခဲ့ကြပါသည်။ အဆိုပါဌာနများသည် မြန်မာ့ သတင်း အချက်အလက်နှင့် စိုက်ပျိုးရေးဆိုင်ရာကဏ္ဍများ အတွက် စွမ်းဆောင်ရည် မြှင့်တင်ရေးလိုအပ်ချက်ကို ဖြည့်ဆည်းပေးရန် အကောင်းဆုံးဌာနများအဖြစ် ထွက်ပေါ်လာမည် ဖြစ်သည်။ မြန်မာနိုင်ငံ၌ ပထမတန်းစား အိုင်စီတီ လေ့ကျင့်ရေးဌာနအဖြစ် ပေါ်ပေါက် လာမည့် ရန်ကုန်မြို့ရှိ သတင်းအချက်အလက် နည်းပညာ စွမ်းရည်များ မြှင့်တင်ရေးအတွက် အိန္ဒိယ-မြန်မာစင်တာ (India-Myanmar Centre for Enhancement of IT Skills – IMCEITS)၊ ရန်ကုန်နှင့်နေပြည်တော်ရှိ ဘာသာစကား လက်တွေ့ စမ်းသပ်ခန်းများ (languages lab)၊ နေပြည်တော်ရှိ e-Resource Centre နှင့် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့ရှိ (Central Land Records Development Training Centre – CLRDTC)  အတွက် ကွန်ပျူတာ စနစ် ထည့်သွင်းရေးတို့ကို အောင်မြင်စွာ အဆင့်မြှင်တင်ဆောင်ရွက်နိုင်မှုအပေါ် နှစ်ဖက် အားရကျေနပ်မှု ရှိကြောင်း ပြောကြားခဲ့ကြပါသည်။ မြန်မာအစိုးရက ဦးစားပေးအဖြစ် မှတ်ယူထားသည့် ကဏ္ဍများ အတွက် အသေးစားဖွံ့ဖြိုးရေး စီမံကိန်းများ တာဝန်ယူဆောင်ရွက်ရေး ကူညီထောက်ပံ့ရန်လည်း အိန္ဒိယဘက်က ကမ်းလှမ်းခဲ့ပါသည်။ စိုက်ပျိုးသီးနှံ မျိုးစေ့ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များ၊ ပုဂ္ဂလိကနှင့် စိုက်ပျိုးရေး လုပ်ငန်းရှင်များအား သင်တန်းပေးရေး၊ စိုက်ပျိုးနည်းစနစ်ဆိုင်ရာ သရုပ်ပြသခြင်းနှင့်  စွမ်းဆောင်ရည် မြှင်‌့တင်ရေးဆိုင်ရာ စီမံကိန်းများနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံအား အိန္ဒိယနိုင်ငံက အကူအညီပေးရန် ကမ်းလှမ်းခဲ့ပါသည်။ နှစ်နိုင်ငံစက်မှုလုပ်ငန်း လိုအပ်ချက်များကို ဖြည့်ဆည်းရန်နှင့် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေးအတွက် လုပ်ငန်းကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ သတင်းအချက်အလက်များ ဖလှယ်ရန်လည်း နှစ်ဖက်သဘောတူညီ ခဲ့ကြပါသည်။

 

၁၅။ ကုန်သွယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ အထူးသဖြင့် စိုက်ပျိုးရေး၊ ဘဏ်လုပ်ငန်း၊ လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဏများ၌ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးအတွက် နှစ်ဖက် သဘောတူညီ ခဲ့ကြပါသည်။ နှစ်နိုင်ငံအကြား ကုန်သွယ်မှုသည် ကမ္ဘာ့ကုန်သွယ်ရေး အခြေအနေများအပေါ် လိုက်လျော ညီထွေ တုံ့ပြန်နိုင်စွမ်းရှိကြောင်း ပြသနိုင်ခဲ့သဖြင့် ကျေနပ်အားရကြောင်း ထုတ်ဖော် ပြောကြားခဲ့ကြ ပါသည်။ နှစ်နိုင်ငံ ကုန်သွယ်ရေးအတွက် ကြန့်ကြာမှု အဟန့်အတားအမျိုးမျိုးကို ဖော်ထုတ် ဖယ်ရှားကြရန် သဘောတူညီခဲ့ကြပါသည်။ ယင်းကိစ္စနှင့် စပ်လျဉ်း၍ ၂၀၁၆ ခုနှစ်၊ မေလက ရန်ကုန်မြို့၌ ကျင်းပခဲ့သော အိန္ဒိယ-မြန်မာ စီးပွားရေး သီးသန့်ဆွေးနွေးပွဲသို့ အိန္ဒိယ ကုန်သွယ်ရေး ဝန်ကြီး ဦးဆောင်သည့် အိန္ဒိယ စီးပွားရေး အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပြီး အကျိုးရှိသော သုံးသပ်ဆွေးနွေးချက်များ အပေါ် နှစ်ဖက်လုံးက ကျေနပ်အားရကြောင်း အသိအမှတ်ပြု ခဲ့ကြပါသည်။ အိန္ဒိယကုမ္ပဏီများ အနေဖြင့် မြန်မာနိုင်ငံ၏ ဆေးရုံ၊ မော်တော်ယာဉ်ကဏ္ဍများ၌ ရင်းနှီး မြှုပ်နှံရန် ပြင်ဆင်လျှက်ရှိကြောင်းနှင့် ချောမွေ့စွာ ဆောင်ရွက်နိုင်ရေးမြန်မာဘက်က ကူညီပေးစေ လိုကြောင်း အိန္ဒိယဘက်ကပြောကြားခဲ့ပါသည်။

