နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် ရက် ၁၀၀ လှုပ်ရှားမှု ၉ ရပ်

Printer-friendly versionSend by email

မေ ၂၀

အစိုးရသစ်၏ ရက် ၁၀၀ လှုပ်ရှားမှုအစီအစဉ်အတွင်း နယ်စပ်ရေးရာ ဝန်ကြီးဌာန၏ အကောင်အထည် ဖော်ဆောင်ရွက်မည့် စီမံချက် လုပ်ငန်းစဉ်များသည်လည်း တစ်ခန်း တစ်ကဏ္ဍ အဖြစ် ပါဝင်လျက်ရှိသည်။

ထို့ကြောင့် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို သိရှိနိုင်ရန် ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင်အား တွေ့ဆုံမေးမြန်းထားသည်။

မေး။ ပြည်သူ့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်မယ့် ဝန်ကြီးဌာနရဲ့ ရက် ၁၀ဝစီမံချက်ကို သိလိုပါတယ်။

ဖြေ။ ဝန်ကြီးဌာနအနေနဲ့ ရက် ၁၀၀ အတွင်းမှာ ပြည်သူ့ လိုအပ် ချက်တွေ ဖြည့် ဆည်း နိုင်ဖို့အတွက် လုပ်ငန်းစဉ် (၉) ရပ် ချမှတ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါ တယ်။

လုပ်ငန်းစဉ် (၁) အနေနဲ့ နိုင်ငံတစ်ဝန်းမှာဖြစ်ပေါ်နေတဲ့ ရာသီဥတု အခြေအနေကြောင့် နယ်စပ်ဒေသတွေမှာ သောက်သုံးရေနဲ့ စိုက်ပျိုးရေ ရှားပါးတဲ့အတွက် ကျေးရွာအချို့မှာမိုးရာသီ အတွင်း ရေစုဆောင်းနိုင်ဖို့ ရည်ရွယ်ပြီး ရေတွင်း၊ ရေ ကန်တွေ ပြန်လည်ပြုပြင် ခြင်း၊ အသစ် တူးဖော်ခြင်း လုပ်ငန်းတွေကို အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါတယ်။

လုပ်ငန်းစဉ်(၂)ကတော့ ဝန်ကြီးဌာနရဲ့ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် အတွင်းမှာ အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးခဲ့တဲ့ တည်ဆောက်ရေး လုပ်ငန်းတွေကို သတ်မှတ် စံချိန်စံညွှန်းတွေနဲ့အညီ အရည်အသွေးပြည့်မီ မှု ရှိ၊ မရှိနဲ့ အားနည်းချက်၊ အားသာချက်တွေကို ဒေသအလိုက် လုပ်ငန်းစစ်ဆေးရေးအဖွဲ့တွေ ဖွဲ့စည်းပြီး ကွင်းဆင်းစစ်ဆေးဆောင် ရွက်သွားမှာ ဖြစ်ပါတယ်။

လုပ်ငန်းစဉ် (၃) အဖြစ် ၂၀၁၆ ခုနှစ်အတွင်း ရာသီဥတုဖောက်ပြန်မှုကြောင့် ပျက်စီး ဆုံးရှုံးခဲ့တဲ့ ဌာနပိုင်လမ်း၊ တံတားနဲ့ အဆောက်အအုံတွေ ပြန် လည်ပြုပြင်ရေး လုပ်ငန်းတွေ ပြီးစီးအောင် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

လုပ်ငန်းစဉ် (၄) အနေနဲ့ ရခိုင်ပြည်နယ် အပါအဝင် အခြားဒေသတွေမှာ ရှိတဲ့ ရွှေ့ပြောင်း ဒုက္ခသည် IDP တွေကို ပြန်လည်နေရာချထားရေးနှင့် စပ်လျဉ်းပြီး ပြည်နယ်/ တိုင်းဒေသကြီး အစိုးရအဖွဲ့တွေက စီမံ တင်ပြ တောင်းခံ လာရင် နိုင်ငံတော်အစိုးရရဲ့ မူဝါဒ၊ လမ်းညွှန်ချက်တွေနဲ့ အညီ အခြားသောဝန်ကြီး ဌာနတွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး တန်ဖိုးနည်း နေအိမ်တွေ၊ လမ်း၊ တံတား၊ ရေရရှိရေး တွေ ပါဝင်တဲ့ တည်ဆောက် ရေးလုပ်ငန်းတွေနဲ့ စားနပ်ရိက္ခာဖူလုံရေးကိုပါ အကောင်အထည် ဖော်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

လုပ်ငန်းစဉ် (၅) ကတော့ ဝန်ကြီးဌာနမှာရှိတဲ့ အရာထမ်း၊ အမှုထမ်းတွေနဲ့ ဆရာ၊ဆရာမတွေကို လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေး မွမ်းမံသင် တန်းတွေ ဖွင့်လှစ် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

