“နိုင်ငံ့ဝန်ထမ်းများ မဟာသင်္ကြန်နှစ်သစ်ကူး အနားယူကာလ (၁၀)ရက်တိတိ ရရှိခံစားရေး” သတင်းထုတ်ပြန်ချက် အမှတ်၊ ၂/၂၀၁၇

Printer-friendly versionSend by email

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်သမ္မတရုံး

သတင်းထုတ်ပြန်ချက် အမှတ်၊ ၂/၂၀၁၇

၁၃၇၈ ခုနှစ်၊ တပေါင်းလဆန်း ၁၂ ရက်

(၂၀၁၇ ခုနှစ်၊ မတ်လ ၉ ရက်)

“နိုင်ငံ့ဝန်ထမ်းများ မဟာသင်္ကြန်နှစ်သစ်ကူး အနားယူကာလ (၁၀)ရက်တိတိ ရရှိခံစားရေး”

၁။      သင်္ကြန်ပွဲတော်ကာလ နှစ်သစ်ကူးရုံးပိတ်ရက် (၁၀)ရက်တိတိ သတ်မှတ်ထားရှိခဲ့ရာ ရက်ရှည်ကာလ ရုံးပိတ်ရက်ဖြစ်ခြင်း၊ ဘဏ်ပိတ်ရက် ကာလရှည်ဖြစ်ခြင်း၊ နိုင်ငံတကာနှင့် ဆက်သွယ်ဆောင်ရွက်ရာတွင် ရုံးလုပ်ငန်းများနှင့် ဘဏ်လုပ်ငန်းများ အခက်အခဲဖြစ်ပေါ်လာခြင်း၊ သယ်ယူပို့ဆောင်ရေးနှင့် ကုန်စည်စီးဆင်းမှု နှောင့်နှေးကြန့်ကြာခြင်းစသည်တို့ကို တွေ့ရှိရသဖြင့် ၂၀၁၇ ခုနှစ်အတွင်း ရုံးပိတ်ရက်နှင့် အလုပ်ပိတ်ရက် များကိုပြင်ဆင်ရန် သင့်၊ မသင့် သုံးသပ်နိုင်ရန်အတွက် ဝန်ကြီးဌာနများသို့ သဘောထားများတောင်းခံထားပါသည်။ ယင်းသို့ သဘောထားများ တောင်းခံရာတွင် သင်္ကြန်ကာလရုံးပိတ်ရက်များကို လျှော့ချခြင်းကြောင့် လျော့နည်းသွားသော ရုံးပိတ်ရက်များအား သီတင်းကျွတ် ရုံးပိတ်ရက်များ၊ တန်ဆောင်တိုင် ရုံးပိတ်ရက်များနှင့် နိုင်ငံတကာ နှစ်သစ်ကူးရုံးပိတ်ရက်များတွင် အစားထိုးဖြည့်တင်း၍ ပိတ်ရက်အရေအတွက် လျော့နည်းခြင်း မရှိစေရန်လည်း စီစဉ်ထားရှိပါသည်။ 

 

၂။      နိုင်ငံ့ဝန်ထမ်းများအနေဖြင့် နှစ်သစ်ကူးကာလတွင် မြန်မာ့ရိုးရာ ရေပက်ဖျန်း ကစားခြင်း၊ စေတီ ပုထိုးများအား ရေသပ္ပာယ်ခြင်း၊ ကျောင်းကန်ဘုရားများသို့ သွားရောက်၍ ဥပုသ်သီတင်း ဆောက်တည်ခြင်း၊ သက်ကြီးရွယ်အို ဘိုးဘွားမိဘများအား ကန်တော့ခြင်း၊ တစ်နှစ်တာကာလအတွင်း အနားယူအပန်းဖြေခြင်းများ ဆောင်ရွက်နိုင်ရန်အလို့ငှာ ရုံးပိတ်ရက် (၁၀)ရက်တိတိ ရရှိခံစားသည့် နည်းတူ နှစ်သစ်ကူးကာလတွင် ရုံးပိတ်ရက်(၅)ရက် ဖြစ်သော်လည်း အနားယူချိန်(၁၀)ရက်တိတိ ရရှိခံစားနိုင်စေရန် အလေးအနက်ထား စီစဉ် ဆောင်ရွက်လျက်ရှိပါသည်။ ယင်းအစီအစဉ်သည် ယခုနှစ်အတွက်သာ အထူးအစီအစဉ်အဖြစ် ဆောင်ရွက်ပေးခြင်း ဖြစ်ပါသည်။

 

၃။      သို့ပါ၍ နှစ်သစ်ကူးရုံးပိတ်ရက် ရက်ရှည်ကာလလျှော့ချသော်လည်း ရုံးပိတ်ရက် အရေအတွက် မလျော့နည်းစေရေးအတွက်လည်းကောင်း၊ ရက်ရှည်ကာလ ရုံးပိတ်ရက်များကြောင့် အစိုးရနှင့် ဘဏ်လုပ်ငန်းများ မကြန့်ကြာစေရန်အတွက်လည်းကောင်း၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့်လည်း မိမိတို့ မူလစီစဉ်ထားသည့်အတိုင်း နှစ်သစ်ကူးအနားယူကာလ(၁၀)ရက်တိတိ ရရှိခံစားနိုင်ကြစေရန်အတွက် လည်းကောင်း သက်ဆိုင်သူ အားလုံး အဆင်ပြေစေရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။