 

၁၆။ မြန်မာနိုင်ငံ၌ အိန္ဒိယနိုင်ငံတော်ဘဏ်၏ ဘဏ်ခွဲဖွင့်လှစ်ရန် လိုင်စင်ထုတ်ပေးခဲ့မှုကို အိန္ဒိယ ခေါင်းဆောင်ပိုင်းက ကျေးဇူးတင်ရှိကြောင်း ပြောကြားလျှက် ယင်းဘဏ်ခွဲရုံး ဖွင့်လှစ်ရေးအတွက် အကူအညီပေးရန် ပန်ကြားခဲ့ပါသည်။ နှစ်နိုင်ငံ ကုန်သွယ်မှုနှင့် ရောင်းဝယ်ဖောက်ကားမှု ချဲ့ထွင်ရေး အတွက် တိုက်ရိုက်ဆက်သွယ်ဆောင်ရွက်သည့် ဘဏ်လုပ်ငန်း စတင်လည်ပတ်နိုင်ရေးက ကြီးစွာ အထောက်အကူ ဖြစ်စေသည်ဟု နှစ်ဖက်လုံးက ယုံကြည်ကြောင်း ထုတ်ဖေါ်ပြောကြားခဲ့ကြပါသည်။ 

 

၁၇။ နယ်စပ်ဈေးများမှတစ်ဆင့် ကုန်သွယ်မှု စတင်နိုင်ရေးအတွက် နယ်စပ်ဈေးများ ဖွင့်လှစ် လည်ပတ် နိုင်မည့် နည်းလမ်းများကို မကြာမီသဘောတူညီမှု ရရှိနိုင်ရေးအတွက် နှစ်ဖက်လုံးက မျှော်လင့်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ကြပါသည်။

 

၁၈။ မြန်မာနိုင်ငံမှ ပဲမျိုးစုံ ကုန်သွယ်တင်ပို့ရောင်းချရေးအတွက်  ဆက်သွယ် စီမံဆောင်ရွက်မှုသည် မြန်မာ ပဲစိုက်တောင်သူများနှင့် အိန္ဒိယ စားသုံးသူများအတွက် နှစ်ဖက် အကျိုးဖြစ်ထွန်းစေမည် ဖြစ်ကြောင်း နှစ်ဖက်လုံးက သဘောတူညီခဲ့ကြပါသည်။ မြန်မာ ပဲစိုက်တောင်သူများကို အရည်အသွေး ကောင်းမွန်သော ပဲများစိုက်ပျိုးထုတ်လုပ်နိုင်မှု တိုးမြှင့်ရန်နှင့် အိန္ဒိယဈေးကွက်သို့ ပိုမိုထိုးဖောက် ဝင်ရောက်နိုင်စွမ်းရှိစေရေးအတွက် အိန္ဒိယကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်မှုပြုရန် နှစ်ဖက်လုံးက အားပေး ထောက်ခံခဲ့ကြပါသည်။

 