လုပ်ငန်းစဉ် (၆) အဖြစ်နယ်စပ်ဒေသတွေမှာရှိတဲ့ တိုင်းရင်းသား၊ တိုင်းရင်းသူတွေ ကို ပြည်ထောင်စု စိတ်ဓာတ်ရင့်သန်ခိုင်မာရေး၊ တိုင်းရင်းသား ယဉ်ကျေးမှုဖလှယ်ရေး၊ ချစ်ခင်စည်းလုံး ညီညွတ်ရေးနဲ့ ဒေသန္တရ ဗဟုသုတ ရရှိ ရေးတို့အတွက် နေပြည်တော်၊ ရန်ကုန်နဲ့မန္တလေးမြို့တွေ ကို လေ့လာရေးခရီးစဉ်တွေ စီစဉ်ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။

လုပ်ငန်းစဉ် (၇) အနေနဲ့ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှာ ဆောင်ရွက်ဖို့ ခွင့်ပြုထားပြီးဖြစ်တဲ့ တည်ဆောက်ရေးလုပ်ငန်းတွေထဲက ဝန်ကြီးဌာန အစီအစဉ်နဲ့ ဆောင်ရွက်နိုင်မယ့် တည်ဆောက် ရေး လုပ်ငန်းတွေ ကို ဆောင်ရွက်ပြီး မဆောင်ရွက်နိုင်သေးတဲ့ တည်ဆောက်ရေး လုပ်ငန်းတွေ ကို လုပ်ငန်းအပ်နှံဆောင်ရွက်နိုင်ဖို့အတွက် လုပ်ထုံး လုပ်နည်းနဲ့အညီ ပွင့်လင်းမြင်သာစွာ တင်ဒါခေါ် ယူနိုင်ရေး ဆောင်ရွက် သွားမှာ ဖြစ်တယ်။

လုပ်ငန်းစဉ် (၈) အဖြစ် အဂတိလိုက်စားမှုနဲ့ လာဘ်ပေးလာဘ်ယူ ပပျောက်စေရေး အတွက် အရာထမ်း၊ အမှုထမ်းတွေကို အသိပညာပေးခြင်း၊ အဂတိလိုက်စားမှုကို ဖြစ်ပေါ်စေနိုင်တဲ့ ကိစ္စရပ်တွေ ကြိုတင် ကာကွယ်နိုင် ဖို့အတွက် ရုံးလုံခြုံရေးစနစ်ကို အဆင့်မြှင့်တင်ခြင်းတွေ ဆောင်ရွက်လျက်ရှိ ပါတယ်။

လုပ်ငန်းစဉ် (၉) ကတော့ ဝန်ကြီးဌာနကဖွင့်လှစ်ထားတဲ့ အမျိုးသမီး အိမ်တွင်းမှု သက်မွေး လုပ်ငန်း ပညာသင်တန်းကျောင်းတွေက တိုင်းရင်းသူလေးတွေကိုရန်ကုန်မြို့ ဗဟိုလေ့ကျင့်ရေး ကျောင်းမှာ အဆင့်မြင့် မော်တာစက်ချုပ်သင်တန်းကို ၂၀၁၆ ခုနှစ် ဇွန်လမှာ ၁၀၀၊ ဇူလိုင်လမှာ ၁၀၀ သင်ကြားပို့ချပေးပြီး အသိအမှတ်ပြုလက်မှတ် တွေ ထုတ်ပေးမယ်။ ဆက်လက်ပြီး အဲဒီ သင်တန်းဆင်းတွေကို ပုဂ္ဂလိက အထည်ချုပ် လုပ်ငန်းတွေမှာ ကျွမ်းကျင်ဝန်ထမ်းတွေအဖြစ် ခန့်အပ်ပေးနိုင်ရေး သက်ဆိုင်ရာ ဌာန တွေနဲ့ ညှိနှိုင်းဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။ထို့အတူ ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်မှာရှိတဲ့ အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာ သင်တန်းကျောင်းတွေမှာ ရိုးရာဂျပ်ခုတ်၊ ရက်ကန်း သင်တန်းတွေကို ငွေအရင်းအနှီးနဲ့ နည်းပညာတွေပံ့ပိုးကူညီပေးပြီး ရိုးရာအဝတ်အထည်များကို ဈေးကွက်ရရှိရေးဆောင်ရွက် သွားမှာဖြစ်ပါတယ်။

မေး။ ဝန်ကြီးအနေနဲ့ ဖြည့်စွက်ပြောကြား လိုတာရှိရင် ပြောပြပေးပါဦး။

ဖြေ။ ဝန်ကြီးဌာနရဲ့ မဟာဗျူဟာကတော့နယ်စပ်ဒေသ ဖွံ့ဖြိုးရေးအတွက် နိုင်ငံတော်မှ ချမှတ် ထားသော ပြည်သူ ဗဟိုပြုဖွံ့ဖြိုးရေး မူဝါဒ(People Centered Development Policy)ပေါ်မှာ အခြေခံပြီး နယ်စပ်ဒေသမှာ ရှိတဲ့ ပြည်သူတွေရဲ့ လိုအင်ဆန္ဒတွေ ကို ပြည်သူ့စွမ်းအားဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရန်ဖြစ်ပါတယ်။

အဲဒီ မဟာဗျူဟာနဲ့အညီ တိုင်းရင်းသားလူမျိုးတွေရဲ့ ဒေသဖွံ့ဖြိုး တိုးတက်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အခြေခံအဆောက်အအုံတွေကို အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါတယ်။