အိန္ဒိယအစိုးရတပ်နှင့် နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီတို့ မြန်မာနိုင်ငံ နယ်နိမိတ်အတွင်း တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု မီဒီယာအချို့က မှားယွင်းဖော်ပြခဲ့မှုနှင့် ပတ်သက်၍ တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်

Printer-friendly versionSend by email

နေပြည်တော် ဩဂုတ် ၂၁

မြန်မာနိုင်ငံနယ်စပ်တွင် ဩဂုတ် ၁၉ ရက်က အိန္ဒိယအစိုးရတပ်နှင့် နာဂ အမျိုးသားဆိုရှယ်လစ်ကောင်စီ NSCN (K)တို့ သုံးနာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အိန္ဒိယအစိုးရတပ်မှ ထိခိုက်ကျဆုံးမှုများကြောင်း၊ အနည်းဆုံး လူ ၃ဝ ခန့်ရှိသည့် အိန္ဒိယအစိုးရတပ်များက မြန်မာနိုင်ငံဧရိယာအတွင်း ဝင်ရောက် ပစ်ခတ် ခဲ့ခြင်း ဖြစ်ကြောင်း၊ အိန္ဒိယအစိုးရတပ်ဖွဲ့များသည် လေထီးတပ်သား ၁၂ ဦးကို ဦးစွာ စေလွှတ်ပြီး ကျန်မြေပြင်တပ်က မြန်မာနိုင်ငံအတွင်း ဝင်ရောက်လာကြောင်း၊ အိန္ဒိယအစိုးရတပ်က မြန်မာနိုင်ငံ နယ်နိမိတ် အတွင်း စစ်ဆင်ရေးတစ်ခု ပြုလုပ်ခဲ့ကြောင်း စသည်ဖြင့် နာဂတပ်ဖွဲ့ကထုတ်ပြန်သည့် သတင်း ဇာစ်မြစ်ကို ကိုးကား၍ ပြည်တွင်းအင်တာနက်သတင်းနှင့် အိန္ဒိယသတင်းမီဒီယာအချို့က ရေးသား ဖော်ပြခဲ့ကြောင်း၊ မြေပြင်သတင်းစိစစ်ချက်များအရ ဩဂုတ် ၁၉ ရက် နံနက် ၆ နာရီခွဲမှ ၉ နာရီအထိ NSCN (K) အဖွဲ့နှင့် NSCN (IM) အဖွဲ့တို့ မြန်မာ-အိန္ဒိယနှစ်နိုင်ငံနယ်စပ် နယ်နိမိတ် မှတ်တိုင်အမှတ် ၁၅၁ ၏ အနောက်ဘက် တစ်မိုင်ခန့်အကွာ အိန္ဒိယနိုင်ငံအတွင်း လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများ ကြားရကြောင်း၊ ရွှေလောကျေးရွာ ခန့်မှန်းမြေပုံညွှန်း(GE-၁၄၈၃၆ဝ) အုပ်ချုပ်ရေးမှူးက ယမ်းကြုံးကျေးရွာ ခန့်မှန်းမြေပုံညွှန်း (GE-၂၅၇၄၁၅) ရှိ တပ်မတော်စစ်ကြောင်း ထံသို့ သတင်းပေးပို့ခဲ့ပြီး သတင်း ရရှိလျှင် ရရှိချင်း နှစ်နိုင်ငံနယ်စပ်မျဉ်းအနီး ကျယ်ပြန့်စွာ လှုပ်ရှားနေ သည့် တပ်မတော်စစ်ကြောင်း များကလည်း မိမိနယ်မြေအလိုက် တစ်ဖက်နိုင်ငံမှ လက်နက်ကိုင် အဖွဲ့အစည်းများ ဝင်ရောက်လာမှုမရှိစေရေး ပိတ်ဆို့ထားပြီး စောင့်ကြည့်လျက်ရှိကြောင်း။

 

မြန်မာနိုင်ငံအနေဖြင့် အိမ်နီးချင်းနိုင်ငံများနှင့်ပတ်သက်၍ မိမိနိုင်ငံကို အခြေပြုကာ တစ်ဖက်နိုင်ငံ အစိုးရကို နှောင့်ယှက်ဖျက်ဆီးသည့် မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းကိုမဆို နယ်မြေအသုံးချခွင့် မပြုကြောင်း၊ အားမပေးကြောင်း၊ လက်မခံကြောင်းတို့အား နှစ်နိုင်ငံတပ်မတော်ခေါင်းဆောင်များ အချင်းချင်း တွေ့ဆုံဆွေးနွေးစဉ်တိုင်းတွင် အလေးအနက်ထားပြောကြားလျက် ရှိကြောင်း၊ ၎င်းအပြင် မြန်မာ့ တပ်မတော် အနေဖြင့်လည်း နှစ်နိုင်ငံတပ်မတော် အချင်းချင်း နယ်စပ်တပ်စခန်းအဆင့် ဆွေးနွေးပွဲများ ပြုလုပ်၍ တပ်မတော် အချင်းချင်း မိမိနယ်မြေအလိုက် အပြိုင်ကင်းလှည့်ခြင်း၊ သတင်း ဖလှယ်၍ အထောက်အကူပြု ဆောင်ရွက်ခြင်းများလည်း ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ သို့ဖြစ်၍ အိန္ဒိယ အစိုးရတပ်နှင့် နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ NSCN (K) တို့ မိမိနိုင်ငံ နယ်နိမိတ်အတွင်း တိုက်ပွဲ ဖြစ်ပွားခဲ့သည့် သတင်းမှာ မှန်ကန်မှုမရှိပါကြောင်း တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့က သတင်း ထုတ်ပြန်ထားသည်။