၁၉။ ၂၀၁၆ ခုနှစ်၊ ဧပြီလ ၈ ရက်နေ့မှစတင်ပြီး  မိုရေး-တမူးနယ်စပ်ကို ဖြတ်၍ အိန္ဒိယဘက်က လျှပ်စစ် စွမ်းအား ဖြန့်ဖြူးပေးခဲ့မှုကို နိုင်ငံတော်သမ္မတက ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပါသည်။ ယင်းသို့ ဖြန့်ဖြူးမှုသည် ပမာဏအနည်းငယ်သာ ရှိသေးသော်လည်း နှစ်နိုင်ငံ ပြည်သူများ၏ အကျိုးစီးပွား အတွက် နှစ်နိုင်ငံအကြား ပိုမိုပေါင်းစည်း လုပ်ကိုင်နိုင်ရန် နှစ်ဖက်သဘော တူညီခဲ့ကြပါသည်။ အနာဂတ်ကာလတွင် လျှပ်စစ်စွမ်းအား တိုးမြှင့်ဖြန့်ဖြူးနိုင်ရေးအတွက် ဖြန့်ဖြူးမှုကွန်ယက် အခြေခံ အဆောက်အအုံအဆင့် မြှင့်တင်ရေးကို နှစ်ဖက် အလေးထား စဉ်းစားကြမည်ဖြစ်ပါသည်။

 

၂၀။ အဓိကကျလှသော လျှပ်စစ်စွမ်းအင်ကဏ္ဍ၌ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု မူဘောင်ကို ချမှတ် ဆောင်ရွက်နိုင်ရန် အလို့ငှာ နှစ်နိုင်ငံအကြား နားလည်မှု စာချွန်လွှာ ရေးထိုးဆောင်ရွက်ရန် နှစ်ဖက် ခေါင်းဆောင်များက ဆုံးဖြတ်ခဲ့ကြပါသည်။

 

၂၁။ လျှပ်စစ်ဓါတ်အားထုတ်လုပ်မှု ကုန်ကျစရိတ်သက်သာစေရန်နှင့် ထုတ်လုပ်မှု စွမ်းအား တိုးတက် စေရေး ပူးပေါင်းဆောင်ရွက်ရန်နှင့် လျှပ်စစ်စွမ်းအင် လိုအပ်ချက် ပြဿနာကို ဖြေရှင်းရန် အလို့ငှာ နေရောင်ခြည် စွမ်းအင်အရင်းအမြစ် ကြွယ်ဝသော နိုင်ငံများအတွက် ရည်ရွယ်သော အပြည်ပြည် ဆိုင်ရာ နေရောင်ခြည်စွမ်းအင် မိတ်ဖက် စွန့်ဦးလုပ်ဆောင်မှု (International Solar Alliance Initiative) ၌ ပါဝင် ဆောင်ရွက်ရန် အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံအား ဖိတ်ခေါ်ပါသည်။

 

၂၂။ အိန္ဒိယကုမ္ပဏီများသည် ရေနံရှာဖွေရေးနှင့် ဟိုက်ဒရိုကာဗွန် ပိုက်လိုင်းကဏ္ဍများ၌ ဆောင်ရွက် လုပ်ကိုင်လျှက်ရှိသည်ကို အသိအမှတ်ပြုကြောင်းနှင့် ယင်းသို့ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် သဘောတူခဲ့ကြပါသည်။ ရေနံဓာတုနှင့် ရေနံထုတ်ကုန်ဆိုင်ရာ ဈေးကွက်အခြေခံ အဆောက်အအုံနှင့်  LMP terminal များ ဖွဲ့စည်းတည်ဆောက်ရေး အတွက် တင်ဒါ ဝင်ရောက်ယှဉ်ပြိုင်ရန် အိန္ဒိယ ကုမ္ပဏီ များ ကို ဖိတ်ခေါ်ရန်မြန်မာဘက်က သဘောတူညီခဲ့ပါသည်။

 

၂၃။ နှစ်နိုင်ငံအကြား လက်ရှိ ယဉ်ကျေးမှု အပြန်အလှန်ဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်ရေး အခြေအနေကို ပြန်လည်သုံးသပ်လျှက်၊ ယဉ်ကျေးမှုနှင့် ပညာရေး ကဏ္ဍများတွင် အပြန်အလှန်ဖလှယ်မှု ပိုမို တိုးမြှင့်ရေးအတွက် သဘောတူညီခဲ့ကြပါသည်။ Archaeological Survey of India ၏ ပုဂံရှိ အာနန္ဒာဘုရား ပြုပြင်မွမ်းမံရေးစီမံကိန်း ဆောင်ရွက်ဆဲလုပ်ငန်းများကို အားရကျေနပ်ကြောင်း နှစ်ဖက်လုံးက ပြောကြားခဲ့ကြပါသည်။ ဗုဒ္ဓဂယာရှိ မင်းတုန်းမင်းနှင့် ဘကြီးတော်မင်းတို့၏ ကျောက်စာ ပြုပြင် ထိန်းသိမ်းရေး စီမံကိန်းကိုလည်း  အိန္ဒိယအစိုးရ၏ ဘဏ္ဍာငွေကြေး အထောက်အပံ့ဖြင့် Archaeological Survey of India ကပင် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အိန္ဒိယဘက်က အတည်ပြု ပြောကြားခဲ့ပါသည်။ မွမ်းမံပြင်ဆင်ခြင်းနှင့် ပြုပြင် ထိန်းသိမ်းရေး လုပ်ငန်းများအတွက် ပူးတွဲ နည်းပညာအထောက်အပံ့ပေးအပ်ရန်လည်း နှစ်ဖက် သဘောတူညီခဲ့ကြပါသည်။ မြန်မာနိုင်ငံတွင် ကျင်းပခဲ့သော အိန္ဒိယပွဲတော်ကိုလည်း နှစ်ဖက်လုံးက အားရကျေနပ်ကြောင်း ထုတ်ဖေါ်ပြောကြားခဲ့ ကြပါသည်။

