မြန်မာ-အိန္ဒိယ နယ်နိမိတ် ခြံစည်းရိုး ကာရံခြင်းအား စာချုပ်ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်သွားမည်

Printer-friendly versionSend by email

နေပြည်တော် ဇန်နဝါရီ ၉

မြန်မာ-အိန္ဒိယနယ်နိမိတ်မှတ်တိုင် ဘီပီ-၁၄၅ နှင့် ဘီပီ-၁၄၆ အကြား မြန်မာဘက်မှ ခြံစည်းရိုး ကာရံမည့် အစီအစဉ်နှင့်စပ်လျဉ်း၍ အဆိုပါ နယ်စပ်ဒေသမှ သတင်းများထွက်ပေါ်နေခြင်းအပေါ် အခြေအနေမှန်နှင့် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား နယ်စပ်ရေးရာများ ညှိနှိုင်းဆောင်ရွက်လျက် ရှိနေခြင်းကို အများပြည်သူသိရှိနိုင်ရန် နိုင်ငံခြားရေးဝန်ကြီးဌာနက ရှင်းလင်းချက် ထုတ်ပြန် ထားကြောင်း သိရသည်။

 

အဆိုပါ ရှင်းလင်းချက်တွင် မြန်မာ-အိန္ဒိယ နယ်နိမိတ်မှတ်တိုင် ဘီပီ-၁၄၅ နှင့် ဘီပီ-၁၄၆ အကြား မြန်မာဘက်မှ ခြံစည်းရိုးကာရံမည့် အစီအစဉ်၏ အဓိကရည်ရွယ်ချက်မှာ နှစ်နိုင်ငံအကြား နယ်နိမိတ် အား ကျော်လွန်၍ မြန်မာ့ ပိုင်နက်နယ်မြေအတွင်း အဆောက်အအုံများ ဆောက်လုပ်ခြင်း မရှိစေရန် အတွက် ဖြစ်ကြောင်း၊ နယ်နိမိတ်မျဉ်းအနီး နေထိုင်သည့် နှစ်ဖက်ဒေသနေ ပြည်သူများ၏ ထုံးတမ်းစဉ်လာနှင့်အညီ တရားဝင်နည်းလမ်းဖြင့် နယ်နိမိတ်အား ပုံမှန် ဝင်/ထွက်သွားလာမှုကို ကန့်သတ်ရန်ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ခြင်းမဟုတ်ကြောင်း၊ မိမိဘက် ဒေသ အာဏာပိုင်များ အနေဖြင့် နယ်စပ်စီမံခန့်ခွဲမှုကို ဆောင်ရွက်ရာတွင် ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန် အတွက် ဖြစ်ကြောင်း ဖော်ပြထားသည်။

 

ထို့ပြင် ခြံစည်းရိုးကာရံမှုတွင် မြန်မာဘက်အနေဖြင့် အိန္ဒိယဘက်နှင့် ညှိနှိုင်းထားပြီး နှစ်နိုင်ငံအကြား ချုပ်ဆိုထားသည့် နယ်နိမိတ်စာချုပ်ပါ ပြဋ္ဌာန်းချက်များအပါအဝင် အစည်းအဝေး သဘော တူညီချက် များနှင့်အညီ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ မြန်မာဘက်အနေဖြင့် ခြံစည်းရိုးကို နယ်နိမိတ်မျဉ်းမှ ၁၀ မီတာအကွာ အဆောက်အအုံများ မဆောက်လုပ်ရန် တားမြစ်ထားသည့် ၁၀ မီတာ ပြင်ပ မြန်မာပိုင် နယ်မြေအတွင်း ဆောင်ရွက်ရန် ရှိကြောင်းနှင့် ယင်းသို့ ဆောင်ရွက်ရာတွင်လည်း နယ်စပ်နေ ပြည်သူများ အဆင်ပြေစေရန် လိုအပ် သည့် နေရာများတွင် ဝင်/ထွက်သည့် အပေါက်များ၊ တံခါးများ စီစဉ်ဆောင်ရွက်ပေးရန်ရှိပါကြောင်း ဖော်ပြထားသည်။