 

၂၄။ နှစ်နိုင်ငံ ကုန်းလမ်းနယ်စပ်ကို ဖြတ်သန်း၍ နှစ်ဖက်ပြည်သူများ ချောမွေ့စွာ ကူးသန်းသွားလာ နိုင်ရေး၊  ပြည်သူအချင်းချင်း ဆက်သွယ်မှု တိုးမြှင့်ရေးတို့အတွက် အားပေးရန် နှစ်ဖက်လုံးက သဘော တူညီခဲ့ကြပါသည်။ တမူး-မိုရေးနှင့် ရိ-ဇိုခေါဒါ နယ်စပ်ဂိတ်များ၌ လူဝင်မှုကြီးကြပ်ရေးရုံးများ ဆောလျင်စွာ ဖွင့်လှစ်ရေးကိစ္စကိုလည်း နှစ်ဖက် ဆွေးနွေးခဲ့ကြပါသည်။

 

၂၅။ နှစ်ဖက်လုံးက အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများအားလုံးတွင် နီးကပ်စွာ အတူတကွ လုပ်ကိုင် ဆောင်ရွက်ရန် ထပ်လောင်း ကတိကဝတ်ပြုခဲ့ကြပြီး၊  အပြည်ပြည်ဆိုင်ရာ အစည်းအဝေးများ၌ အရေးကြီးသော ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အမျိုးသားရေး ရပ်တည်ချက်များအ‌ပေါ် ညှိနှိုင်း ဆောင်ရွက်ရန် သဘောတူ ခဲ့ကြပါသည်။ အကြမ်းဖက်ဝါဒသည် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်ကြောင်း အသိအမှတ်ပြုကြောင်းနှင့် မည်သို့သော အကြမ်းဖက် ဆောင်ရွက်မှုမျိုးကိုမျှ လက်ခံနိုင်ဖွယ် မရှိကြောင်း အလေးအနက်ထား ပြောကြားလျှက် အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေး ဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ဥပဒေစနစ် ပိုမို အားကောင်းလာစေရေးအတွက် နှစ်ဖက်လုံးက တိုက်တွန်း ခဲ့ကြပါသည်။ ယင်းကိစ္စနှင့်စပ်လျဉ်း၍ ကုလသမဂ္ဂ၌ ဆွေးနွေးညှိနှိုင်းလျှက်ရှိသည့် နိုင်ငံတကာ အကြမ်းဖက်မှုဆိုင်ရာ ကွန်ဗင်းရှင်း (Comprehensive Convention on International Terrorism) ကို ဆောလျင်စွာ အပြီးသတ် နိုင်ရေးအတွက်  တိုက်တွန်းခဲ့ကြပါသည်။ ကုလသမဂ္ဂအဖွဲ့ကြီးကို (၂၁) ရာစု၏ လိုအပ်ချက်များနှင့် အညီ နိုင်ငံအများစုက ပိုမိုကိုယ်စားပြု နိုင်ရေး၊ ပိုမိုထိရောက်‌ကောင်းမွန်သော အဖွဲ့အစည်းကြီး ဖြစ်လာရေး အတွက် ပြုပြင်ပြောင်းလဲရေး အလုံးစုံ ကြိုးပမ်းမှုတွင် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကို ဆောလျင်စွာ ပြုပြင်ဖွဲ့စည်းရေးသည် မဖြစ်မနေ ဆောင်ရွက်ရမည့် အချက်ဖြစ်ကြောင်း အသိအမှတ် ပြုခဲ့ကြပါသည်။ ပြန်လည် တိုးချဲ့ဖွဲ့စည်းထားသော ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် အမြဲတမ်း အဖွဲ့ဝင် ဖြစ်လာရေးအတွက် အိန္ဒိယနိုင်ငံ၏ ကြိုးပမ်းမှုကို  မြန်မာနိုင်ငံက ထောက်ခံကြောင်း ထပ်လောင်း ပြောကြားခဲ့ပါသည်။

 

၂၆။ အားလုံးပါဝင်သည့် ကျယ်ပြန့်သော အမျိုးသားပြန်လည်စည်းလုံးရေးလုပ်ငန်းစဉ် အောင်မြင်ရန် ကြိုးပမ်းနေမှု အပါအဝင် အခက်အခဲများကြားမှ ဆောင်ရွက်နေဆဲဖြစ်သော ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်၌ မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုများကို အိန္ဒိယနိုင်ငံက ထောက်ခံကြောင်း ထုတ်ဖော် ပြောကြားခဲ့ပါသည်။ သက်ဆိုင်ရာ ကုလသမဂ္ဂ အစည်းအဝေး များ၌ ဆွေးနွေးစဉ်ကာလအတွင်း မြန်မာ ကိုယ်စားလှယ်အဖွဲ့နှင့် အိန္ဒိယ ကိုယ်စားလှယ်အဖွဲ့တို့အကြား နီးကပ်စွာ အတူတကွ ဆက်လက် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း နှစ်ဖက်လုံးက သဘောတူခဲ့ကြပါသည်။

 

၂၇။ ခရီးစဉ်အတွင်း အောက်ပါ နားလည်မှုစာချွန်လွှာများကို လက်မှတ်ရေးထိုးခဲ့ပါသည်-

(၁)

တိုင်းရင်းဆေးကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ

(၂)

ပြန်ပြည့်မြဲစွမ်းအင်နယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ နားလည်မှုစာချွန်လွှာ

(၃)

မြန်မာနိုင်ငံရှိ  သုံးနိုင်ငံအဝေးပြေးလမ်းမကြီး၏ တမူး-ကျီကုန်း-ကလက်ဝ အပိုင်းရှိ  တံတားများနှင့် ချဉ်းကပ်လမ်း တည်ဆောက်ရေး။ အဆင့်မြှင့်တင်ရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု နားလည်မှုစာချွန်လွှာ

(၄)    

မြန်မာနိုင်ငံရှိ သုံးနိုင်ငံ အဝေးပြေးလမ်းမကြီး၏ ပလက်ဝ-ယာကြီး ကားလမ်းအပိုင်း တည်ဆောက်ရေး။ အဆင့်မြှင့်တင်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု နားလည်မှု  စာချွန်လွှာ

 

၂၈။ ဘင်းမ်စတက် အဖွဲ့အစည်း အားဖြင့် ဒေသဆိုင်ပူးပေါင်းဆောင်ရွက်ရေးမြှင့်တင်ရန် နည်းလမ်း အသွယ်သွယ်ကို  နှစ်ဖက်လုံးက ကြိုဆိုခဲ့ကြပါသည်။  ၂၀၁၆ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်နေ့တွင် အိန္ဒိယနိုင်ငံတွင် ကျင်းပမည့်  The Outreach Summit between BRICS and BIMSTEC သို့ မြန်မာနိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ရန်ရှိပါကြောင်း မြန်မာ ဘက်က အသိပေး ပြောကြားခဲ့ပါသည်။

 

၂၉။ နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် ၎င်းနှင့်မြန်မာကိုယ်စားလှယ်အဖွဲ့တို့ အိန္ဒိယနိုင်ငံသို့ ရောက်ရှိစဉ် ကာလအတွင်း နွေးထွေး ပျူငှာစွာ ဧည့်ဝတ်ကျေပြွန်ခဲ့သည့်အတွက် အိန္ဒိယသမ္မတအား ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပါသည်။

 

၃၀။ နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် အိန္ဒိယသမ္မတနှင့် ဝန်ကြီးချုပ်တို့အား မြန်မာနိုင်ငံသို့ နှစ်ဖက် အဆင်ပြေသည့်အချိန်တွင် ချစ်ကြည်ရေးခရီး လာရောက်ပါရန်လည်း ဖိတ်ကြားခဲ့ပါသည်။ အိန္ဒိယဘက် ကလည်း နိုင်ငံတော်သမ္မတ၏ ဖိတ်ကြားချက်ကို လက်ခံလျှက် နှစ်ဖက်အဆင်ပြေမည့် နေ့ရက်အချိန်ကို  သံတမန်လမ်းကြောင်းမှတစ်ဆင့် ညှိနှိုင်းဆောင်ရွက်ကြရန် သဘော တူညီခဲ့ကြပါသည်။

 

နယူးဒေလီမြို့                  

ရက်စွဲ၊ ၂၀၁၆ခုနှစ်၊ ဩဂုတ်လ ၂၉ ရက်